ကဗျာ ကျော်ဟုန်း

နမ်းခွင့်ပေးမလား ပြည်ထောင်စု

ကျော်ဟုန်း
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၃
(လွတ်လပ်ရေးကြောင့် ပြည်ထောင်စုဖြစ်တာလား
ပြည်ထောင်စုကြောင့် လွတ်လပ်ရေးဖြစ်တာလား)ဘာမှ လွယ်လွယ်မရ
လွယ်မဖြစ်တဲ့ လောက စဉ်လာထဲ
သမိုင်းကို သမိုင်းလို တွေး
သမိုင်းကို သမိုင်းလို ထွေး။

အတိတ်ဟာ
အခက်အခဲတွေကြားကပဲ လှပခဲ့ဖူးတယ်
ပင်လုံတဲ့
ရင်ခုန်စရာ အိပ်မက်
ပြည်ထောင်စုရဲ့ အလှတရား
တို့ ဗမာပြည်မှာ ဖူးပွင့်ဖူးခဲ့။

ခုများတော့
အမျိုးချစ်ကြတယ်ပြောတဲ့ အမျိုးချတွေ
ဝါဒမှား မှိုင်းတွေတိုက်
ရိုင်းမိုက်ပုံများ
(၆၆) နှစ်တိုင်အောင် မပြီး
နောင်လည်း ဆက်ရန် ရှိသေး၏။

ကချင်၊ ကရင်၊ ကယား၊ ရှမ်း
ရခိုင်၊ မွန်၊ ဗမာ
အကုန်လုံး လက်နက်ကိုင်ထား
သေးသေးလေးပဲရှိတဲ့
နာဂ အစွယ်အပွားတွေလဲ
သေနတ်တကားကား၊ လက်တယားယား
ကိုယ့်သွေးသားချင်း သေနတ်ချင်းတေ့ပစ်
ပြည်တွင်းစစ်မီး တဟီးဟီးနဲ့ 
လူရိုင်းတွေနေတဲ့တိုင်းပြည်က ပြည်ထောင်စု။

မြေကွက်ကြီးကြီးပိုင်ဆိုင်ထားတဲ့
အမေရိကန်ပြည်ထောင်စု
ကမ္ဘာပေါ်မှာရှိတဲ့ ကွဲပြားလူမျိုးစုံ
အကုန်နီးပါး အတူနေတယ်
သေနတ်လည်း လွတ်လပ်စွာ ဝယ်နိုင်တယ်
ဒါပေမယ့် ပြည်တွင်းစစ် မရှိ
နယ်မြေလုမှု မရှိ။

ဗမာပြည်သေးသေးလေးမှာ
လူမျိုးစုက များ
ကလီကမာက များ
မသထီစရာက များ
တစု တမျိုးနဲ့ 
ကပေါက်တိ ကပေါက်ချာ ပြည်ထောင်စု
အမည်ခံ ပြည်ထောင်စု။

ပင်လုံကို မမီလိုက်တဲ့သူတွေက
ပင်လုံရဲ့အရသာကို ဖျက်
မနက်ဖြန်ကို မချစ်တတ်တဲ့သူတွေ။

မှတ်ထား
မနက်ဖြန်ကို ချစ်တတ်ရဲတာ
မိုက်မဲတယ်လို့ ဘယ်သူမှ ခေါင်းစဉ်မတပ်ရဲဘူး
လူယဉ်ကျေးဆိုရင်
မနက်ဖြန်ကို ချစ်တတ်တယ်
မနက်ဖြန်အတွက် ရင်ဆိုင်ရဲတယ်။

အနာဂတ်မျိုးဆက်လေးတွေ အသည်း
အရောင်ညစ်တွေ မစွန်းထင်းစေနဲ့ 
သင့်ကြောင့် မီးမလောင်ပါစေနဲ့ 
သင့်ကြောင့် ပြည်ထောင်စု မီးမလောင်ပါစေနဲ့ ။

ပြောကြတော့ တိုးတက်ချင်တယ်
လုပ်ကြတော့ တိုတက်နေတယ်
တဖြည်းဖြည်းနဲ့  တိုတက်နေတာ
ဒီအတိုင်းသာ ဆက်သွား
နောက်ဆို
ဗမာပြည်မြေပုံ ပျောက်မယ်
ပြည်ထောင်စုပျောက်ရင်
ဗမာပြည်ပျောက်မယ်။

ညီနောင်ထုနဲ့ ပြည်ထောင်စုမဖြစ်ခဲ့ရင်
လူရိုင်းတွေနေတဲ့ တိုင်းပြည်ဖြစ်မယ်။

ပြည်ထောင်စုအတွက်
ညီနောင်တိုင်းမှာ တာဝန်ရှိ
သင့်ခေတ်၊ သင့်အလှည့်မှာ
အတိတ်ဆိုးတွေ သင်ပုန်းချေ
အနာဂတ်ကို မွှေးပျံ့ ဝေ
ဝေဒနာတွေ ထပ်မပေးမိစေနဲ့  မနက်ဖြန်ကို
ပြည်ထောင်သားချင်း နမ်းပါရစေ။

သရုပ်ဖော်ပန်းချီး – ဇွဲရန်နိုင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts