တူမောင်ညို သူတို့အာဘော်

“အမျိုးသားသွေးစည်းညီညွှတ်ရေးရရှိနိုင်ဖို့ ခိုင်မာတဲ့ခြေလှမ်းသစ်တစ်ခုလှမ်းနိုင်ခဲ့ပြီ” လို့ ဆိုနေပြန်ပါလား – Tu Maung Nyo

“အမျိုးသားသွေးစည်းညီညွှတ်ရေးရရှိနိုင်ဖို့ ခိုင်မာတဲ့ခြေလှမ်းသစ်တစ်ခုလှမ်းနိုင်ခဲ့ပြီ” လို့ ဆိုနေပြန်ပါလား

တူမောင်ညို  (၂၀၁၃ ခုနှစ်၊ မတ်လ ၄ ရက်)

သမ္မတ (ဗိုလ်) ဦးသိန်းစိန်က  မတ်လ ၁ ရက် ရေဒီယိုမိန့်ခွန်းထဲမှာ (၆၆)နှစ်မြောက် “ပြည်ထောင်စုနေ့ညစာစားပွဲ” ကို သူက ဖိတ်ခေါ်ခဲ့ပေမယ့် KIO/KIA တစ်ဖွဲ့ပဲ မတက်ခဲ့လေသယောင်ပြောခဲ့ပါတယ်။

တကယ်တော့“ပြည်ထောင်စုနေ့ညစာစားပွဲ”သို့ ပဏာမသဘောတူလက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း (၄) ဖွဲ့တက်ရောက်ခြင်းမရှိပါဘူး။

            ၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၃) ဖွဲ့နှင့် ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။ အောက်ပါဇယားကိုကြည့်ပါ။

စဉ်

အဖွဲ့အစည်းအမည်

ပဏာမ သဘောတူလက်မှတ်ရေးထိုးသည့်နေ့ရက်

၁။

“ဝ” အထူးဒေသ(၂)

၂၀၁၁ ခုနှစ်၊  အောက်တိုဘာ ၁ ရက်

၂။

မိုင်းလားအထူးဒေသ (၄)

၂၀၁၁ ခုနှစ်၊  အောက်တိုဘာ ၉ ရက်

၃။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်

၎။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA)

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်

၅။

ချင်းအမျိုးသားတပ်ဦး (CNF)

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၆ ရက်

၆။

ကရင်အမျိုးသားအစည်းအရုံး (KNU)

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၁၂  ရက်

၇။

ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA)

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၂၈  ရက်

၈။

မွန်ပြည်သစ်ပါတီ (NMSP)

၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁  ရက်

၉။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)

၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၇  ရက်

၁၀။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)

၂၀၁၂ ခုနှစ်၊ မတ် ၇   ရက်

၁၁။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

၂၀၁၂ ခုနှစ်၊ ဧပြီ ၅    ရက်

၁၂။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (K)

၂၀၁၂ ခုနှစ်၊ ဧပြီ  ၉    ရက်

၁၃။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)

၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၅ ရက်

ဇယားတွင်ဖေါ်ပြထားသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း  ၁၃ ဖွဲ့အနက် “ပြည်ထောင်စုနေ့ညစာစားပွဲ” သို့ အဖွဲ့ (၉) ဖွဲ့သာတက်ရောက်ခဲ့ပါတယ်။  အောက်ပါ အဖွဲ့ ၄ ဖွဲ့တက်ရောက်ခြင်းမရှိပါ။

၁။  “ဝ”အထူးဒေသ(၂)

၂။  မိုင်းလားအထူးဒေသ(၄)

၃။  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)

၎။  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

ဖေါ်ပြပါ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့တက်ရောက်ခြင်းမရှိတာကို သမ္မတ (ဗိုလ်)ဦးသိန်းစိန်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခြင်းမရှိပါဘူး။  ဖိတ်ကြားခြင်းမရှိတာလား၊ ဖိတ်ကြားသော်လည်း တက်ရောက်ခြင်းမရှိတာလား။

ကချင်ပြည်နယ်ကစစ်ပွဲတွေကိုအကြောင်းပြုပြီး(၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတက်ရောက်ခြင်းမပြုတဲ့နိုင်ငံရေး ပါတီအချို့ရှိခဲ့ပါတယ်။

ဖေါ်ပြပါ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ခြင်းမပြုတာ ဘာ ကြောင့်လဲ။

“ပြည်ထောင်စုနေ့ညစာစားပွဲ” တက်ရောက်နိုင်ခြင်းမရှိတာဟာ(ဗိုလ်)ဦးသိန်းစိန် ရေဒီယိုမိန့်ခွန်းထဲမှာပါသလို “ကျန်ရှိနေသေး တဲ့ အခက်အခဲအမျိုးမျိုး၊အကြောင်းအမျိုးမျိုး”ထဲမှာ “၂၀၀၈ အခြေခံဥပဒေ” ကိစ္စနဲ့ သူတို့လက်နက်ကိုင်တပ်ကို စစ်တပ်ထံ လွှဲပြောင်း ပေးရမယ့်ကိစ္စတွေလည်းပါဝင်မယ်လို့ယူဆပါတယ်။

KIO/KIA အဖွဲ့ တက်ရောက်ခြင်းမရှိတာကိုပဲ ရည်ညွန်းပြောဆိုပြီး ဖေါ်ပြပါအဖွဲ့များတက်ရောက်ခြင်းမရှိတာကို သမ္မတ (ဗိုလ်) ဦးသိန်းစိန်က ထည့်သွင်းပြောဆိုခြင်းမရှိတာဟာ ထူးခြားချက်ဖြစ်ပါတယ်။

KIO/KIA အဖွဲ့မတက်ရောက်တာဟာ ပဏာမအဆင့်သဘောတူလက်မှတ်မထိုးရသေးတဲ့အတွက် တက်ရောက်ခြင်းမရှိတာလို့ စဉ်းစားနိုင်ပေမယ့် ပဏာမသဘောတူလက်မှတ်ထိုးထားတဲ့အဖွဲ့ ၄ ဖွဲ့မတက်ရောက်တာကတော့ မေးစရာနဲ့ တွေးစရာဖြစ်ပါတယ်။

 ဒါ့အပြင် “ဝ”အထူးဒေသ(၂)နဲ့ မိုင်းလားအထူးဒေသ(၄)တို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ကြပြီး (နဝတ-နအဖ) စစ်အစိုးရနဲ့ပထမဆုံးအပစ်ရပ်ခဲ့ကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။

 သမ္မတ(ဗိုလ်)ဦးသိန်းစိန်အစိုးရနဲ့လည်း ပထမဆုံး ပဏာမသဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။ အပစ်ရပ် အဖွဲ့တွေအနက်လက်နက်ကိုင်အင်အားအများဆုံးရှိတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။KIO/KIAနှင့်အစိုးရဆွေးနွေးနိုင်ရေးအတွက်“ပန်းဆန်း” မှာလာရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပန်ကြားခဲ့တဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။

ဒီလိုအဖွဲ့တွေပါဝင်တက်ရောက်လာခြင်းမရှိဘဲနဲ့ “အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် မြန်မာပြည်သူတွေ အနေနဲ့ ပေးနိုင်မယ့် အကောင်းဆုံး လက်ဆောင်တစ်ခုလို့ ပြောလို့ရတဲ့ အမျိုးသားသွေးစည်းညီညွှတ်ရေးရရှိနိုင်ဖို့ ခိုင်မာတဲ့ခြေလှမ်းသစ် တစ်ခု လှမ်းနိုင်ခဲ့ပြီ” လို့ သမ္မတ(ဗိုလ်) ဦးသိန်းစိန် ပြောတာဟာ သက်သက်မဲ့ ကြွားလုံးထုတ်တာ မဟုတ်ရင် လိမ်ညာတာပဲဖြစ်ရမယ်။

(နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ ” နဲ့ ဘယ်အစိုးရ လက်ထက်မှာမှ မရရှိဖူးတဲ့ငြိမ်းချမ်းရေးရခဲ့ပြီလို့ ကြွားလုံးထုတ်ခဲ့ဖူးပါတယ်။ သမ္မတ (ဗိုလ်) ဦးသိန်းစိန်အစိုးရလက်ထက် ပထမဆုံး သတင်းစာရှင်းလင်းပွဲ (၁၂ – ၈ – ၂၀၁၁) အထိ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ ” ဆိုတဲ့ စာရင်းကို ပြောနေခဲ့ပါသေးတယ်။ အခုတော့ “၁၁ ဖွဲ့ရှိတဲ့အနက် ၁၀ ဖွဲ့” နှင့်ပဏာမသဘောတူညီခဲ့ကြပြီ၊ KIO/KIA အဖွဲ့သာ ကျန်တော့တယ်လို့ ပြောနေပြန်ပါတယ်။

 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ ” က ဘယ်ရောက်သွားတာလဲ။ သူ့အလိုလိုဖျက်သိမ်းလိုက် တာလား။ (ဗိုလ်)ဦးသိန်းစိန်အစိုးရအဖွဲ့က ဖျက်သိမ်းလိုက်တာလား။ အဆိုပါ အဖွဲ့စာရင်းတွေ အမျိုးမျိုးဖြစ်နေတာ ဘာကြောင့်လဲ။ လောလောဆယ်မှာ ပဏာမ သဘောတူလက်မှတ်ထိုးပြီးတဲ့အဖွဲ့ ၁၃ ဖွဲ့ရှိနေပါတယ်။

စာဖတ်သူ ယခုဖတ်နေရတဲ့ ဆောင်းပါးဟာ သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ မတ်လ ၁ ရက် ရေဒီယိုမိန့်ခွန်းထဲမှာပါရှိတဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲဟာ နှစ်ပေါင်းများစွာအတွင်း ထူးထူးခြားခြား ကျင်းပနိုင်ခဲ့တာဖြစ်တယ်” ဆိုတဲ့အချက်ကိုသာ ရွေးထုတ်ပြီး ရေးသားတင်ပြခဲ့တာဖြစ်ပါတယ်။

“မတူညီတဲ့ နိုင်ငံရေး ခံယူချက်၊ သဘောထားများကြောင့် ခေတ်စနစ် အခြေအနေအရ အကျဉ်းချခံခဲ့ရသူများ”  ဆိုတဲ့ကိစ္စကို ဆက်လက်ရေးသာတင်ပြပါဦးမယ်။

             

ညွန်း

– နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်း (၁ မတ် ၂၀၁၃ )

– သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁) (၁၃ သြဂုတ် ၂၀၁၁ )

           

            


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts