ကဗျာ ကျော်ဟုန်း

လက်ဆင့် မှာတမ်း

ကျော်ဟုန်း
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃
ကိုယ်တို့ဘဝတွေဟာ
စကားလုံးမရှိတဲ့ ဂစ်တာ
ဒါပေမယ့် …
သံစဉ်ပျောက်မသွားဘူး။
ကိုယ်တို့  ဘဝတွေဟာ
(ဝင်တာ-Winter) ရဲ့ မေဗယ်လ်
တရွက်မကျန် …
ရိုးတံဖြိုင်လဲ အသက်ရှင်။
(နွေဦးကို ရှေ့ရှုရင်း ရွက်သစ်ဝေမယ်)
(ညဥ့်ဦးကို ခိုလှုံရင်း သံစဉ်သစ်မယ်)
နားလည်ထားတယ်
ဖြစ်ခြင်းပျက်ခြင်းရဲ့ဆုံမှတ်ဟာ ဘဝတဲ့။
ဘဝ
လောကဓံကို
သစ္စာမဖောက်မှ (လူ)
အလှတရား
ရှာပုံတော်ကို
သစ္စာမဖောက်မှ (လူ)
မျိုးဆက်
ကျင့်ဝတ်ကို
သစ္စာမဖောက်မှ (လူ)
အချစ်နဲ့ သစ်ဖို့  မနက်ဖြန်ဆီ
ဖြောင့်ဖြောင့်ကြီး ချီတက်
အလှည့်ကျသူတွေတိုင်း ဆက်ချီစေ။
စကားလုံးမရှိလဲ
ဂစ်တာသံစဉ် မပျောက်စေနဲ့ 
ဝင်တာ နှင်းရိုင်းခြွေလဲ
မေဗယ်လ် အသက်မသေသလိုမျိုး။    ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts