ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၅၈) – Mar Mar Aye

ခင်မောင်တိုး အမှတ်တရ

မာမာအေး

ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃


    ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်း ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။အသည်းအသန် ဖြစ်နေသော အဆိုတော် ခင်မောင်တိုး ကွယ်လွန်သွား၊ မကွယ်လွန်သေး စသဖြင့် သတင်းများ ထွက်ပေါ်လာအပြီး ရေးသားသော အသံလွှင့်ဆောင်းပါး ဖြစ်သည်။

 

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …

ပြီးခဲ့တဲ့တပါတ်က ကိုယ်ဖြစ်စေချင်တဲ့ သမတ မဲပြန်မရမှာ စိုးရိမ်ပြီး စိတ်မငြိမ် လူမငြိမ်နဲ့ အိပ်ချိန်မမှန်ဖြစ်သွားတာ သမတရွေးတဲ့ (၆)ရက် တညတာ ဆိုတော့ (၇) ရက်မနက် ကူးတာပေါ့လေ။ မာအေးက နေ့လည်နေ့ခင်းဆို အိပ်ဖို့ နေနေသာသာ ကျောခင်းဘို့ရာတောင် ၀ါသနာ မပါရအောင် နေနိုင်အောင် ကိုယ့်ကိုယ်ကိုယ် ပညတ်ထားတာ အကျင့်ရနေတာနဲ့ ညဖက်ရောက်အောင် စောင့်ရပါတယ်။ အိပ်ချင်ပါမယ့်အရေး စာအုပ် ပြေးဖတ်ရတာနဲ့ TV ဖွင့်ကြည့်ရတာနဲ့ မျက်ခွံလေးအောင် ကြံဆောင်ရသေးတယ်ရှင့်။

အဲဒီနေ့က သိပ်မစောတော့တာတောင် မျက်တောင်က မစင်းနိုင်တာကြောင့် သားတော်မောင် ကျော်သက် တင်ပေးထားတဲ့ ဖေ့ဘွတ် ဆိုတာကိုလဲ ဖွင့်မကြည့်တာ ကြာပြီလို့ ဖွင့်ကြည့်လိုက်တဲ့အခါ အိပ်ချင်တဲ့ မျက်လုံးတောင် မှေးယောင်ယောင် မဖြစ်ပဲ ပြူးထွက်တော့မယောင် ကြောင်သွားမိပါတယ်။

‘ခင်မောင်တိုး’ ဆိုတဲ့ ကေါင်လေး သတင်းတွေ တင်ထားကြတာ ကွန်ပြူတာ ဖလ်သားပြည့် တွေ့လိုက်ရလို့ပါ။ စာတွေအားလုံးက ဆုတောင်းတာတွေချည်းဘဲ၊ စာတွေထဲမှာ တက်(က)ဆက်က လားရှိုးသိန်းအောင် ခေါ် ဂျင်မီဂျက်လဲ ပါတယ်။ ဒါနဲ့ ဂျင်မီရေ ကိုတိုးကြီး စင်ကါပူမှာ ဘာဖြစ်လို့လဲ ပြောပေးပါ လို့ စာရိုက်တင်ပေးလိုက်တယ်။ သူရေးတဲ့စာအောက်မှာ ရေးလိုက်ပေမယ့် ဘာမှ ပြန်မလာဘူး။ ဖေ့ဘုတ်မှာ မိတ်ဆွေ ဆိုတာတွေ ရှိပေမယ့် တင်တာတွေ ချတာတွေ မကျွမ်းတော့ ကိုယ့်နေရာမှာ တဦးတယောက်ဆီကစာ ပေါ်လာရင် ဖေ့ဘွတ်ပေါ်က ဆင်းပြေးရတာ အလုပ်တခုပါဘဲ။ အားလဲ နာတယ်၊ ရှက်လဲ ရှက်တယ် ဖြစ်နေတာလေ။

ခင်မောင်တိုး ရှိသေးတယ်၊ မရှိတော့ဘူး နဲ့ ဘာကို ယုံရမှန်း မသိနဲ့ တယောက်ထဲ ဒုက္ခ ဖြစ်နေတယ်။ ဒါနဲ့ မာအေးတို့ရွာကလေးမှာ ခင်မောင်တိုးချစ်တဲ့ ပရိသဒ်တွေ ရှိတာကိုး။ သိမယ်ထင်တဲ့ တယောက်ကို လှန်းဖုန်းဆက်မေးပါတယ်။ သူတို့လဲ သတင်းတွေ တက်လာလို့ ထိုင်းကို လိုက်မေးပါတယ်။ “အသဲရောဂါတဲ့ အမေ၊ အခြေအနေက မရနိုင်တဲ့ဖက်က များနေတယ် တဲ့။ အမေနဲ့ ရင်းလား”  တဲ့။

ရင်းရင်း မရင်းရင်း ဗမာချင်းလေ၊ သီချင်းဆိုတဲ့သူချင်းလေ၊ ကိုယ့်ထက်လဲ ငယ်ဦးမှာဘဲဟာ၊ နေစေ့ချင်သေးတာပေါ့၊ သူ့သီချင်းလေးတွေက နားအေးပါတယ်။ ဒုံးချမ်း ဒုံးချမ်း မပါတဲ့ မြန်မာ့အကြိုက် သံစဉ်လေးတွေ စာနု၊ အတွေးနုသစ်တာတွေ ပါတယ်လေ။ သူနဲ့ မသိခဲ့ရပေမယ့် သူ့သီချင်းလေးတွေနဲ့တော့ သိတာပေါ့။

မာအေးက မြန်မာသံ သီချင်းတွေချည်း ဆိုပြီးတော့ မြန်မာသံဖက် ဒိုင်ခံရပ်လေတော့ လှိုင်းတေးသံသွင်းက ဆရာဦးဘမင်းက ပြောပါတယ်၊ မာအေးရဲ့ လူငယ်ပရိသဒ်အတွက် သီချင်းလေးတွေလဲ ဆက်ခွေ တခွေတော့ ဆိုပေးဖို့ ကောင်းပါတယ်၊ ကေါ်ပီ မဆိုချင်ရင် ကိုယ်ပိုင်သံစဉ်တွေထဲက ရှာပေးပါ့မယ် ဆိုပြီး ခင်မောင်တိုးဆိုပြီးသားသီချင်းဟောင်းလေးတွေ ပို့လာလို့ ရောင်စဉ်ခုနှစ်သွယ်၊ ရိုးရိုးလေး၊ အချစ်စစ်ဆိုတာ၊ ကုန်လွယ်လွန်းလိုက်တာလေ စတဲ့ သီချင်းလေးတွေ ပြန်ဆိုခဲ့ပါတယ်။

တခါ မာအေး ဆိုဘို့ သီးသန့် တခွေစာ သီချင်းရေးပေးနေတဲ့ အဉ္စလီမောင်မောင်ကလဲ အခွေပြည့်အောင် ရေးမသွားနိုင်တာကြောင့်မို့ ခင်မောင်တိုးကို ရေးပေးပြီးသား သီချင်းတွေထဲက ပြန်ရှာ ပေါင်းထည့် ဆိုဖြစ်တာ “လှိုင်း” နာမည်နဲ့ ကက်ဆက်စီးရီးပေါ့ရှင်။ သူ့သီချင်းတွေ ပြန်ဆိုမှတော့ သူ့အသံကို အရင် ကြားရနားထောင်ရတာဘဲလေ။ အဓိပ္ပါယ်ရှိတဲ့ သီချင်းလေးတွေကို ယောက်ျားသံ အပြည့်နဲ့ စာပီအောင် ခတ်ညည်းညည်း အေးအေးဆေးဆေး ဆိုတတ်တဲ့ သူ့ပုံ တည်တည်ကြည်ကြည်ကိုတော့ VCD ထဲမှာ မြင်ဘူးပါတယ်။

သူ့ကို မသိတော့ သူ့မိသားစုကိုလဲ မသိဘူးပေါ့။ ဖေ့ဘွတ်မှာ သူ့သမီးလေး ရေးတဲ့ စာကလေး ဖတ်မိပါတယ်။ သူ့အဖေဟာ နောက်ဆုံးအချိန်ကို အေးချမ်းစွာ ထွက်သွားဘို့ စောင့်နေပါတယ်။ မိသားစု အားလုံး သူ့အနားမှာ ၀န်းရံထားပါတယ်။ သတင်းမေးကြတာတွေကို အခြေအနေအရ မဖြေနိုင်လို့ နားလည်ပေးပါ၊ ခုတော့ သူ့အဖေ ကျန်းမာရေးအတွက် ဆုတောင်းပေးဘို့ပါဘဲ တဲ့။ အော် … ဒီသမီး အလိမ္မာလေးလဲ ကျန်ရစ်တော့မယ်၊ မကြာတော့ဘူး လို့ တွေးပြီး ရင်ထဲမှာ ဘယ်ကေါင်းတော့မှာလဲ။ နောက်ညတွေပါ ကူးပြီး မအိပ်နိုင်တော့ လူက  ယိုင်တိုင်တိုင်တောင် ဖြစ်သွားတယ်။ နောက်တရက်မှာ သတိရတယ်၊ စကါးပြောနိုင်ပြီ ဆိုတော့လဲ စိတ်သက်သာ ၀မ်းမြောက်ရတာပေါ့လေ။ ကေါင်းသွားပါစေပေါ့။ ကိုယ့်စိတ်ကလေးလဲ နည်းနည်းတော့ လျှော့ထားရတယ်။ ကိုယ့်မှာလဲ သွားမှာလာမှာတွေက ရှိတော့ ကျန်းမာ ကြံ့ခိုင်ဘို့ ဂရုစိုက်နေရသေးတာကိုးနော်။

ခင်မောင်တိုး နဲ့ ဖိုးဇော် ခေါ်တဲ့ ဇော်မျိုးထွတ်တို့နှစ်ယောက် အမေရိကကို လာသွားကြတာ တနှစ်တောင် မပြည့်သေးပါဘူး။ သူတို့နဲ့ မတွေ့လိုက်ရတဲ့ကိစ္စ နောင်တရသလိုဘဲ ဖြစ်နေတယ်။ သူတို့နှစ်ယောက်ကို ခေါ်ဘို့ – ဖို့ဝိန်းက ဆက်သွယ်တဲ့လူနဲ့ အဆင်မပြေတော့မှ မာအေးက သိရတော့ ထပ်ခေါ်ရင် မသင့်လျော်ဘူး ဆိုပြီး ကြည့်နေလိုက်ရတာပါ။

စန်ဖရန်စစ်စကိုရောက် ကိုရဲလွင်ကြီးကိုတောင် အမ လါတော့မယ်၊ ဟိုကျမှ တွေ့မယ်၊ ကိုတိုးကြီးနဲ့ မိသားစုလဲ ဆုတောင်းတဲ့အကြောင်း ပြောပါလို့ မှာနေသေးတာ။

ဟိုတနေ့က မေငြိမ်း အဖြေလေး တွေ့လိုက်တယ်၊  ခင်မောင်တိုးသတင်း မေးတဲ့ ခလေးမတယောက်ကို ဖြေတာပါ၊ “ဒီတခါကတော့ တကယ်ပါ” တဲ့၊ ဟယ် သွားပြီ၊ သူတကယ်သွားပြီ၊ လ ရက်ကလေး ကြာအောင်တောင် မစေါင့်နိုင်တော့ဘူးလား၊ ခွဲစိတ်ခံ နှလုံးသားက ငယ်တုံးကလို မခံနိုင်တော့တာ ကြာပြီ၊ မျက်ရည်ကြည် စမ်းချောင်းကလေး ပြေးထွက်လာလဲ တားမြဲသတိ မရှိတော့တာ ကြာပြီ။

“လူတွေက မွေးပြီး သေသွားမယ့်သူတွေ ဖြစ်ပေမယ့် ကြားထဲမှာ သံသရာ ဆိုတာ ရှိတယ်။ ဒီဘ၀မှာ လုပ်နေတဲ့ အကုန်လုံးဟာ သံသရာတလျှောက်လုံးကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုး ရှိမယ် ဆိုတော့ ရိုးရိုးသားသား နေလို့ရတဲ့ ဂီတအလုပ်က ကျနော့ဘ၀အတွက် အင်မတန် သင့်တော်ပါတယ်” တဲ့။

အဲဒါ ခင်မောင်တိုးရဲ့ အတွေးအခေါ် တရားပါတဲ့ စကါးပါဘဲ။ ဒီခေတ်ကြီးမှာ ခေတ်ပေါ်ဆိုသော်လဲ မြန်မာ့ဟန် မပျောက်အောင် ထိမ်းထားတဲ့ ပညာရှင်မို့ နှမျော တသမိပါတယ်ရှင်။

* (စောင်းကြိုးရှိုက်သံ) စောင်းကြိုးခတ်သံ သဲ့သဲ့လေး ကြားနေတယ် xx  ညည်းတွားရှိုက်သံ ရေးရေးလေး ကြားနေတယ် xx လောကအလှ သူနာကျည်းသွားလို့ဖြစ်မယ် ထင်တယ် x အို … မိန်းခလေးရယ် ဘယ်သူ့အတွက်လဲ xx
ခေါင်းလောင်းထိုးသံ  သဲ့သဲ့လေး ကြားနေတယ် xx  ဆည်းလည်းတိုးသံ ရေးရေးလေး ကြားနေတယ် xx လောကဓမ္မ သူမြင်သိသွားလို့ ဖြစ်မယ် … ထင်တယ်၊ အို …. ခေါင်းလောင်းထိုးသံ ဘယ်သူ့အတွက်လဲ x
နောက်ဆုံးမို့ မေးရဦးမယ် ဘယ်သူ့အတွက် ရှိုက်တာလဲ၊ စေါင်းကြိုးရှိုက်သံရယ် x နောက်ဆုတ်လို့ သွားခဲ့တဲ့ အို သူ့အတွက် ရှိုက်တာလား၊ ညည်းတွား ရှိုက်သံရယ် xxx

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်   


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts