ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃
လွန်ခဲ့သော ရက် (၂ဝ) ခန့်၌ ကျွန်တော်၏ ရန်ကုန်တက္ကသိုလ် ရူပဗေဒဋ္ဌာနမှ ဆရာ/မများနှင့် ကျောင်းသူဟောင်းတစ်ဦးဖြစ်သူ ဒေါ်နီနီမာ (ခ) အိန္ဒြာမိုး (တေးသံရှင်) တို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ရောက်ရှိလာခဲ့ပြီး ရန်ကုန်တက္ကသိုလ် ရူပဗေဒဋ္ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက် (၆၅) နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများတို့အား အာစရိယပူဇော်ပွဲ ကျင်းပမည်ဖြစ်သည့် အတွက် ဖိတ်ကြားခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ကျွန်တော့်ဘဝ၏ သင်/မြင်ဆရာများ အားလုံး အတွက် အာစရိယပူဇော်ပွဲ အခမ်းအနားအတွက် အလှူငွေ (၁) သိန်းကျပ်တိတိ လှူဒါန်းခဲ့သည်။ ဆရာ/မ များ၏ ကျောင်းသားဟောင်းဖြစ်သော ကျွန်တော်နှင့် ကျွန်တော်ဇနီး ရွှေဇီးကွက်တို့အား မဖြစ်မနေ အာစရိ ယပူဇော်ပွဲအား တက်ရောက်စေလိုကြောင်း၊ ကျေးဇူးရှင် ဆရာ/မများမှလည်း ဦးကျော်သူတို့အား တွေ့မြင် လိုခြင်းကြောင့်၎င်း၊ ကျွန်တော်နှင့် ကျွန်တော်ဇနီးတို့မှလည်း ကျေးဇူးကြီးမားလှသော ရန်ကုန်တက္ကသိုလ် မြေအား ပြန်လည်နင်းခွင့်ရမည့် အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့် မအားလပ်သည်ကြားမှ အရောက်လာမည် ဟု ဂတိပေးခဲ့တော့သည်။
ယင်းအခမ်းအနားတွင် ရူပဗေဒ ကျောင်းသူဟောင်း မနီနီမာ (ခ) အိန္ဒြာမိုး (တေးသံရှင်)မှ နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ ကိုယ်တိုင်ရေးစပ် သီဆိုထားသည့် “ဧည့်သည်” အမည်ရှိ တေးသီချင်းအား လှူဒါန်းမှုပြုခဲ့သည်။ ထို့နောက် ကန်တော့ခံ ဆရာ/မများအား လက်ဆောင်ပစ္စည်များ၊ အလှူငွေများ ပေး အပ်ခဲ့ကြပြီး ဆရာ/မကြီးများတို့မှ ပြန်လည်၍ ဆုံးမသြဝါဒ အမှတ်တရစကားများ ပြောကြားနေချိန်တွင် ကျွန်တော်သည် မမြင်ရသော တစ်စုံတစ်ဦး၏ လှုံဆော်မှုကြောင့် RC (အပန်းဖြေရိပ်သာ) အာစရိယပူဇော် ပွဲ အခမ်းအနားမှ ကျွန်တော်တို့၏ အောင်မြေဟု သတ်မှတ်ထားသော ရန်ကုန်တက္ကသိုလ် ဝန်းကျင်ရှိ သမိုင်းမှတ်တမ်း မှတ်တိုင်များ၊ ပညာရေးစနစ်၏ ပြောင်းလဲမှုများမှအစ တက္ကသိုလ်ကျောင်းသား/သူများ၏ လှုပ်ရှားမှုများ၊ အချစ်ဇာတ်လမ်းများတို့ကို ဂဃနဏ အသေးစိတ်သိရှိထားသော သစ်ပုတ်ပင်ကြီး အောက်ခြေသို့ ကျွန်တော်ရောက်ရှိသွားတော့သည်။ ရန်ကုန်တက္ကသိုလ်၏ သမိုင်းကြောင်း ကုန်စင်ကို သိရှိထားသော အထင်ကရ သစ်ပုတ်ပင်ကြီးသည်လည်း သံတိုင်စည်းရိုးများဖြင့် ဝင်းခတ်ခြင်းကို ခံထားရ ကြောင်း တွေ့မြင်လိုက်မိသည်။ သစ်ပုတ်ပင်ကြီး၏ အရိပ်အာဝါသ ထုထည်ကြီးမားလှသော သစ်ပုတ်ပင် ကြီး၏ အကာအကွယ်အားယူ၍ဒုစရိုက်မှုများ မပြုလုပ်စေလိုခြင်းကြောင့်၎င်း၊ သစ်ပုတ်ပင်ကြီး သက်တမ်း ရှည်စွာ တည်ရှိစေလိုခြင်းကြောင့်လားတော့မသိ…. သစ်ပုတ်ပင်ကြီး ခြေရင်းအထိ သွားရောက်ကာ သစ်ပုတ်ပင်ကြီးအား ကိုင်တွယ်ခွင့် မရတော့ပြီဖြစ်သည်။ မည်သို့ဖြစ်စေ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘဝတွင် Hand Phone, Cellular Phone, Internet စသည့် ဆက်သွယ်ရေးပစ္စည်းများ မပေါ်ပေါက်သေးသောကြောင့် ကျွန်တော်တို့အချိန်ကာလ ကျောင်းသားဘဝတွင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်သည့် ကြိုးမဲ့စနစ်အဖြစ် အသုံးပြုခဲ့သော သစ်ပုတ်ပင်ခြေရင်းရှိ ကြိုးမဲ့ဆက်သွယ်ခဲ့သော နေရာ အား ကျွန်တော်ထပ်မံ ရှာဖွေခဲ့သည်။ ကျွန်တော်တို့ အချိန်ကာလတွင် အချင်းချင်း ကြိုးမဲ့ဆက်သွယ် နေရာကား သစ်ပုတ်ပင်ခြေရင်းရှိ Underground (မြေအောက်ခန်း) များပေါ်တွင် ဖုံးထားသည့် ကွန်ကရစ် အဖုံးပေါ်တွင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ချိတ်ဆက်ရန်အတွက် သစ်ပုတ်ပင်မှ ကြွေကျထားသော သစ် ပုတ်ရွက်ပေါ်တွင် စာဖြင့်ရေးသားကာ ခဲလုံးတစ်လုံးဖြင့် ဖိထားသော ဆက်သွယ်မှုဖြစ်သည်။ ကျွန်တော်တို့ သူငယ်ချင်းများ တက္ကသိုလ်နယ်မြေသို့ရောက်သည်နှင့် အားလုံးတစ်ပြိုက်နက် ဤနေရာ ဤဋ္ဌာနသို့ အရောက်လာကာ ကျွန်တော်တို့၏ အဖွဲ့များ (RC)၊ ဦးချစ်ဆိုင်၊ ဦးယမ်းဘီလူးဆိုင်၊ တက္ကသိုလ်လှေလှော် အသင်း၊ ဟိုက်စွန်၊ တစ်ကောင်ဘွား (မြေနီကုန်း) စသည့်နေရာဋ္ဌာနအသီးသီးများသို့ ချိန်းဆိုထားသည့် အတိုင်း အရောက်သွား၍ တွေ့ဆုံကြသည်။ (ယခုမူ ဤအုတ်ခုံလေးသည် ပျောက်ခြင်းမလှ ပျောက်ဆုံး သွားပြီ ဖြစ်တော့သည်။)
တစ်ချိန်က ကမ္ဘာ့အရှေ့တောင်အာရှနိုင်ငံများတွင် ကမ္ဘာ့ပညာရေး အဆင့်အတန်းရှိ ကျောင်းသား/ သူများ၊ ပညာရှင်များပေါ်ထွက်ခဲ့သော ကမ္ဘာ့နိုင်ငံအသီးသီးမှ ပညာရေးတွင် ကမ္ဘာ့အသိအမှတ်ပြုခံခဲ့ရ သော ရန်ကုန်တက္ကသိုလ်ကြီး မကွယ်ပျောက်ရန်အတွက်၎င်း၊ ယခင် အတိတ်ကာလများကဲ့သို့ ဘွဲ့ရပညာ ရှင်များ ပေါ်ပေါက်လာရေးအတွက်၎င်း၊ ကျွန်တော်တို့ ကျောင်းသား/သူများနှင့် ပညာသင်ကြားပေးသော ဆရာ/မများအပြင် နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဋ္ဌာနတို့တွင် တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ရှိ မှု၊ တာဝန်ကျေမှုတို့သည် အဓိက အရေးကြီးဆုံး ဖြစ်တော့သည်။
ကျွန်တော်ငယ်ရွယ်စဉ်ကာလတွင် ကျင်လည်ဖြတ်သန်းခဲ့သော ရန်ကုန်တက္ကသိုလ် ပရဝုဏ်ကြီးထဲ တွင် ငယ်စဉ်ဘဝက အတူလက်တွဲခဲ့သော ငယ်သူငယ်ချင်းများ၊ ကျေးဇူးရှင် သင်ဆရာ၊ မြင်ဆရာများ၊ ဆရာ/မများအား ပြန်လည်တွေ့မြင်ခဲ့ရသောအချိန် အခိုက်အတန့်တွင် ကျွန်တော်သည် နုပျို၊ ငယ်ရွယ်၊ လွတ်လပ်သော ခံစားမှုရသများ တပြိုင်နက် ခံစားရခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားဘဝတွင် ကျွန်တော့ ပထမဦးဆုံးသော ချစ်သူဖြစ်ခဲ့သူ လက်ရှိကျွန်တော်၏ မဟေသီ ရွှေဇီးကွက်နှင့် သမီးရည်းစား အချိန်ကာလများတွင် မှတ်မှတ်ရရ ဓါတ်ပုံရိုက်ကူးခဲ့သော တက္ကသိုလ် စာကြည့်တိုက်သို့ ကျွန်တော့်၏ ခြေလှမ်းများသည် ရောက်ရှိသွားပြန်သည်။ တက္ကသိုလ် စာကြည့်တိုက်ကြီးရှေ့တွင် ကျွန်တော်တို့နှစ်ဦး အမှတ်တရ ဓါတ်ပုံရိုက်ကူးရင်း ကျွန်တော်၏ စိတ်အစဉ်တွင် တစ်စုံတစ်ခု ပေါ်ပေါက်လာဖြစ်ခဲ့သည်။ ဘွဲ့နှင်းသဘင်ခန်းမကြီးသည် နေမြဲ၊ ဝိဇ္ဇာသိပ္ပံ ကျောင်းဆောင်ကြီးသည်လည်း နေမြဲ၊ သစ်ပုတ်ပင်ကြီးသည် (ခြံစည်းရိုး ခတ်ခံထားရမှုမှလွဲ၍) နေမြဲ၊ ဂျက်ဆင်ကြီးသည်လည်း နေမြဲ၊ တက္ကသိုလ် စာကြည့်တိုက်ကြီး သည်လည်း နေမြဲ၊ RC ကြီးသည်လည်း နေမြဲ၊ ကျွန်တော်တို့သည်သာ သေမင်းဆီသို့ ခြေလှမ်းနေကြဆဲပင် ဖြစ်လေသည်။ ထို့ကြောင့် ကျွန်တော်တို့ ကျောင်းသားအိုကြီးများသည်လည်း တစ်စနှင့်တစ်စ ကြွေလွှင့် သွားရမည် ဖြစ်သော်ငြား၊ နောင်အနာဂတ် ကျောင်းသား/သူ လူငယ်များအတွက် ထက်မြက်စူးရှ၊ တိုးတက် မြင့်မားသော အသိပညာများ တိုးပွားလာနိုင်ရန်အတွက် တက္ကသိုလ်ဝန်းကျင်ရှိ ပညာသင်ကြားမှု အဆင့် အတန်းများ၊ ပညာသင်ကြားရေး အဆောက်အအုံများ ပညာသင်ကြားမှု နည်းစနစ်များသည် နေမြဲ အဆင့် မှ တန်းဖြုတ်ကာ တိုးတက်မြင့်မား ကျော်လွှားနိုင်ကြဖို့ နိုင်ငံတော်အစိုးရမှ နားလည်မှု၊ ကိုယ်ချင်းစာမှု၊ စေတနာထားမှု၊ ပံ့ပိုးပေးမှု၊ ပွင့်လင်းမြင်သာမှု စည်းလုံးမှုမှတ်တိုင်များထူနိုင်ရန် အရေးကြီးပါကြောင်း ဖြစ်ပေါ်ခဲ့တော့သည်။ ထိုကဲ့သို့ မှတ်တိုင်ထူယုံနှင့်မပြီး ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်း၊ တက္ကသိုလ်ကြီး၏ လျှို့ဝှက်ချက်များ၊ တက္ကသိုလ်ကြီး၏ ရာဇဝင်များအား နောင်လာနောင်သား အနာဂတ် မျိုးဆက်များ သိရှိလေ့လာ မှတ်တမ်းတင်၊ ဂုဏ်ယူနိုင်ရန်အတွက် တက္ကသိုလ်သမိုင်းပြတိုက်အား ဖွင့်လှစ်ပေးနိုင်ရန် တောင်းဆိုလိုက်ရပါတော့သည်။
အကယ်၍များ နိုင်ငံတော်မှလည်း မလုပ်ပေး၊ ပညာရေးဝန်ကြီးဋ္ဌာနမှလည်း တာဝန်မယူခဲ့ပါက တက္ကသိုလ်ရဲ့ သမိုင်း၊ တက္ကသိုလ်ရဲ့ ရာဇဝင်၊ တက္ကသိုလ်ရဲ့ လျှို့ဝှက်ချက်များကို ဂဃဏန သိရှိထား သော သစ်ပုတ်ပင်ကြီးမှ၎င်း၊ သစ်ပုတ်မျိုးဆက်များမှ၎င်း သမိုင်းပေးတာဝန်ကြီးအား ဆက်လက်ထမ်းရွက် လိမ့်မည်ဟု ကျွန်တော်ရဲ့ စိတ်အစဉ်တွင် တုန်လှုပ်သွားအောင် မမြင်ရသောပုဂ္ဂိုလ်ကြီး၏ ပြောကြားမှုကို ကြားသိလိုက်ရပါတော့သည်။
အနာဂတ် တက္ကသိုလ်ကြီး၊ အနာဂတ် အမိမြန်မာနိုင်ငံ ပညာရေးစနစ်ကြီး ငြိမ်းချမ်းသာယာ လှပတိုးတက်ပါစေသား ….