ရသဆောင်းပါးစုံ

ဖေဖေါ်ဝါရီအမှတ်တရ စာပေဟောပြောပွဲ – ဦးဘုန်း (ဓါတု)

ဝတ်မှုန် (စင်ကာပူ)

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၃

 

ဆရာဦးဘုန်း (ဓါတု) ဗိုလ်ချုပ်အောင်ဆန်း ကဗျာကို ဂီတာတီးပြီး အားရပါးရ ဟစ်အော်သီဆိုကာ အမျိုးသားစိတ်ဓါတ် မြှင့်တင်မှုနဲ့ စတင်ပြီး၊ စာပေဟောပြောခဲ့ပါတယ်။ ပရိတ်သတ်ကလည်း အတူလိုက်လံသီဆိုပါတယ်။ ဖေဖေါ်ဝါရီ ၁၃မှ ဗိုလ်ချုပ်မွေးနေ့ပါ၊ ၁၉၁၅ ရှေ့နေဦးဖါသား။ ဇာတိနတ်မောက်မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံကြံခိုင်တဲ့ဇာနည်ဖွား မိခင်ဒေါ်စုသား…..။  တစ်ထောင်ကိုးရာ လေးဆယ့်ခွန် ပြောင်းကြတမလွန်၊ မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး၊ ပြည်ထောင်စုရဲ့ ကျေးဇူးရှင်၊ ဗိုလ်ချုပ်တို့ဖခင်၊ ကောင်းစေချင်တဲ့ မှာစကား၊ ဗိုလ်ချုပ်ချမှတ်သွာ….။ ငါ့တို့မမေ့..။ တတိယတန်းဖတ်စာက ကဗျာလေး ရေးသူဖေါ်ပြသင့်ပါတယ်။ ဆရာကြီးတင်မိုး၊ ဇ၀န၊ နုယဉ် .စသဖြင့် အတိကျမသိရပါဘူး…။

 

ဗီယက်နမ်နိုင်ငံမှာ SIM Card တွေကို အလကားပေးနေတယ်။ ဘာကြောင့်လဲဆိုတော့ SIM Card အလကားရတော့ တယ်လီဖုန်းတွေ ပြောရင်း၊ သူတို့ ဆက်သွယ်ရေးလုပ်ငန်း ၀င်ငွေတွေရမယ်။ ပြီးတော့ တိုင်းပြည် ဆက်သွယ်ရေးကောင်းလာပြီး စီးပွားလဲတိုးတက်လာတယ်။ ဒါတွေကို စာဖတ်မှ သိပါမယ်။ ထိုင်းနိုင်ငံက တာဆင် ဆိုသူ ချမ်းသာတယ်ဆိုတာ၊ ဆက်သွယ်ရေးလုပ်ငန်းကို ပိုင်ဆိုင်တယ်။ ရွှေဥတဲ့ ငန်းကို ပိုင်တယ်။

 

ပုံပြင်တစ်ခုပြောချင်ပါတယ်။

 

လေယဉ်ပျံသန်းချိန်မှာ လေယဉ်မှုးက လေယဉ်ပျက်သွားပြီ၊ ကျွန်တော်တော့ လေယာဉ်နဲ့အတူ အသေခံပါမယ်။ လေထီး၂ခု ရှိတော့ သံယာ၊ လူကြီး၊ လူငယ် (၃)ဦး လေထီး၂ခုကို ညှိနှိုင်းယူကြပါ..လို့ ပြောတယ်။ လူကြီး ဆိုတဲ့လူက သူ့မှာတိုင်းပြည်အုပ်ချုပ်မှုလုပ်ဖို့အရေးကြီးလို့ပြောပြီး လေထီးတစ်ခုကို ယူပြီးခုန်ဆင်းသွားတယ်။ အခြား၂ယောက် ဘာမှပြောချိန်မရလိုက်ဘူး။ သံယာနဲ့လူငယ်တို့ ကျန်တဲ့လေ ထီးတစ်ခုကို သူ၊ငါ အပြန်အလှန် ယူပါ၊ ပြောရင်း မျက်စိရှင်တဲ့လူငယ်က လေထီး၂ခုကျန်နေသေးတာ တွေ့ရတယ်။ ဘုန်းဘုန်းခင်ဗျ… ဟို..လူကြီးဆိုတဲ့လူ ပြာပြာနဲ့ ခုန်ဆင်း ယူသွာတဲ့ အိပ်က ကျွန်တော့် ကျောပိုးအိတ်ကြီးဗျ၊ ကျွန်တော်တို့၂ယောက်အတွက် လေထီး၂ခုရှိပါတယ်… လို့ပြောလိုက်တယ်…တဲ့။

 

လူငယ်များ အမြင့်တက်နိုင်ဖို့ စာများများ ဖတ်ရပါတယ်။ ဂရုနာဖြင့်၎င်း၊ ဦးနှောက်ဖြင့်၎င်း စာဖတ်ရပါတယ်။ လူငယ်များကို လူကြီးများက လွှတ်ထားပေးရပါတယ်။ ချုပ်ချယ်၊ကန့်သတ်မှုတွေ နည်းပါးရပါမယ်။ ကွန်ဒိုလီဇာရိုက်စ်၊ ယောမင်းကြီးဦးဖိုးလှိုင်၊ သမ္မတလင်ကွန်း၊ ဆရာမြ သန်းတင့်၊ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်း… အလွန်စာဖတ်ပါတယ်။  ဒီကနေ့ အမြင့်ပျံတက်နေတဲ့ လူငယ်များအတွက် စာဖတ်နည်း (၃)နည်းကို ပြောသွားပါတယ်။

 

(၁) မျက်စိဖြင့်စာဖတ်နည်း

သမရိုကျ ဖတ်နည်းဖြစ်ပါတယ်။ ယခုခေတ်မှာ မျက်လုံးမအားအောင်ဖြစ်နေကြောင်း၊ ဘော်လုံးပွဲကြည့်ရခြင်း၊ တီဗီကြည့်ခြင်းများကြောင့် မျက်စိနဲ့ စာဖတ်ဖို့ အချိန်နည်းလာပါတယ်။

 

(၂) နားနှင့်စာဖတ်ခြင်း

အခု စာပေဟောပြောပွဲ လာရောက်နားထောင်ခြင်းဟာ နားနဲ့စာဖတ်ခြင်းဖြစ်ပါတယ်။ ဗုဒ္ဓကိုယ်တော်မြတ် ခေတ်ကတည်းက ဘုရားဟောပြောတာကို နားထောင်ရင်း ပညာရခဲ့ကြပါတယ်။ (အနောက်နိုင်ငံများတွင် Audio Book များဖြင့် နားထောင်ရင်း ဖတ်နိုင်ပါတယ်)။

 

(၃) စာကို ခြေထောက်နှင့်ဖတ်ခြင်း

ခရီးများများ သွားခြင်းကို ဆိုလိုပါတယ်။ မာကိုပိုလို မြန်မာပြည်ရောက်ခဲ့တယ်။ သူ ဥရောပပြန်ရောက်ပြီး စာရေးရင်း သူ့စာတွေဖတ်တဲ့သူများ အာရှတိုက်အကြောင်း သိရတယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံး စာဖတ်နည်းပါပဲ။ တနည်းအားဖြင့် ခရီးများများသွားတဲ့ ခေါင်းဆောင်ဟာ အမြင်ကျယ်တဲ့အတွက် အကျယ်မြင်တဲ့ အုပ်ချုပ်သူ ဖြစ်လာပါတယ်။

 

မြန်မာပြည်မှာ စာကြည့်တိုက်ပေါင်း များစွာ ဖွင့်လှစ်တယ် ဆိုတာ၊ ဆိုင်းဘုတ်တင်ရုံပဲလား၊ စာအုပ်ငှားနိုင်ရဲ့လား ..။ စင်ကာပူမှာ ၁ တန်းကျောင်းသား သူငယ်ချင်း Geologist ဇနီးမောင်နှံရှိပါတယ်။ သူတို့သားအတွက် ကျောင်းမှာ ကျောင်းသားမိဘစုပြီး တစ်လကို ပုံပြင်တစ်ပုဒ် အင်္ဂလိပ်လို ပြောပြရတယ်။ မိခင်ဖြစ်သူ စင်ကာပူ စာကြည့်တိုက် အကြီးကြီးမှာ သွားပြီး ပြောမဲ့ပုံပြင်အတွက် စာဖတ်ရတယ်။ လေ့ကျင့်ရတယ်။ ပုံပြင်များများ ဖတ်ရတယ်။ ကိုယ်ပြောမဲ့ဟာ တခြားမိဘက အရင် ပြောသွားရင် ပြောစရာမရှိပဲ ဖြစ်သွားမှာလဲ စိုးရသေးတယ်။ စာကြည့်တိုက်တွေမှာ မိဘနဲ့ကလေး နွေးထွေးစွာ လေ့လာရတယ်။ စာဖတ်တဲ့ အလေ့ကျင့် ကျောင်းသားနဲ့မိဘ ၂ဦးစလုံးကို ပြုစုပေးရတယ်။

 

တိုင်းပြည်ကို တည်ဆောက်ဖို့ စစ်တပ်နဲ့ဆောက်ခဲ့တာ၊ တိုင်းပြည်လုံခြုံရေးအတွက် သေနပ်နဲ့စောင့်ခဲ့တာ သယံဇာတတွေ ကုန်ပါပြီ။ အခု တိုင်းပြည်လုံခြုံရေးအတွက် ဆရာများရဲ့ မြေဖြူကိုင်တဲ့ လက်နဲ့ ပြန်လည်လုပ်ရပါတယ်။ ပညာရေးကို ဦးဆောင်တဲ့ ဆရာ၊ ဆရာမများ လစာနည်းနေခြင်း၊ ပန်းရံအလုပ်သမာလောက်ပင် ၀င်ငွေမကောင်းခြင်းဟာ မဖြစ်သင့်။ အခု လွှတ်တော်မှာ ပညာရေးဆရာများအတွက် ဆွေးနွေးနေတာ ၀မ်းသာပါတယ်။

 

စုစုပေါင်း ၅၅ မိနစ် ဗွီဒီယိုကို အကျဉ်းရေးထားခြင်းဖြစ်သည်။ ကြည့်ရှုနားဆင်ရန်လင့်ခ်

http://www.youtube.com/watch?v=VjrZW7pil0w

 

ဗိုလ်ချုပ်ကဗျာ ဦးဘုန်း(ဓါတု) သီချင်းလင့်ခ်


(မှတ်ချက်။ ကျွန်တော်ကဲ့သို့ ဂီတာတီး သီချင်းဆိုဖူးသူတိုင်း  ဆရာဦးဘုန်း (ဓါတု) ဇာတိသွေးနှင့်သီဆိုသွားသော ဖေဖေါ်ဝါရီးသီချင်း Youtube ကို အထူးနှစ်သက်မည်မှာ သေချာပါသည်။ စင်ကာပူတွင်လမ်းပြကြယ် မြန်မာစာကြည့်တိုက် မြန်မာများစုရပ် ပင်နီစူလာပလာစာ ၄ ထပ်မှာ ၂၀၀၇ မှ ယခုတိုင် စာအုပ်များ အခမဲ့ငှားရမ်းပေးနေပါသည်။ စင်ကာပူက မြန်မာ ကုန်စုံဆိုင်များသည်လဲ စာအုပ်များကို ရောင်းလဲရောင်း၊ ငှာလဲငှားပေးနေကြပါတယ်။ စာဖတ်များလှသော မြန်မာများဖြစ်သည်။ မြန်မာပြည်တွင် ဂျာနယ်များ လွတ်လပ်စွာ ထုတ်ဝေခွင့်ပေးနေသည်မှာလည်း စာဖတ်များသော မြန်မာများအတွက် မြန်မြန် ပြုပြင်ပြောင်းလဲရေး ဖြစ်စေပါသည်။ သို့သော် ၀မ်းနည်းစရာကောင်းသည်မှာ အလွန်ကြီးမားလှသော တိုပါးရိုး မြန်မာဘုန်ကြီးကျောင်း မြေအောက်ထပ်တွင်ရှိ မြန်မာစာကြည့်တိုက်ကြီးမှာ တစ်ပတ်၊ တနင်္ဂနွေ တစ်ရက်တည်းသာ ဖွင့်သည်ဟု နို့တစ်စာ ကပ်ထားပြီး ပိတ်ထားသည်ကို တွေ့ရပါသည်။ မြန်မာပြည်တွင်လည်း ယခင်က ပြန်ကြားရေးစာကြည့်တိုက်များ မရှိတော့ပဲ ပုဂ္ဂလိက စာကြည်တိုက် (စာအုပ်ပြတိုက်) နှင့် စာအုပ်ငှားဆိုင်များသာ ရှိနေပါသည်။ စင်ကာပူ၊ ဂျပန်များကဲ့သို့ ကျောင်းစာကြည့်တိုက်များ၊ ပြည်သူ့စာကြည့်တိုက်များ တဖန်ပြန်လည် တိုးတက်လာဖို့ မျှော်လင့်ပါသည်။)။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts