လူများ၊ ရုပ်ပုံလွှာများ မောင်ရင်ငတေ

ရောက်တတ်ရာရာ အတိုအစများ

မောင်ရင်ငတေ
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃
● ပုံတူပန်းချီဆရာမ အေလီဇဘတ် ဗီဂျေး (၁၇၅၅ – ၁၈၄၂)

ပန်းချီဆရာမ Louise Élisabeth Vigée Le Brun (Marie Élisabeth Louise) အေလီဇဘတ် ဗီဂျေးကို ၁၇၅၅ ခုနှစ်မှာ ပါရီမြို့၌ ဖခင်ပန်းချီဆရာနဲ့ မိခင်ဆံပင်အလှပြင်သူတို့မှ မွေးဖွားခဲ့ပါတယ်။

ကိုယ်တိုင်ရေးပုံတူ (၁၇၈၂)

ပြင်သစ်သမိုင်းတလျှောက်မှာ ရှာမှရှားလှတဲ့ အမျိုးသမီးထဲက နာမည်ကျော်ကြားနေရာပေးခံရသူ တဦးဖြစ်ပါတယ်၊  ပန်းချီအနုပညာရှင် သူမရဲ့ခေတ် ၁၇ ရာစုအကုန်ပိုင်း ၁၈ ရာစုဦးစမှာ မင်းဆွေ မင်းမျိုး ဂုဏ်သရေရှိပုဂ္ဂိုလ်ဆိုသူတွေကို ပုံတူရေးဆွဲရာမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ရှားရှားပါးပါး မိန်းမသား ပုံတူပန်းချီပညာရှင်တဦး ဖြစ်ပါတယ်၊ သူမရဲ့ဖခင်ဖြစ်သူဟာလည်း ပန်းချီပညာရှင် တဦးဖြစ်ပြီး သူမရဲ့ လက်ဦးဆရာဖြစ်ခဲ့သူပါ။

Marie-Antoinette (၁၇၈၃)

သူမရဲ့ အကျော်ကြားဆုံး လူပုံတူပန်းချီကားကတော့ ပြင်သစ်ဘုရင် လူဝီ ၁၆ (၁၇၅၄ – ၁၇၉၃) ရဲ့ မိဖုရားကြီးဖြစ်သူ ပြင်သစ်ပြည်သမိုင်းမှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့သော Marie-Antoinette d’Autriche မာရီ အန်တွမ်းနက် (၁၇၅၅ – ၁၇၉၃) ရဲ့ ပုံတူပန်းချီကားဘဲ ဖြစ်ပါတယ်။

 

မာရီအန်တွမ်းနက်ရဲ့အရင်းနှီးဆုံးယုံကြည်စိတ်ချအရဆုံးမင်းသမီး Duchess de Polignac (၁၇၈၂)

 
  Madame Vigée-Le Brun et sa fille, Jeanne-Lucie, dite Julie. သူမနှင့် သူမသမီး

ပုံတူပန်းချီရေးဆရာမ အေလီဇဘတ် ဗီဂျေးဟာ အဲဒီလို သက်ဦးဆံပိုင် အာဏာရှင် ဧကရာဇ်ဘုရင် ဆွေတော်မျိုးတော်တွေရဲ့ ပုံတူပန်းချီပုံတွေကို ရေးဆွဲပေးခဲ့ရပြီး ချစ်ခင်ရင်းနှီးစွာ အနီးကပ်နေထိုင်ခဲ့ ရတဲ့ အကျိုးကျေးဇူးတွေကြောင့် ၁၇၈၉ -၁၇၉၉ မှာ ဖြစ်ပွားခဲ့တဲ့ ပြင်သစ်တော်လှန်ရေးကာလ တလျှောက်မှာတော့ အသက်ဘေးလွတ်ရာ ပြည်ပြေးဘဝနဲ့ အီတလီ သြစတြီးယား ရုရှားနိုင်ငံတွမှာ လှည့်လည်ခိုလှုံ နေထိုင်ခဲ့ရပါတယ်။

 
 နပိုလီယံဘိုနာပါးတ်ရဲ့ညီမအငယ်ဆုံး Caroline Bonaparte ကာရိုလင်းဘိုနာပါးတ်(၁၇၈၂-၁၈၃၉)

Napoléon Bonaparte ပထမမြောက်နပိုလီယံ (၁၇၆၉ -၁၈၂၁) ဘုရင်ဖြစ်ခဲ့တဲ့ခေတ် ၁၈၀၄ ခုနှစ် မတိုင်မီလောက်မှာတော့ သူမဟာ ပြင်သစ်ပြည်ကို ပြန်လည်ရောက်ရှိ နေထိုင်ခွင့် ရရှိခဲ့ပြန်ပါတယ်၊ ၁၈၀၇ မှာ နပိုလီယံဘုရင်ရဲ့ ညီမအရင်း ပုံတူကို ရေးဆွဲပေးခွင့်ရပြန်ပါတယ်၊ သူမဟာ အသက် ၈၆ နှစ်အရွယ် ၁၈၄၂ ခုနှစ်မှာ သူမနေထိုင်ရာ ပါရီမြို့ရှိ Rue Saint Lazare စဲန့်လာဇာလမ်း နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်၊ သူမဟာ Rococo ခေါ် ၁၇ ရာစုအကုန် ၁၈ ရာစုခေတ်ဦး ဥရောပမှာ အထူးပင် ခေတ်စားခဲ့တဲ့ အခွေအလိပ် အဝေ့အဝိုက် များစွာနဲ့ မွမ်းမံတန်ဆာဆင်ထားတဲ့ အနုအရွ အလှအပ ဦးစားပေးတဲ့ အနုပညာ ပညာရှင်များထဲမှ ရှားပါးလှစွာသော နာမည်ကျော်ကြားသော မိန်းမသားတဦး ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts