အယ်ဒီတာ့လက်ရေး ၁၉
ဘယ်ဘက်က လိုက်ကြမှာလဲ … မိုးမခ
မောင်ရစ်၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃
အခုတလောမှာ ဖတ်မိနေတာက (ဆရာ) မြသန်းတင့်ဘာသာပြန်၊ အာရင်ဘတ်ရဲ့ “လူများ၊ သက္ကရာဇ်များ၊ ဘ၀” အတွဲ ၄ တွဲ၊ (၁၈၉၀ – ၁၉ ၄၅) အထိ ဘ၀မှတ်တမ်း ရုပ်ပုံလွှာတွေပါ။ ၁၉၈၉ တုန်းက အာရင်ဘတ်ရဲ့ ပါရီကျဆုံးခန်း၊ ဆရာမြသန်းတင့် ဘာသာပြန်ကို ဖတ်ခဲ့ဖူးတယ်။ ၂၀ ရာစုရဲ့ အကျည်းတန် အရုပ်ဆိုးဆုံး ကမ္ဘာစစ်ကြီး ၂ ခု၊ ဖက်ဆစ်တွေ နာဇီတွေ အရင်းရှင်ကြီးတွေအောက်က ဥရောပ၊ ထိုခေတ် ထိုအချိန်က လူတန်းစားဝါဒ၊ ကွန်မြူနစ်စနစ်၊ ပြီးတော့ အနုပညာရှင်တွေ အကြောင်းကို ဖတ်ရတာဖြစ်ပါတယ်။ အဲသည် ၂၀ ရာစုမှာ ပစ္စည်းမဲ့၊ အာဏာမဲ့၊ အဖိနှိပ်ခံ၊ လူထုအတွက် တော်လှန်တဲ့ အယူဝါဒ တပ်လှန့်သံတွေနဲ့ ခေတ်တွေ ပြောင်း၊ စနစ်တွေ ပြောင်းခဲ့တာကို မြင်ရပါတယ်။ အာဏာရသွားတဲ့ အုပ်စုတွေ၊ အယူဝါဒတွေကတော့ ထုံးစံအတိုင်း အာဏာနိုင်ငံရေးလမ်းစဉ်နောက် လိုက်သွားတာပါပဲလေ။ အာဏာရသွားပြီဆိုရင် ကွန်မြူနစ်ဖြစ်ဖြစ်၊ အရင်းရှင်ဖြစ်ဖြစ်။ ကိုယ်နဲ့ အယူဝါဒ သဘောတရားမတူတဲ့သူတွေကို အာဏာရှင်တွေ၊ အစိုးရတွေကတော့ ငွေနဲ့ ပစ်၊ ကျည်ဆန်နဲ့ ပစ်၊ မတရားမှုတွေနဲ့ ပစ်ပြီး ဖိနှိပ်ပစ် နှိမ်နင်းပစ်ကြတာက ထုံးစံပါ။
အဲသည်မှာ အာရင်ဘတ်ဆိုတဲ့ စာရေးဆရာတွေ အနုပညာရှင်တွေနဲ့ အပေါင်းအပါတွေဟာ သူတို့ရဲ့ ယုံကြည်ရာ အနုပညာမှာ ခေါင်းမာ ရူးသွတ်ကြတာ၊ ဆင်းရဲတဲ့ပြည်သူတွေနဲ့အတူ စစ်ပွဲတွေမှာ ရင်ဆိုင်ကြတာ၊ ကဗျာတွေ စာတွေနဲ့ အာဏာရှင်တွေ ဖက်ဆစ်တွေ နာဇီတွေကို ဆန့်ကျင်စကားပြောခဲ့ကြတာတွေကို တွေ့ရ ဖတ်ရ မှတ်သားရတာက အင်အားဖြစ်စရာပါ။ ဥရောပရဲ့ ရှက်ရွံ့ဖွယ်၊ အကျည်းတန်ဆုံး လူသားအချင်းချင်း နှိပ်စက်သတ်ဖြတ် နင်းချေမှုတွေကို စာရေးဆရာတွေ အနုပညာရှင်တွေ၊ သတင်းစာသမားတွေက အဲသည်သားကောင်တွေဖက်က ခံစားပြီး မော်ကွန်း မှတ်တမ်း ထိုးခဲ့ကြတာကို တွေ့ရပါတယ်။
၂၀ ရာစုရဲ့ ဒုတိယပိုင်းဟာလည်း တော်လှန်တဲ့ ပြည်သူတွေ၊ စာပေ အနုပညာရှင်တွေ၊ ခံစားတတ်သူတွေရဲ့ သွေးတွေ ချွေးတွေနဲ့ ရေးခဲ့ကြ၊ ရေးနေကြရတာပါပဲလားလို့ တွေးနေမိတယ်။ ဗီယက်နမ်စစ်၊ ကိုရီးယားစစ်၊ ကျူးဘားစစ်၊ အီရန် အီရတ်စစ်၊ အစ္စရေး ပါလစ္စတိုင်းစစ်၊ အာဖဂန်၊ ပါကစ္စတန်စစ်၊ တီဗက်၊ ရုရှား၊ စတဲ့ လူထု လူတန်းစားတွေရဲ့ တိုက်ပွဲတွေဟာ ဘယ်တော့များမှ ပြီးပါလိမ့်မလဲလို့ တွေးမိတယ်။ အာဏာရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု၊ ဆွဲဆောင် စည်းရုံးမှုတွေကြောင့် ကမ္ဘာကြီးက ပြုပြင်ပြောင်းလဲလာရတယ်လို့ တွေးချင် ကောက်ချက်ဆွဲချင်ပေမယ့်လည်း အဲသည်ရဲ့ နောက်မှာ အောက်ဆုံးအလွှာက အညတရပြည်သူတွေရဲ့ တိုက်ပွဲတွေက တောက်လျောက်ရှိနေဆဲပဲ။ အဲသည်ရဲ့ သွေးတွေ ချွေးတွေကို ခံစားတတ်သူ စာပေအနုပညာရှင်တွေ၊ သတင်းစာသမားတွေက သရုပ်ဖော်တင်ဆက်ပြီး လူမှုအဆောက်အအုံကြီးတွေကို ကိုင်လှုပ်နေဆဲပဲလို့ တွေးနေမိတယ်။
လူတွေက စိတ်ကူးယဉ်သလို အိုဘားမားကြီး၊ ဦးသိန်းစိန်ကြီးတို့လို့ တော်လှန်တဲ့ အာဏာရနိုင်ငံရေးခေါင်းဆောင်တွေခေတ်မှာ ခေတ်တွေပြောင်း၊ အကောင်းတွေဖြစ်ကုန်ပြီ ဆိုတဲ့ ရွှေနားတော်သွင်းတွေဟာ အပေါ်ယံတွေ ဖြစ်ပြီးတော့ တကယ်တမ်းမှာ တောင်အမေရိကန်က တိုက်ပွဲတွေ၊ အာရပ်စပရင်းက ဟစ်ကြွေးသံတွေ၊ ဆီးရီးယားက လူသတ်ပွဲတွေ၊ ကချင်ပြည် ရခိုင်ပြည် လက်ပံတောင်းတောင်က ပြည်သူတွေရဲ့ သွေးတွေ ချွေးတွေ အသက်တွေဟာ တကယ်တမ်းမှာ သမိုင်းကို တွန်းရွှေ့နေတဲ့ ဘီးကြီးတွေ ဖြစ်နေတယ်။ အဲသည်အရာတွေ မျက်ကွယ်မပြုဘဲ ကိုယ့်နှလုံးသား ကိုယ့်ဦးနှောက်ကို လမ်းခင်းပြီး သွားရောက်ရပ်တည်နေကြသူတွေဟာ အရိုးသားဆုံး စာပေသမားတွေ အနုပညာရှင်တွေ၊ သတင်းစာသမားတွေ ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရပေလိမ့်မယ်။
ဆိုတော့ကာ …လွတ်လွတ်လပ်လပ် ရေးခွင့် ပြောခွင့် လုပ်ပိုင်ခွင့်တွေ ရလာပြီ ဖြစ်လို့ အပေါ်ကလူတွေ အစုအဖွဲ့တွေရဲ အသံတွေ ခံစားချက်တွေ အထင်အမြင်တွေ လှုပ်ရှားမှုတွေကို ရေးသား တင်ဆက် ခံစားပြနေတဲ့ တပြိုင်နက်တည်းမှာပဲ အောက်ခြေက လူတွေ အခြေအနေတွေကိုလည်း အခက်အခဲတွေ အတားအဆီးတွေ၊ ဥပက္ခာပြုမှုတွေ၊ ကန့်သတ်မှုတွေကြားထဲကနေ ဆက်လက် တင်ပြနေရဦးမှာပဲဆိုတာကတော့ ထင်ရှားပါတယ်။
အာရင်ဘတ်ရဲ့ ပါရီကျဆုံးခန်းမှာ ပြင်သစ်ပြည်က နိုင်ငံရေးသမားတွေ၊ အရင်းရှင်တွေ၊ သာမန်ရိုးကျ ပြည်သူတွေဟာ နာဇီတွေအောက်ကို ဒူးထောက်ကြတယ်၊ အညံ့ခံကြတယ်။ သူတို့ရဲ့ မျှော်လင့်ချက်က ပေါင်မုန့်နဲ့ မနက်ဖြန်အတွက်။ နောက်တော့လည်း သူတို့ကို နာဇီတွေက နင်းချေလိုက်တာပါပဲ။ အဲသည်အချိန်မှာ သာမန်ပြည်သူတွေထဲက အညံ့မခံသူတွေဟာ နာဇီတွေကို အစကတည်းက တိုက်ခဲ့၊ သေခဲ့၊ ပြန်လည် ရုန်းထပြီး တိုက်ခဲ့ကြတာဟာ နောက်ဆုံးတော့ ခုနင်က ပေါင်မုန့်နဲ့ မနက်ဖြန်ရွေးခဲ့သူတွေကိုယ်တိုင် အမြင်မှန်ရပြီး အဲသည်တော်လှန်ရေးသမားတွေနဲ့ လာရောက်ပူးပေါင်းပြီး နာဇီတွေကို ပြန်လည် တွန်းလှန်ကြတဲ့ အချိန်အထိပါပဲ။ အာရင်ဘတ်က သစ္စာဖောက်သွားတဲ့ ပြင်သစ်ပြည်ကြီးကို သရုပ်ဖော်ရေးသားခဲ့တယ်။ ပြင်သစ်ပြည်ကြီး နိုးထတော့လည်း ကောင်းချီးသြဘာပေးခဲ့တာပါပဲ။ သို့သော်လည်း ပြင်သစ်ပြည်ကြီးဟာ (ဆိုဗီယက်နိုင်ငံသား၊ လက်ဝဲစာရေးဆရာ) အာရင်ဘတ်ကို အကြိမ်ကြိမ် ပြည်နှင်ခဲ့ပြီး အကြိမ်ကြိမ် ပြည်ဝင်ခွင့် ပိတ်ခဲ့တာပါပဲ။
မြန်မာပြည်ရဲ့ ခေတ်ပြောင်းချိန်မှာ ခုချိန်ထိ ပြောင်းလဲမှု တိုးတက်မှု ဖြစ်ထွန်းမှုတွေ အသီးအပွင့်တွေကို မမြင်၊ မကြား၊ မခံစားရသေးတဲ့ မြန်မာပြည်သူ ပြည်သားတွေ နယ်စပ် ကျေးလက် မြို့ပြ နေရာအနှံ့မှာ ရှိနေသေးတယ်။ သူတို့တွေကိုယ်စား ကျနော်တို့တတွေက ခေတ်ရဲ့ ကြေးမုံ ထင်ဟတ် ဖော်ပြနေကြရဦးမှာပဲလို့ ထင်မြင်မိပါတယ်။