ကဗျာ ကမာပုလဲ

မအူပင်

ကမာပုလဲ
၂၇၊ ၂၊ ၂၀၁၃
 ဂျပန်ကြီး …
မင်းချစ်တဲ့ လယ်သမားတွေ
မင်း ထကြည့်ပါဦး ရဲဘော်ရာ …။
သဲနဲ့ ဆုပ်ပက်နေသလို
အကာအကွယ်မဲ့ စားကျက်ခန္ဓာ
ခွေးက လူကို ကန်တာ အရှင်လတ်လတ် ခံခဲ့ရ
ဝေဒနာရဲ့ လွတ်မြောက်ရာ
ခန္ဓာကိုယ်မှာ အပ်ချဖို့ နေရာ ရှာမနေနဲ့ …။
ပင်နီဖျင်ကြမ်း တိုက်ပုံကလေးမှာ
သွေးဝနေရင် တထောက်နား
မြင်လား …
မပျံနိုင်တော့လို့ တအိအိလမ်းလျှောက်နေကြတာ …။
 နိုင်ငံရေးသမား မဖမ်းဘူး
 နိုင်ငံရေးမှု မရှိဘူး
 နို့ …
မတရား ရိုက်ဒဏ်နှက်ဒဏ် ခံနေရတဲ့
လယ်သမားတွေဘက်က ရပ်တည်
အဲဒီ ကျောင်းသား ထောင်တန်း ကျတဲ့အခါ …။
၁၉၈၉ – ၉၀
ဖျာ ပေါတယ်
လယ်သမား ပေါတယ်
ခြင်တွေ ပေါတယ်
ထောင်သွင်း အကျဉ်းကျလာသူတွေ ပေါတယ်
မြစ်ဟာ ဘာမှမသိသလို ခပ်မဆိတ်စီးဆင်းနေဆဲ … ။
အသည်းပေါက်တဲ့အထိ
မမေ့နိုင်တဲ့ ညနက်နက်တွေ အကြောင်း
အုတ်ရိုးမှာ သွေးနဲ့ ကမ္ပည်းထိုးခဲ့တယ် …။ ။

+ ၁၉၈၉ – ၉၀ ကာလ မအူပင် အကျဉ်းထောင်မှ တဆင့် မအူပင်ဆေးရုံတွင် သေဆုံးချိန်ထိ ခြေထိတ်၊ လက်ထိတ်ခတ်ခံ ကျဆုံးခဲ့ရသော ဘိုကလေးမြို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြို့နယ် စည်းရုံးရေးကော်မတီဝင် ရဲဘော် ကျော်မျိုးသန့် (ခေါ်) ဂျပန်ကြီး အမှတ်တရ ဒီကဗျာကို ရေးတယ် …။

+ ဂျပန်ကြီးနှင့်အတူ ဘိုကလေးမြို့နယ် လူ့ဘောင်သစ်ပါတီမှ မြို့နယ် ဥက္ကဌ အပါအ၀င် မြို့နယ်စည်းရုံးရေးကော်မတီဝင် ( ၇ ) ဦး ဖမ်းဆီးထောင်ချခံခဲ့ရတယ်။

+ ထိုချိန်က လယ်သမားတွေအပေါ် မတရား ဖမ်းဆီး ရိုက်နှက်ကာ တာဝန်ကျေစပါး အဓမ္မ၀ယ်ယူနေမှုအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုမှ တရားဝင်စာထုတ် ကန့်ကွက်ခဲ့။

+ ထိုစာကို လူထုအတွင်း ဖြန့်ဝေပေးရန် ဗဟိုမှ ညွှန်ကြားခဲ့။

+ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့မှုအပေါ် န၀တ စစ်အစိုးရမှ ဖမ်းဆီးထောင်ချခြင်းဖြစ်။

+ ပုဒ်မများမှာ ပုံနှိပ် အက် – ၂၀ နှင့် ၅၀၅ ( ခ )တို့ ဖြစ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts