ကဗျာ ကမာပုလဲ

လူနဲ့ သစ်ပင်

ကမာပုလဲ
ဖေဖော်ဝါရီ ၁၃၊ ၂ ၀၁၃
လူတွေ အရပ်ရှည်လာသလို
သစ်ပင်တွေလည်း အရပ်ရှည်လာတယ် … ။

လူက အောက်ဆီဂျင်လိုအပ်သလို
သစ်ပင်တွေကလည်း အောက်ဆီဂျင်လိုအပ်တယ် … ။

လူတွေ ရေငတ်သလို
သစ်ပင်တွေလည်း ရေငတ်တယ် …။

မိုးခေါင်ရေရှား ရပ်ဝန်းမှာ
လူက ရေတွင်းနက်နက်တူးပြီး အသက်ရှင်သလို
သစ်ပင်တွေက အမြစ်နက်နက်တူးပြီး အသက်ရှင်တယ် …။

လူတွေက အမိုးအကာနဲ့ အရိပ်ကိုရှာတယ်
သစ်ပင်တွေက အကိုင်းအခက်အရွက်တွေနဲ့ အရိပ်ကိုပေးတယ် …။

လူတွေက သစ်ပင်တွေကို ခုတ်ဖြတ်သတ်တယ်
သစ်ပင်တွေက လူတွေကို ခုတ်ဖြတ် မသတ်ခဲ့ဘူး …။

လူတွေက မတူကွဲပြားတဲ့ ဘာသာတရားတွေမှာ
ကိုးကွယ်မှုကျွံရင်း အချင်းချင်း ရန်သတ်ကြ၊
သစ်ပင်တွေက သစ္စာတရားကို ကိုးကွယ်ရင်း
တောအုပ်အဖြစ် စုစုစည်းစည်း …။

လူတွေက လူအချင်းချင်း အမဲလိုက်ကြစဉ်
သစ်ပင်တွေက သစ်ပင်အချင်းချင်း အေးအတူ ပူအမျှ …။

လူဟာ သစ်ပင်ကိုမှီရင်း တချို့ ဘုရားဖြစ်ခဲ့တယ်ပြောကြ
သစ်ပင်က မြေကမ္ဘာကို ချစ်ခြင်းဖြင့် သစ္စာမြဲကြတယ် …။

လူတွေ ခြေထောက်နဲ့ ကမ္ဘာပတ်ကြ
သစ်ပင်တွေက အရွေ့မရှိဘဲ လိုရာခရီးကို ဆိုက်ခဲ့တယ် …။

လူတွေ ငိုသလို
သစ်ပင်တွေ မငိုကွေးကြဘူး …။

လူတွေ အငြိုးအတေးကြီးသလို
သစ်ပင်တွေ ရန်လိုခံခက် အမျက်မထွက်ကြဘူး …။

လူတွေ ဖေါက်ပြန်ပျက်စီးနေသလို
သစ်ပင်တွေ ထမီအမျိုးမျိုး လဲမ၀တ်ခဲ့ဘူး …။

လူတွေ လက်တွေ့ဘ၀က ထွက်ပြေးဖို့ကြိုးစားချိန်
သစ်ပင်တွေ နေရင်းအရပ်မှာ ရပ်မြဲ ရပ်ရင်း …။

လူတွေရဲ့ ဦးခေါင်းဟာ စစ်ပွဲတွေကို ဖန်ဆင်းချိန်
သစ်ပင်တွေရဲ့ မေတ္တာတရားမှာ ပန်းကလေးတွေ ပွင့်ခဲ့တယ် …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts