ကြော်ငြာကဏ္ဍ

၈၈ မျိုးဆက် ကိုဌေးကြွယ်နှင့် ဆန်ဖရန်ဘေးဧရိယာမြန်မာကွန်မြူနီတီ တွေ့ဆုံမည်၊ မတ် ၂၉

 ၈၈ မျိုးဆက် ကိုဌေးကြွယ်နှင့် ဆန်ဖရန်ဘေးဧရိယာမြန်မာကွန်မြူနီတီ တွေ့ဆုံမည်၊ မတ် ၂၉

မိုးမခရွာဆော်ကြီး ဖိတ်စာ၊ မတ် ၈၊ ၂၀၁၃

ဖိတ်စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မှ

ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာမိသားစုများ၊ အဖွဲ့အစည်းများ ကိုယ်စား

San Francisco Burmese Community Organizers and Friends

PO Box 320207, San Francisco, CA 94130-0207

email – SFBC.contacts@gmail.com web – http://BurmeseCommunity.net

နေ့စွဲ – မတ် ၅၊ ၂၀၁၃

သို့

—- —- —- —- — — —

မြန်မာပြည်အရေး စိတ်ဝင်စားသူများနှင့် နိုးကြားလှုပ်ရှားနေသူ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ ခင်ဗျား …

အကြောင်းအရာ။  ။ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်သော ကိုဌေးကြွယ် နှင့် ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာမိသားစုများနှင့် မိတ်ဆုံဆွေးနွေးပွဲ ဖိတ်ကြားခြင်း။

အောက်ပါအစီအစဉ်အတိုင်း အမေရိကန်ပြည်သို့ လေ့လာရေးခရီးရောက်ရှိနေသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် မိမိတို့ မြန်မာမိသားစုများ ရင်းနှီး ချစ်ခင်စွာ မိတ်ဆုံဆွေးနွေးပွဲအခမ်းအနား စီစဉ်ကျင်းပလိုပါသဖြင့် ကျနော်၊ ကျမတို့က လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ ဒေသခံမြန်မာမိသားစုများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် မိတ်ဆက်ခြင်း၊ လက်ရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ လှုပ်ရှားဆောင်ရွက်မှုများ သဘောထားအမြင်များ ထုတ်ဖော် ဆွေးနွေးခြင်းနှင့် တက်ရောက်လာသူဒေသခံတို့၏ သိရှိလိုသည်တို့ကို ဖြေကြားခြင်းတို့ဖြင့် အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။


Location – Centerville Community Center, 3355 Country Dr., Fremont, CA

Date & Time – 29th March, Friday, 2013 from 5:00 PM to 9:00 PM

Program – 5:00 – 5:30 Guest Registration, 5:30 – 6:30 Light Dinner, 6:30 – 7:00 Seating, 7:00 – 9:00 Meeting with Ko Htay Kywe, Q & A, 9:00 End


အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပါရန်၊ အခမ်းအနား ပိုမိုပြည့်စုံအောင်မြင်ရေးအတွက် စေတနာ့ဝန်ထမ်း လုပ်အားပေးရန်၊ တတ်စွမ်းသမျှ အားပေးကူညီရန် အတွက်လည်း ဖိတ်ခေါ်အပ်ပါသည်။ ၀င်ကြေးသတ်မှတ်ခြင်း လုံးဝမရှိပါ။ ညနေစာဖြင့်လည်း တည်ခင်း ဧည့်ခံမည် ဖြစ်ပါသည်။ မြန်မာမိသားစုများ၏ ၀ိုင်းဝန်း မတည်မှုဖြင့် ကျင်းပမည်ဖြစ်ပြီး၊ လက်ခံရရှိသော ပံ့ပိုးမှုများဖြင့် ကိုဌေးကြွယ်အား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်မည် ဖြစ်ပါသည်။


လေးစားစွာဖြင့် …

San Francisco Burmese Community Organizers & Friends ကိုယ်စား

ဆက်သွယ်ရန် – ကိုထွန်းမြတ်ဦး (ကိုပန်းသီး) (415-571-6401)၊

West bay – ကိုမိုးကျော် (650-834-0184) ၊ ကိုတိုးလွင် (415-424-5811)၊ ကိုကျော်သူရ (415-420-1504) ၊ East bay – ကိုဂျေစင် (510-402-7779)၊ ကိုရှောင် (650-269-1165)၊  ကိုညီညီသန်း (510-940-3585)၊  Media – ကိုမောင်ရစ် (415-595-1485)


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ကိုယ်ရေးအကျဉ်း
ကိုဌေးကြွယ်ဟာ ၈၈ အရေးတော်ပုံကာလမှာ ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသားတဦးဖြစ်ပါတယ်။ ၁၉၈၈၊ မတ်လ ၁၆နေ့ မဆလ စစ်အစိုးရက ရန်ကုန်တက္ကသိုလ် အင်ယားကန်စောင်းမှာ ကျောင်းသားများကို ရက်စက်စွာ သတ်ဖြတ်နှိမ်နှင်းခဲ့တဲ့ တံတားနီအရေးအခင်းမှာ အသက်မသေဘဲ ကျန်ရစ်တဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး မတ်လ ၂၂ မှာတော့ စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ ဂျုလိုင်လမှာ ပြန်လည်လွတ်မြောက်ပြီးတဲ့နောက် ၈လေးလုံးအရေးတော်ပုံကြီး (၈လ ၈ရက် ၈၈) မှာ ရှေ့တန်းက လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ ဘီဘီစီအင်တာဗျုးများက မြန်မာတပြည်လုံးရဲ့ ဒီမိုကရေစီရေး စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပါတယ်။
စက်တင်ဘာ ၁၈ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးအဖြစ် ဆက်လက် လှုပ်ရှား တိုက်ပွဲဝင်ခဲ့သူတဦး ဖြစ်ပါတယ်။ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို စစ်တပ်က အာဏာလွှဲမပေးဘဲ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ပြင်းထန်စွာ နှိပ်ကွပ်ခဲ့ရာမှာ အခြား ကျောင်းသားများ၊ ပါတီဝင်များ၊ ဒီမိုကရေစီရေး လှုပ်ရှားသူ ပြည်သူ အများအပြား ဖမ်းဆီး နှိမ်နင်း သတ်ဖြတ်ခြင်း ခံခဲ့ကြရပါတယ်။ ၁၉၉၁ ဇူလိုင်မှာ စစ်အစိုးရက ကိုဌေးကြွယ်ကို ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလမှာ စစ်ခုံရုံးနဲ့ ထောင် ၁၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။
၂၀၀၄ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာတဲ့ ကိုဌေးကြွယ်ဟာ အခြားလွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အများအပြားနဲ့ လက်တွဲပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖြစ် ဆက်လက်ရပ်တည်ပြီး ဒီမိုကရေစီရေးနှင့် အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲများကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၆ စက်တင်ဘာမှာ ၈၈ ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို စတဲ့ ကျောင်းသားအများအပြားနဲ့အတူ စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ၂၀၀၇ ဇန်န၀ါရီမှာ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလမှာ စစ်အစိုးရကို ဆန့်ကျင်သပိတ်မှောက် ဆန္ဒပြမှုများမှာ ဦးဆောင်ခဲ့ပြန်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားအများအပြားကို ရွှေဝါရောင်တော်လှန်ရေးအကြိုကာလကတည်းက စစ်အစိုးရက ဖမ်းဆီးနှိမ်နင်းခဲ့သော်လည်း ကိုဌေးကြွယ်ကတော့ လွတ်မြောက်နေခဲ့ပြီး၊ နောက်ဆုံးမှ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ စစ်အစိုးရက ၎င်းကို အပြင်းအထန် လိုက်လံရှာဖွေ ဖမ်းဆီးခြင်းပြုနေစဉ်မှာလည်း ၀ရမ်းပြေးသဖွယ်ဖြစ်နေတဲ့ ကိုဌေးကြွယ်က ပြည်ပရေဒီယိုသတင်းဌာနများကနေတဆင့် စစ်အစိုးရရဲ့ မတရားမှုများကို အဆက်မပြတ် ဖော်ထုတ်ပြောကြားခဲ့တာကြောင့် မြန်မာပြည်သူနဲ့ နိုင်ငံတကာက မြန်မာစစ်အစိုးရရဲ့ သရုပ်မှန်ကို သိရှိနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကင်ဆာရောဂါသည်မိခင်ကို နောက်ဆုံးလာတွေ့ဖို့ ကြိုးစားတဲ့အချိန် ၂၀၀၇ အောက်တိုဘာမှာ စစ်အစိုးရက သူ့နေအိမ်မှာ ပိတ်ဆို့ ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ နောက်တလမှာ ကွယ်လွန်ခဲ့ပြီး ကိုဌေးကြွယ်ကို စစ်အစိုးရ မိခင်အသုဘကို တက်ရောက်ခွင့် မပြုဘဲ ဖမ်းဆီကန့်သတ်ထားခဲ့ပါတယ်။
တရားစွဲဆိုခြင်းမရှိဘဲ ထိန်းသိမ်းဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ကိုဌေးကြွယ်ကို ၂၀၀၈ နိုဝင်ဘာကျမှ ထောင်ဒဏ် ၆၅ နှစ် စစ်အစိုးရက ချမှတ်ခဲ့ပါတယ်။ ၎င်းကို မြန်မာပြည် အနောက်ဖျားက ဗူးသီးတောင် အကျဉ်းထောင်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ ၂၀၁၂ ဇန်န၀ါရီ ၁၃ ကျမှ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ အာဏာရလာတဲ့ စစ်အစိုးရနောက်ခံ ကြံ့ဖွံ့အစိုးရကနေ လွတ်ငြိမ်းချမ်းသားခွင့်ပေးပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အများအပြားနဲ့အတူ ကိုဌေးကြွယ်ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အကျဉ်းထောင်များက လွတ်မြောက်ပြီး ယခုအချိန်အထိ တောက်လျောက်မှာလည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ မျိုးဆက်သစ် ဒီမိုကရေစီရေး လှုပ်ရှားသူများနဲ့ လက်တွဲပြီး မြန်မာပြည်ဒီမိုကရေစီရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ ယခုအချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းလှုပ်ရှားမှုများကို တယောက်တလက် စုပေါင်း ဖော်ဆောင်နေတာကို တွေ့ရပါတယ်။
(အကိုးအကား – အင်တာနက်သတင်းများ၊ ၀ီကီပီဒီယား၊ မိုးမခမီဒီယာ)
(သတင်းဓာတ်ပုံပိုင်ရှင်အား ကူးယူဖော်ပြခွင့်ကို ကျေးဇူးတင်စွာဖြင့် ခွင့်တောင်းအပ်ပါသည်)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts