စကားပြောသော လိပ်ကလေး – Phone Shan (London Vihara)

စကားပြောသော လိပ်ကလေး

 ဘုန်းသျှံ၊ (လန်ဒန်ဝိဟာရ)၊ မတ် ၈၊ ၂၀၁၃

လိပ်ကလေးက စကားပြောတယ်လို့ဆိုလျှင် စာဖတ်သူတို့ ယုံကြည်မှု ရှိနိုင်ကြပါမလား? ယုံချင်ယုံ- မယုံချင် အင်္ဂလန်က ပုံပြင်တစ်ခုလို့သာ မှတ်ကြပါ။ တကယ်တော့ လူတွေကသာ နားမလည်ကြတာပါ၊ အဟိတ် တိရ စ္ဆာန်တွေဟာ သူတို့၏ ဘာသာဘာဝ စကားကို ပြောတတ်ကြပါတယ်။ တစ်ကောင်နဲ့ တစ်ကောင် ပြောဆိုကြတာကို သူတို့က အချင်းချင်း နားလည်ကြပါတယ်။ သာယာမြည်ကျွေး တေးကလေးတွေလည်း သီဆိုတတ်ကြလို့ ကလူကြည်ဆယ် ပျော်မြူးကြလို့ ဟိုပြန် ဒီပြေး လုပ်နေတတ်တာကို တွေ့ဘူးနေကြမှာပါ။ ဟိုရှေးရှေးကဆို လူတွေဟာ ငှက်ကလေးတို့ ပြောစကားကို နားလည်ကြသလို လူတို့၏ စကားကိုလည်း ငှက်တို့က နားလည်ကြပါတယ်။ သူတို့၏စကား ကြားပြီးတော့ အကောင်းအဆိုး အကျိုးအပြစ်တွေကို လူတို့က သိခဲ့ကြပါတယ်။ အဝေးကြီးက သတင်းစကားတွေကို သတို့က သယ်ဆောင်လာတတ်ကြလို့ ကောင်းကျိုးရလာဒ်များ လူတွေရရှိခဲ့ကြတဲ့ သာဓကများစွာ ရှိခဲ့ဘူးပါတယ်။  နဂါးနိုင်မင်းလို့ အများသိကြတဲ့ တကောင်းမင်း ရာဇာဟာ ငှက်ကလေးတို့၏ စကားကြောင့် မင်းသမီးရဲ့ အမေးပြဿနာကို ဖြေနိုင်ပြီး ရှင်ဘုရင် ဖြစ်ခဲ့တာပဲလေ။

အင်္ဂလန်မှာ နှစ်များစွာ နေနေရတဲ့ စာရေးသူတို့မှာလည်း  မနက်(၅)နာရီ  လူးလွန့်လို့ အိပ်ရာထတဲ့ အချိန်တိုင်း ငှက်ကျားကလေးတို့ရဲ့  တေးသီမှုကလေးတွေကို အမြဲတမ်း ကြားနေရတတ်ပါတယ်။ သူတို့စကား သူတို့အသံကို နားလည်မှု မရှိပေမဲ့ လူ့စိတ်ကို ကြည်လင်စေခဲ့တာတော့ အမှန်ပါပဲ။ တစ်ကောင်နဲ့တစ်ကောင် ပြောဆိုနေကြတဲ့ အသံကို နားထောင်ပြီး အော်..ငှက်ကလေးတွေတောင် အိပ်ရာထ သီချင်းဆိုနေကြပြီပဲ၊  အချိန်မှန်မှန် နိုးကြားနေတတ်တဲ့ သူတို့ရဲ့ ကျင့်ဝတ်ကလေးတွေကို အတုယူ အတူပြု အတုခိုးလို့ နေလာခဲ့တာ ဒီနေ့ထိပဲ ဆိုပါတော့။ ဟုတ်ပါတယ် သူတို့ဟာ လူသားတွေဆီက အတုယူစရာတွေ မရှိရင်သာနေမယ် သူတို့ဆီက အတုယူစရာတွေက များစွာရှိနေပါတယ်။


 ခြင်္သေ့, ဗျိုင်း, မြည်း, ခွေး, ကျီး, ကြက်ဖ,စတဲ့ သတ္တဝါတွေဟာ လူသားတို့အတွက် တန်ဖိုးဖြတ်မရတဲ့ အတုယူစရာတွေ အများကြီး ရှိတယ်လို့ နီတိဆရာကြီးများ အဆိုရှိခဲ့တာပဲ၊ ခြင်္သေ့ဟာ သားကောင်များကို ဖမ်းတဲ့နေရာ လုံးလကို အတူတူထားပါတယ်။ သားကောင်ငယ်လို့ အင်အားကို မလျော့ဘူး၊ သားကောင်ကြီးလို့ အင်အားကို မတိုးဘူး၊ ညီညီမျှမျှနဲ့ ငယ်လည်း ဒီလုံးလ၊ ကြီးလည်း ဒီလုံးလနဲ့ ဖမ်းပါတယ်။ အဲဒါလိုပါပဲ လူတွေဟာ အမှုကိစ္စတစ်ခု ဆောင်ရွက်ရာမှာ ဝီရိယကို မလျော့ပဲ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ တစ်သမတ်တည်းထားပြီး ကြိုးစားကြဖို့ ခြင်္သေ့ထံက ပညာယူရမှာပါပဲ။ ထို့အတူ ဗျိုင်းဆိုတာမျိုးဟာ ငါကိုဖမ်းတဲ့နေရာ တည်တည်ငြိမ်ငြိမ်နဲ့ စူးစူးစိုက်စိုက်နဲ့ စိတ်ကို တစ်ခြားမပျံ့လွင့်စေပဲ စောင့်ပြီး ဖမ်းတတ်ပါတယ်။ အဲဒီတည်ငြိမ်မှု စူးစိုက်မှု သမာဓိဟာ လူတွေအတုခိုးစရာ အချက်တစ်ချက်ပါပဲ။ မြည်းကလည်း ဘယ်လောက်အလုပ်လုပ် ပင်ပန်းပုံမပြဘူး၊ နောက်ပြီးတော့ အပူအအေးကိုလည်း မမှုဘူး၊ ရောင့်ရဲလွယ်တဲ့ စိတ်ရှိတယ်၊ ဒါကိုလည်း လူတွေ အတုယူပြီး စီးပွားရှာသင့်တာပါပဲ။ ခွေးဆိုတာ အရှင်သခင်အပေါ်မှာ လိုလားတောင့်တမှု အလွန်သိတဲ့ သတ္တဝါပါတဲ့၊ ကျွေးသမျှနဲ့ ရောင့်ရဲတယ်၊ အိပ်လွယ်တယ်၊ နိုးလွယ်တယ်၊ အရှင်သခင်ကို ခယ-ဆည်းကပ်တတ်တယ်၊ ရဲရင့်တယ်တဲ့။ ဒါကြောင့် မိဘ ဆရာသမား- အကြီးအကဲ အုပ်ချုပ်သူ၊ အလုပ်ရှင်တွေနဲ့ ဆက်စပ်ပြီး လူတွေဟာ ဒါတွေကိုလည်း အတုယူရမှာ ဖြစ်ပါတယ်။ 

ကျီးကန်းဆီက လေးမျိုးကို အတုယူရမယ်လို့ ဆိုပါတယ်။ အချင်းချင်း ပေါင်းသင်းဆက်ဆံပုံ၊ မေထုံမှီဝဲပုံ၊ ရန်သူကို သတိရှိပုံ၊ အပျင်းမဖက်ပုံတွေပါပဲ။ အရေးကြုံလာခဲ့ရင် အချိန်အခါ ကျလာရင် စုပေါင်းတတ်တဲ့ သူတို့စရိုက်ကို သိကြမှာပါ။ အမျိုးနဲ့ ပတ်သက်လာရင် ဝိုင်းဝန်း စုပေါင်းအော်မည် စောင့်ရှောက်တတ်ကြလို့ အမျိုးကို ချစ်တတ်တဲ့စိတ်၊ ဒီအချက်ကို မြန်မာလူမျိုးတွေ တကယ်ကို အတုယူစရာပါ။ ကျီးများဟာ အခြားတိရိ စ္ဆာန်တွေနဲ့ မတူပါဘူး၊ မမြင်ကွယ်ရာမှာသာ ပေါင်းသင်း ဆက်ဆံတတ်ကြတယ်။ ကျီးများဟာ အစားအစာ ရှာရာမှာဖြစ်ဖြစ်၊ နားနေရာမှာဖြစ်ဖြစ်၊ ရန်သူကို အမြဲသတိ ရှိနေတတ်ပါတယ်။ ဘယ်တော့မှလည်း မပျင်းကြပါဘူး။ အစားအစာ ရှာဖွေမှု၊ အမျိုးနဲ့ ပတ်သက်ရင်လည်း သူတို့သာလုပ်ပါစေ၊ ငါမသွားတော့ဘူးလို့ မရှိပါဘူး၊ မိုးရွာရွာ နေပူပူ အေးအေး ချမ်းချမ်း မငြီးမငြူပဲ အမိျုးအတွက် ပါဝင်ဆောင်ရွက် တတ်တာကို သိကြတွေ့ကြလို့ ရွှေမြန်မာတို့ အတုယူကြရမှာပါ။ ကြက်ဖကြီးကလည်း ရဲရဲဝန့်ဝန့် တိုက်ခိုက်တတ်တယ်၊ မနက်စောစော ထလေ့ရှိတယ်၊ တစ်ကိုယ်ကောင်း မဆံပဲ ဆွေမျိုးတွေနဲ့သာ အစာရှာ အတူစားလေ့ရှိတယ်၊ ကြက်မ ဒုက္ခရောက်လာရင် ကူညီတတ်တယ်၊ ဒီလေးမျိုးဟာ ကြက်ဖထံက အတုယုစရာတွေပဲပေါ့။

တစ်ခါတလေ လောကကြီးက လူတို့၏ ဆရာဖြစ်ပါသတဲ့။ လောကကြီးဟာ ဆရာလိုသဘောထားပြီး ယူတတ်ရင်ရတယ်၊ မယူတတ်ရင် မရပါဘူး။ တစ်နေ့မှာ ရှင်ဘုရင်ကြီးတစ်ပါး နန်းဆောင်ပေါ်က ကြည့်နေတယ်။ အဲဒီအချိန် သိမ်းငှက်ကြီးတစ်ကောင်က အမဲသားတုန်းကို ချီလာတယ်၊ အခြားသိမ်းငှက်တွေက ဝိုင်းလိုက်တယ်၊ ထိုးကြ ဆိတ်ကြတယ်၊ ကြာတော့ မခံနိုင်ဘူး၊ အမဲသားတုံးကို လွှတ်ချလိုက်ရတယ်၊ သိမ်းငှက်ကြီး ချမ်းသာသွားပါတယ်။ နောက်တစ်ကောင်က ကောက်ချီတယ်၊ ချီတဲ့အကောင်နောက်ကို ဝိုင်းလိုက်ကြတယ်၊ ထိုးကြ ဆိတ်ကြပြန်တယ်။ အဲဒီအကောင် ဒုက္ခရောက်တော့ သူလဲ မခံနိုင်ဘူး၊ အမဲသားတုံးကို လွှတ်လိုက်ရပြန်တယ်။ နောက်တစ်ကောင်က ကောက်ပြန်ရော၊ အဲဒီအကောင်ကို ဝိုင်းလိုက်ကြပြန်ရော။ အဲဒါတွေ မြင်ရတော့ မင်းကြီးဟာ တစ်ခါတည်း သံဝေဂတရား ဖြစ်သွားပါတယ်။ လောကကြီးမှာ ဒီလိုပစ္စည်းရှိရင် ရန်သူများပါလား၊ မရှိရင် ရန်သူကင်းပါလားလို့ ဒီလို အသိပညာ ရသွားပါတယ်။ လက္ခဏာရေးသုံးပါး တင်ပြီးတော့ ဆင်ခြင်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒါဟာ လောကထဲက အသိပညာ ရသွားပုံပါပဲ။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ၁၉၈၅=ခုနှစ်မှာ  Old Church Lane Kingsbury ရပ်ကွက် ဧရိယာ ရှေ့မျက်နှာ ၇၅-ပေ၊ အရှည် ၃၀၀-ပေ မြေနှင့်အတူ တည်ရှိတဲ့ နှစ်ပေါင်း (၇၀)ကျော်နေသော နှစ်ထပ်အိမ်ကြီးနဲ့ ထူးဆန်းအံ့ဖွယ်ရာ အကြောင်းများကို ပြောပြလိုပါတယ်။  ထိုအိမ်ကြီးကို မြန်မာလူမျိုးတို့က ဗုဒ္ဓဘာသာ အသင်းတစ်ခု ဖွဲ့စည်းပြီး စတာလင်ပေါင် တစ်သိန်းတစ်သောင်းနဲ့ ဝယ်ယူ၍ မြန်မာဘုန်းတော်ကြီးများ ချမ်းသာစွာ သီတင်းသုံး  သာသနာ ပြုနိုင်ရန်အတွက် သံဃိကကျောင်းအဖြစ် ရှေးဦးပထမ ဥရောပတိုက် အင်္ဂလန်မြေ လန်ဒန်မြို့ပေါ်မှာ  ခမ်းနားစွာ ရေစက်သွန်းချ လှူဒါန်းနိုင်ခဲ့ကြပြီး အများလှူဒါန်း ထောက်ပံ့ကြတဲ့ အလှူငွေများနဲ့ သာသနာပြု လုပ်ငန်းများကိုလည်း လုပ်ဆောင်နေခဲ့ကြပါတယ်။ ထိုကျောင်းတော်ကြီးကို မဟာစည်နာယက ဆရာတော်များ အဆက်ဆက် တာဝန်ယူလို့ သာသနာ ပြုလာခဲ့ကြပါတယ်။ ဒီလိုနဲ့ အမျိုးဘာသာ သာသနာအတွက် လုပ်ငန်းရပ်များ တစ်စုတစ်စည်း တစ်စိုက်မတ်မတ် ဆောင်ရွက်လာခဲ့ကြရာ- ၂၀၀၂-နှစ် ရောက်လာတဲ့အခါမှာတော့ အလှူငွေက အင်အားနည်းတဲ့ အခြေအနေ ဖြစ်လာခဲ့ပါပြီ၊ လက်ရှိ ရန်ပုံငွေနဲ့ဆိုလျှင်  တစ်နှစ်လောက်ပဲ လည်ပတ်နိုင်မည့် သဘောမို့ ကျောင်းတော်ကြီး တည်တန့်ရေးအတွက် စိတ်မအေးစရာ ရန်ပုံငွေ အခက်အခဲ ဖြစ်နေတဲ့ အချိန်ပါ။

တစ်နေ့မှာ ခြံစည်းရိုးပတ်လည် ပန်းပင်များစိုက်ရန် မြေကိုတူးဆွတဲ့အခါ ခြံ၏စနေထောင့် တစ်ထွာသာသာ တူးမိခဲ့တော့ ထူးခြားတဲ့ အရာတစ်ခု တွေ့ရပါတယ်။ လက်ရာမြောက်လှတဲ့ ကြေးနီကြေးဝါ ရောစပ်ပြီး ပြုလုပ်ထားတဲ့ လိပ်ရုပ်ကလေးပါ။ ဝမ်းဗိုက်မှာ နားမလည်နိုင်တဲ့ အင်းကွက် အင်းဆံ အင်းဂဏန်းတွေ စာကြောင်းတွေ ရေးထည့်ထားပါတယ်။ ဦးခေါင်းပေါ်မှာလည်း ဘုရားတစ်ဆူ တွေ့ရပါတယ်။ ကြောပေါ်မှာလည်း အင်းဂဏန်းတွေနဲ့ ဘုရားတစ်ဆူ  ပါရှိပါတယ်။ လိပ်ကလေး၏ မေးစေ့အောက်မှာလည်း ထူဆန်းတဲ့ အက္ခရာ အမှတ်အသားတွေ တွေ့ရပါတယ်။ တာဝန်ရှိသူ အားလုံးကတော့ ထူးဆန်းလှတဲ့အတွက် ဝေခွဲလို့မရ ဖြစ်နေခဲ့ကြပါတယ်။ လိပ်ရုပ်ကလေး ပေါ်လာပြီး မကြာသောကာလမှာပဲ စတာလင်ပေါင် နှစ်သိန်းခုနှစ်သောင်း အလှူငွေကို ထူးထူးခြားခြား တစ်စုတည်း တစ်ပေါင်းတည်း လှူဒါန်းတဲ့ အလှူရှင်တစ်ဦး ပေါ်ပေါက်လာခဲ့လို့ မြန်မာကျောင်းတော်ကြီးအတွက် မင်္ဂလာသတင်း ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ အမွေခံ သားသမီးမရှိတဲ့ မြန်မာအမျိုးသမီးကြီး တစ်ဦးက သူသေဆုံးသွားလျှင် ကျန်ပစ္စည်းများကို သုံးပုံပုံပြီး တစ်စုကို လန်ဒန်ဝိဟာရကျောင်းသို့ လှူဒါန်းဖို့ လုပ်ထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ကစပြီး အင်္ဂလန်နိုင်ငံမှာ  လန်ဒန်ဝိဟာရ  ကျောင်းတော်ကြီးဟာလည်း  မီလျံနာ သူဋ္ဌေးကျောင်းလို့ နာမည်ထွက်လာခဲ့ပါတယ်။ မကြာမီ ကာလတစ်ခုမှာ တာဝန်ရှိကြတဲ့ သူတွေက ထူးဆန်းတဲ့ လိပ်ရုပ်ကလေး၏ ဇစ်မြစ်သဘောအမှန်ုကို သိရအောင်လို့ လန်ဒန်မြို့- ဗြိတိသျှ-မြူစီယံမှ ရှေးဟောင်း သုတေသနဌာနသို့ အဖြေမှန်ကို ရှာဖွေပေးဖို့ ပေးအပ်ခဲ့ကြပါတယ်။ နှစ်တွေသာ ကြာသွားပါတယ် အဖြေတော့ ထွက်မလာခဲ့ပါဘူး။  ဗြိတိသျှ မြူစီယံ ရှေးဟောင်း သုတေသနဌာန၏ စတိုခန်းထဲမှာတော့  တိတ်ဆိတ်စွာ စကားမပြောနိုင်ပဲ လိပ်ကလေး အိပ်နေခဲ့တာ ၂၀၀၅-ခုနှစ် အထိပဲ ရှိခဲ့ပြီလို့ ဆိုပါတော့။

 

မုဒုံဆရာတော် အင်္ဂလန်နိုင်ငံ လန်ဒန်ဝိဟာရ မဟာစည်ကျောင်းသို့ သာသနာပြုရန် ၂၀၀၅-ခု မေလ (၁၁)ရက် ရောက်လာခဲ့တဲ့ အချိန်မှာတော့၊ ကျောင်းအမကြီး ဒေါ်ခင်မျိုးသန့်နဲ့ လိပ်ကလေးအကြောင်းကို စကားစပ်လို့ ပြောမိခဲ့ကြရာမှာ ဆရာတော်က စိတ်ဝင်စားခဲ့တာကြောင့် ပြန်ယူလို့ ရမလားဆိုတာ ဗြိတိသျှ-မြူစီယံကို သွားမေးကြပါတယ်၊ အလွယ်တကူပဲ  ထုပ်ပေး လိုက်ပါတယ်။ အဲဒီအချိန်မှာလည်း လိပ်ကလေး၏ ဇစ်မြစ်အဖြေမှန်ကို မသိခဲ့ရပါဘူး။ တာဝန်ရှိသူတို့ကလည်း မသိကြောင်းကို ဝန်ခံ ပြောဆိုကြပါတယ်။ လိပ်ရုပ်ကလေး ဆရာတော်၏ လက်ထဲသို့ ရောက်လာခဲ့တဲ့အခါ စိတ်ကူးတစ်ခု အကောင်အထည်ဖေါ်ဖို့ ပေါ်လာခဲ့ပါတယ်။ ဟိုယခင်က သဘာဝကျောက်လိပ် အရုပ်ကလေးတစ်ခု- ကျောင်းဘေး စမ်းချောင်းထဲမှာ ဆရာတော် ရခဲ့ဘူးပါတယ်။ အဲဒီ လိပ်ရုပ်ကလေးက အသက်ရှင်နေသလိုပါပဲ၊ ဖန်ဇလုံထဲမှာ ရေထည့်ပြီး သူ့ကိုထားခဲ့တာ နံနက်လင်းလာရင် နေရာရွေ့တာကို သိရတယ်။ ကျောင်းကန်တိုးတက် အောင်မြင်တာ အလှူရှင်များ ပေါ်ပေါက်တာ လိပ်ကလေးကြောင့်ပဲလားလို့ စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေပါတယ်။ ဟုတ်တာ မဟုတ်တာ၊ မှန်တာ မမှန်တာ အသာဖယ်ထားမယ်၊ တကယ်လက်တွေ့ကတော့ ကျောင်းတော်ကြီး တိုးတက်ခဲ့တာ အမှန်ပါပဲလို့ ဆရာတော်က ပြောပါတယ်။

ယခုလည်း ထူးဆန်းတဲ့ ကြေးလိပ်ရုပ်ကလေးကို စမ်းသပ်တဲ့ အနေနဲ့ သေချာစွာပွတ်တိုက် သန့်စင်ပြီးတော့ ကြွေခွက်ထဲရေထည့်ပြီး လိပ်ရုပ်ကလေးကို ထားလိုက်ပါတယ်။  လမကြာမီ အချိန်ကာလ တစ်ခုမှာ HSBC ဘဏ်ကနေ အကြောင်းကြားစာ ရောက်လာပါတယ်။ လန်ဒန်ဝိဟာရ မဟာစည်ကျောင်းအတွက် အလှူရှင် တစ်ဦးမှ  စတာလင်ပေါင် တစ်သိန်း ရှစ်ထောင် အလှူငွေ ပေးလှူလိုက်ကြောင်း သိလိုက်ရပါတယ်။ အဲဒီအချိန်က လန်ဒန်ဝိဟာရ မဟာစည်ကျောင်းမှာ ကျောင်းတော်ကြီးကို တိုးချဲ့ ပြုပြင်ရန် စီမံနေကြတဲ့ အချိန်ပါ။ လိပ်ကလေးကို ကိုင်ကြည့်ပြီး ဂန္ဘီရ ဆန်လှပါလား ဖိုးရွှေလိပ်ရယ်လို့ အတွေးတွေက မပြတ်အောင် ပေါ်လို့ လာခဲ့ပါတယ်။

ယခုအချိန်မှာတော့ လန်ဒန်ဝိဟာရ မဟာစည်ကျောင်းတော်ကြီးက တိုးတက်စည်ကားလို့ နေပါတယ်။ ပစ္စည်းလေးပါး အလှူရှင်များလည်း မပြတ်အောင် ရှိနေပါတယ်။ ကျောင်းတော်ကြီးလည်း ပြုပြင်လို့ ပြီးသွားပါပြီ၊ ချက်ပြုတ်စီမံရတာ နေရာကျယ်လို့ စိတ်ချမ်းသာကြတယ်၊ ဧည့်ခံကျွေးမွေးရတာလည်း ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်၊ ဘုရားခန်းထဲ ဝင်လိုက်လျှင်တော့ မြန်မာနိုငံ ပြန်ရောက်သွားတယ်လို့ စိတ်မှာခံစားကြရပါတယ်၊ စသည်ဖြင့် ဝမ်းမြောက်ဝမ်းသာ ပြောဆိုနေကြပါတယ်။  ဒီလို- အစစ-အရာရာ ပြည့်စုံလာတာတွေဟာ အင်္ဂလန်နိုင်ငံရောက် ဗုဒ္ဓဘာသာဝင်တို့၏ စေတနာ သဒ္ဓါတရားကြောင့်ပေလား၊ သို့မှမဟုတ် ဂန္ဘီရဆန်လှတဲ့ ကြေးရုပ်လိပ်ကလေး၏ အစွမ်းသတ္တိ ကြောင့်ပေလား၊ ဝေခွဲမရ ဖြစ်နေဆဲပါ။  တစ်နေ့ကို ပေါင်တစ်ဆယ် သို့မဟုတ် ပေါင်နှစ်ဆယ် သု့၏ဝမ်းဗိုက်အောက်မှာ ပုံမှန်တော့ ရောက်နေတတ်ပါတယ်၊  ရောက်ပုံကိုတော့ မရှင်းပြတော့ပါဘူး။ ရွှေဥတစ်လုံး- တစ်လုံး ပုံမှန်ဥပေးတတ်တဲ့ ငန်းမကြီးဟာ ပုံပြင်ထဲမှာ မဟုတ်ပဲ တကယ်ပဲ ရှိခဲ့ဘူးပါသလားလို့  ငြင်းရခက်စေမဲ့ အတွေးပြဿနာတစ်ခုက စာရေးသူ၏ စိတ်အစဉ်မှာ ယခုတိုင် ဖြစ်ပေါ်နေလျှက်ပါ။   

သတ္တဝါ မှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ…..

ဘုန်းသျှံ (လန်ဒန်ဝိဟာရ)

၀၇. ၀၃. ၂၀၁၃။

ယခုလိပ်ရုပ်ကလေးကို တတ်သိနားလည်သော ပညာရှင်များ ရှိပါက

ven.mudom@gmail.com သို့ ဆက်သွယ်၍ အဖြေမှန် ရှာဖွေပေးကြပါရန် တောင်းခံပါသည်။