မိုးမခကို ပေးတဲ့စာ

ဒုဝန်ကြီးဦးအုန်းသန်း ကျေးဇူးနဲ့ အစိုးရမင်းနဲ့ လွှတ်တော်ကြီးကို “ယို” ကျွေးလိုက်မယ်

ဒုဝန်ကြီးဦးအုန်းသန်း ကျေးဇူးနဲ့ အစိုးရမင်းနဲ့ လွှတ်တော်ကြီးကို “ယို” ကျွေးလိုက်မယ်

ရွှေဒေါင်း၊ မိုးမခပေးစာ၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃

ဖေဖောဝါရီ ၇၊ ၂၀၁၃ နေ့က  စက်မှုလယ်ယာဦးစီးဌာနက နေပြည်တော် ရုံးအမှတ် (၁၅) မှာ ဒုဝန်ကြီးအဆင့် တင်ဒါဈေးဆစ်ပွဲ(နောက်ဆုံးအဆင့်) အကြောင်းလေးကိုမျှဝေချင်ပါတယ်။

ဒီပွဲမှာ ဓါတုဆေးပစ္စည်း၊ ဓါတ်တိုင်၊ စက်အပိုပစ္စည်း၊ နဲ့ မော်တော်ကားအပိုပစ္စည်း စတဲ့ ပစ္စည်းတွေအတွက် ၀င်ပြိုင်ကြတဲ့သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီအဆင့်ထိရောက်လာကြတဲ့ သူတွေကိုလည်း အဘလေး (ဒုဝန်ကြီး) တွေအတွက် Gold label Whisky တွေယူဆောင်လာကြဘို့ ညွှန်မှူးတို့၊ ဒုညွှန်တို့ ကကြိုတင်ညွှန်ကြားထားပြီး လို့ သိခဲ့ရပါတယ်။ (ညွှန်မှူးဆိုတာ ဒီလိုမျိုးတွေကို ညွှန်ကြားရတာ အခုမှပဲ သိတော့တယ်)။ ဒါကတော့ ဌာနတော်တော်များများမှာ ယဉ်ကျေးမှု ဖြစ်နေပြီလေ။

အဲဒီလိုနဲ့ နောက်ဆုံးအဆင့် ကုန်ပစ္စည်းသွင်းခွင့်ရတဲ့သူတွေ ထုတ်ပြန်ပါတယ်။ သွင်းခွင့်ရတဲ့သူတွေက ပျော်နေတဲ့မျက်နှာတွေနဲ့ပေါ့။ သွင်းခွင့်မရတဲ့သူတွေကတော့ စိတ်ပျက် အားငယ်ကြတာပေါ့လေ။

ခဏကြာတော့ ဒုဝန်ကြီး ဦးအုန်းသန်းက စကားပြောပါတယ်။ အဲ..မှားလို့…ဈေး စ ရောင်းပါတော့တယ်။ အဲဒီမှာတင် ခုနက တင်ဒါအောင်ထားတဲ့သူတွေအားလုံး အပျော်တွေရပ်ကုန်ပြီး အီးမှန်ကုန်တော့တာဘဲဗျာ။

ဒီလို … ဒီလိုဗျ။

စိုက်ပျိုးရေးဌာနက ဖျက်သိမ်းတော့မယ့်စက်ရုံတစ်ခုမှာ စထော်ဘယ်ရီယိုဘူးတွေကို တင်ဒါအောင်တဲ့ငွေပမာဏကို ကြည့်ပြီး ယိုဘူးတွေကို ဘူး ၅၀၀ မှ ၁၀၀၀ ကြား- မယူမနေရ အရောင်းခံရတော့တာဘဲ။ တစ်ဘူးကို (၈၀၀) ကျပ်နဲ့ ၅၀၀ ယူရတဲ့သူဆိုရင်..ငွေ (၄)သိန်း ပါသွားပြီလေ။ တင်ဒါပြိုင်တာ အမြတ်တွေ အများကြီးရနေတာမှမဟုတ်ပဲ

အားလုံးက မာဂျင်လိုင်းပေါ်မှာ အလုပ်လုပ်နေရတာလေ။ ဒုဝန်ကြီး ဦးခင်ဇော် ကတောင် “ခင်ဗျားယိုရောင်းရင် ကျနော်က ယိုနဲ့ စားဖို့ ပေါင်မုန့်ပါ တွဲရောင်းရင်ကောင်းမယ်” လို့တောင် ပြောသွားသေးတယ် လို့သိရပါတယ်။

(ဒီလိုမျိုးတွေက လုပ်ဆောင်ရန် “တရားဝင်”လုပ်ဆောင်ရန် အစိုးရအဖွဲ့မှာ ညွှန်ကြားမှုများ ရှိပါသလား)

Good & Clean Government ကိုကြိုးစားနေတဲ့ ဆရာကြီးတို့ရေ … ဘာလုပ်ကြမှာလဲ ???။

ဖြစ်သင့်ပါလား ?။

သမ္မတကြီး ကြိုးစားနေတာအားလုံးကို ကျနော်တို့ပြည်သူတွေ အသိအမှတ်ပြုပါတယ်။

ဒီလူတွေက သမ္မတကြီးရဲ့

(၁) အစိုးရအဖွဲ့ကို အကျည်းတန်စေတာလား

(၂) ပါတီကို အကျည်းတန်စေတာလား

(၃) သမ္မတက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်နေကြတာ ဒီအတိုင်းကြည့်နေမှာလား

(၄) ကျနော်တို့ပြည်သူတွေက ဒါတွေ ယဉ်ကျေးမှုအဖြစ် လက်ခံသင်ယူရမှာလား

စက်ရပ်သတင်း ။  ။ ယိုဘူးဝယ်ရတော့မယ့်၊ မဖြစ်မနေ လက်ခံရတော့မယ့်သူတွေ ထိုယိုဘူးများကို မည်သို့ဆောင်ရွက်မည် မသိ ဖြစ်နေသည်။ ဈေးဆိုင်များကို ပြန်သွင်းရန် ကြိုးစားနေကြသော်လည်း ဖျက်သိမ်းမဲ့စက်ရုံက ပစ္စည်းဖြစ်လို့ကတစ်ကြောင်း၊ expired date ကို မသိရသောကြောင့်၎င်း အဆင်မပြေဖြစ်နေကြသည်။

ကျနော်လည်း ဒီနေရာကနေ အားလုံးအဆင်ပြေစေရန်အတွက် ဤသို့ အကြံပြုချင်ပါသည်။

“အဆိုပါယိုဘူးများကို မဖြစ်မနေ လက်ခံခဲ့ရပြီးလျှင်၊ လွှတ်တော်အသီးသီးမှ ကိုယ်စားတော်ကြီးများနှင့် အစိုးရအဖွဲ့ဝင် လူကြီးမင်းများ မနက်စာ စားသုံးရန်အတွက် ပေါင်မုန့်ပါ ထပ်ဝယ်ထဲ့ပြီး အခမ်းအနားဖြင့် လှူသင့်ပါကြောင်း …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

2 thoughts on “ဒုဝန်ကြီးဦးအုန်းသန်း ကျေးဇူးနဲ့ အစိုးရမင်းနဲ့ လွှတ်တော်ကြီးကို “ယို” ကျွေးလိုက်မယ်
  1. တင်ဒါတစ်ခု အတွက် Ethic နဲ့တော့ မညီဘူးပေါ့။ ဒါပေမယ့် ဒုဝန်ကြီးလုပ်သွားတာက မဆိုးပါဘူး။ တရားဝင် အများကြားမှာ ကြေညာပြီးရောင်းတော့ အစိုးရ ဘတ်ဂျတ်ထဲကို လွှင့်ပစ်လိုက်ရမယ့် ပိုက်ဆံတွေပြန်ဝင်လာသေးတာပေါ့။ နောက်ပြီး တင်ဒါ အောင်ထားတဲ့လူတွေက ဘယ်လိုလူတွေလဲ ဆိုတာ သိရရင် ဒုဝန်ကြီး စီစဉ်တာ တကယ်မမှားပါဘူးဆိုတာ သိရမှာပါ။ ၀ယ်ရတဲ့သူကလည်း ယိုတွေကို အစိုးရဘတ်ဂျက်နဲ့ QUALITY စစ်ခိုင်းပေါ့။ မကောင်းတာတွေ ပယ်ပေါ့။ ကောင်းတဲ့ဟာတွေကို တစ်နေရာရာကို လှုလိုက်ရင် ပိုကောင်းတာပေါ့။

  2. ဦးအုန်းသန်းလုပ်တာ သင့်လျှော်ပါတယ်ခင်ဗျား၊ တင်ဒါအောင်တဲ့သူတွေဒီလောက်တော့နိုင်ငံတော်အတွက်ရင်းလိုက်ပါ။အိပ်ထဲရောက်သွားမဲ့ပိုက်ဆံမှမဟုတ်တာဘဲ။

Comments are closed.