ကဗျာ ကမာပုလဲ

ဝဋ်ကောင်

ကမာပုလဲ
မတ်လ ၃၊ ၂၀၁၃
ခေတ်က ပျက်တော့
အရပ်ပျက် ဇာတ်ပျက်နဲ့ လူပျက်တွေသာ ခေတ်စား …။
ခေတ်က ပျက်တော့
အဲဒီ ခေတ်ပျက်ကြီးနဲ့ လိုက်လျောညီထွေ ရှိဖို့ရာ
ကိုယ်ဟန်ပြသူတွေ ခေတ်စား
ကိုယ်ခန္ဓာကို အောက်ဈေးနဲ့ ချရောင်းနေသူတွေ ခေတ်စား
ကိုယ့်နာမည် ကိုယ် ရောင်းစားသူတွေ ခေတ်စား
ကိုယ့်ရပ်တည်ချက် ကိုယ်ချရောင်းနေသူတွေ ခေတ်စား
နှလုံးသား သစ်ခေါင်းပေါက်နဲ့ လူပျက် ဦးခေါင်းတွေ ခေတ်စား
အနုပညာလိုလို … မေတ္တာတရားလိုလို … ကြောင်သူတော်လိုလို …
သူရဲကောင်းလိုလို … ခေတ်ရှေ့ပြေးသူတွေ လိုလို …
နိဗ္ဗာန်ကို အရောက်ပို့မယ့် ဖေါင်ကူးတို့တွေလိုလို …။
ကျနော် မမွေးခင်ကတည်းက ပျက်စီးနေတဲ့ ခေတ်ပျက်ကြီး
အဲဒီ ခေတ်ပျက်ကြီးနဲ့ ကျနော် ကြီးပြင်းခဲ့
အဲဒီခေတ်ပျက်ကြီးကို အဆုံးသတ်ချင်ခဲ့
အဆုံးက သတ်သတ် … အစက သတ်သတ်
ဆန္ဒက သတ်သတ် … လက်တွေ့က သတ်သတ်
ကျောသပ်လိုက် … နားချလိုက် … ရွှေနားတော်သွင်းလိုက်
လူပျက်တွေက ခေတ်ပျက်ကြီးကို ဦးဆောင်နေတဲ့အခါ …။
ခွဲမှ စိတ်မှ
အမြစ်ကနေ ဖြတ်တောက်ပစ်မှ ဖြစ်တော့မယ့် ခေတ်ကြီး
အဲဒီ ခေတ်ကြီး မပျက်သုဉ်းသေးသရွေ့ ခေတ်က ပျက်နေဦးမှာပဲ …
ခေတ်က ပျက်တော့
အပျက် အပျက်နဲ့ ရှေ့ဆက်ရမယ့် ဘ၀ခရီးမှာ
ဘုရားသခင်ရဲ့ နောက်ဆုံးညစာ ပန်းချီကား
သက်ဝင်လှုပ်ရှား ပီပီပြင် …။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts