ကမာပုလဲ အတွေးအမြင်

နတ်သံနှောပြီး မေတ္တာရိ စကားများဖြင့် လက်နက်ချ အညံ့ခံခိုင်းနေတဲ့ ကိစ္စ

ကမာပုလဲ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃

မြစ်ဝကျွန်းပေါ်ဒေသ တော်လှန်ရေး အဖွဲ့အစည်းများကို ဗိုလ်နေ၀င်း စစ်အုပ်စုက “ဖြတ်လေးဖြတ်” ဗျူဟာကျင့်သုံးပြီး လူထုနဲ့ ကင်းကွာအောင်လုပ်ခဲ့တာကို အမှတ်ရမိတယ်။ အဲဒီတုန်းက ကျနော့်အသက် လေးငါး ခြောက်နှစ်သားလောက်ပဲ ရှိပါတယ်။
ဖြတ်(၄)ဖြတ်မှာ
၁-ရိက္ခာဖြတ်ခြင်း
၂-ဘဏ္ဍာငွေအရင်းအမြစ် ရရှိနေမှုများ ဖြတ်တောက်ခြင်း
၃-သတင်း ဖြတ်တောက်ခြင်း
၎-သတ်ဖြတ်ချေမှုန်းခြင်း(ခေါင်းဖြတ်သုတ်သင်ခြင်း) တို့ ဖြစ်ပါတယ်။
ဗိုလ်နေ၀င်းစစ်အုပ်စုဟာ အဲဒီ ဖြတ် ၄ ဖြတ် ဗျူဟာအပြင် ၀ါဒဖြန့်ချိ စိတ်ဓါတ် စစ်ဆင်ရေး တိုက်ပွဲကို ကျင့်သုံးပါတယ်။ တော်လှန်ရေးသမားဟောင်းကြီးတွေ ပြောပြတာက
“ဒို့ကို ၀ိုင်းပတ်ရာမှာ ရန်သူက သူတို့အဓမ္မခေါ်ဆောင်လာတဲ့ လူထုကို ရှေ့ဆုံးကနေ ထားပြီး ဒို့ကို ၀ိုင်းပတ်ခဲ့တယ်။ ဒို့ နေရာ ကျဉ်းသထက် ကျဉ်းလာတယ်။ ရှေ့ဆုံးက လူထုဆိုတော့ ဒို့က လူထုကို မပစ်ရက်ဘူး … မပစ်ဘူး … တဖြည်းဖြည်း ဆုတ်ခဲ့ရတာ ရန်သူ့စက်ဝိုင်း စည်းထဲ ကျဉ်းသထက်ကျဉ်း၊ ပိတ်မိသထက် ပိတ်မိလာတယ်ပေါ့။ အဲဒီမှာ အရပ်ရှစ်မျက်နှာမှာရှိတဲ့ သစ်ပင်ကြီးတွေပေါ်မှာ လော်စပီကာတွေတင်ပြီး ၀ါဒဖြန့်ချိရေး တရားတွေဟော … အဆိုးဆုံးက သီချင်းတွေပဲ … အဆိုတော်တွေကလည်း အဆိုကောင်း အငိုကောင်းတွေပေါ့ … ပြန်လာပါပေါ့ … မမိုက်ချင်တော့ပါနဲ့ပေါ့ … အတူတကွ တိုင်းပြည်ကြီးကို လက်တွဲထူထောင်ရအောင်ပေါ့ … အဲဒီမှာ တချို့ရဲဘော်လေးတွေ ရဲဘော်မလေးတွေ ငိုကြတာကွာ … အဲဒီလိုနဲ့ ဒို့အားလုံး ဆုတ်လမ်းမရှိ … ဒို့ရဲ့ လွတ်မြောက်နယ်မြေဟာ ကျဉ်းသထက်ကျဉ်းလာ … အားမတန်တော့လို့ … ငတ်ပြတ်လွန်းလို့ … ဒဏ်ရာတွေနဲ့ လက်နက်ချသူတွေ ချကုန်ကြရတာပေါ့ကွာ” တဲ့ …
ခုခေတ်ကျတော့ အဲဒီလို မေတ္တာရိ ရန်သူ့အလိုကျ အညံ့ခံရေး တရားကို ကမ္ဘာပတ်ပြီး တမျိုး … ပြည်တွင်းမှာ အခမ်းအနားတွေနဲ့ တဖုံ ပြောနေ … ဟောနေ … နားချနေတာတွေ … ရန်သူနဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေကို တွေ့တွေ့ ကြားကြားနေရတာ အသည်းနာလို့ မဆုံးဘူးဖြစ်တယ် …။
ရန်သူက ရန်သူ့အလုပ် ရန်သူလုပ်တာ မဆန်းဘူးဖြစ်တယ် …
ခုဟာက ကိုယ့်ကိုယ်ကိုယ် လူထုခေါင်းဆောင် ကျောင်းသားခေါင်းဆောင် ဆိုသူတွေက ရန်သူအားပေး ရန်သူ့အလိုကျ လွတ်မြောက်ရေး တိုက်ပွဲဝင်နေသူတွေကို ကျွန်ဇာတ်သွင်း … အတွေးအခေါ်အရရော … သဏ္ဌာန်မျိုးစုံနဲ့ရော လက်နက်ချ အညံ့ခံခိုင်းနေတာကိုတော့ အတော့်ကို ရွံရှာ စက်ဆုပ်မိတယ် …
တရားလည်း ကျမိပါတယ် ….
ဒါဟာ သမိုင်းလည်းဖြစ်တယ် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “နတ်သံနှောပြီး မေတ္တာရိ စကားများဖြင့် လက်နက်ချ အညံ့ခံခိုင်းနေတဲ့ ကိစ္စ
  1. ဟုတ်ပါတယ်းဒါဟာသမိုင်းတစ်ခုပါ။ မေတ္တာတရားကတော့တစ်နေ့မှာခေါင်းဖော်နိုင်အုံးမှာပါ။ အချိန်ကတော့ကြာ
    မှာပေါ့။ မစောင့်နိုင်တော့တဲ့သူတွေကတော့ချကြရတော့မှာပေါ့။ချကြတဲ့အခါမှာလည်းကိုယ်တစ်ယောက်ထဲကောင်း
    ပြီးနောက်လိုက်တွေစည်းဖောက်သွားရင်ကိုယ်ဘဲချောက်ကျရမှာလေ။ချချင်ကြတဲ့သူတွေထဲမှာက၉၀ရာခိုင်နှုန်းက
    လူမိုက်တွေဖြစ်တတ်နေလေတော့။ ဘီယ်လို့လုပ်ကြမတုံးနော်.။ဒါကြောင့်အမေစုကမေတ္တာလမ်းကိုကြာသော်လည်း
    ပြည်သူတွေအသက်အိုးအိမ်စည်းစိမ်ငှဲ့ပြီးရွေးချယ်ထားတာပေါ့။သို့သော်ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။ တွန်းတဲ့
    direction ကအတူတူတော့ဖြစ်ဖို့လိုတယ်နော်။မဟုတ်ရင်ပြိုင်တူတွန်းသာတွန်းတယ်မရွေ့ရပ်နေလိမ့်မယ်။

    1. “ အချစ်မှာ သူ့ဘာသာ ရွေးချယ်တတ်တဲ့ သတ္တိရှိတယ် ” (ယက်တူရှင်ကို – ဇီမာလမ်းဆုံ ကဗျာမှ)
      “ ရိုးရှင်းတဲ့ ရပ်တည်ချက်မှာ စကားလုံး ပဉ္စလက်တွေ မပါဘူး။ အပေါ်ယံ အကာတွေ ခွာပြီး ကြည့်ရတဲ့ အတိတ်စိမ်း … နိမိတ်စိမ်းတွေလည်း မဟုတ်ဘူး။ ရပ်တည်ချက်မှာ ရိုးရှင်းတဲ့ သတ္တိ နဲ့ အလုပ် ကိန်းအောင်းသက်ဝင် ရှင်သန်နေတယ် ”

Comments are closed.