ကဗျာ ကမာပုလဲ

ဖြားယောင်းနေတဲ့ … မြစ်

ကမာပုလဲ
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃
ခေတ်တခေတ် ပျက်သုဉ်းနေတဲ့အခါ
လူ့ဂုဏ်သိက္ခာဟာ …
ဧည့်ခန်းထဲမှာ မရှိဘူး
မင်းခမ်းမင်းနား ပွဲတော်တွေမှာလည်း မတွေ့နိုင်ဘူး …။

ဆိုင်ခယ်ဒဲလစ် ပန်းချီကားချပ်ထဲ
မူးယစ်ဆေး နဲ့ အနုပညာတွေ အန်ကျ
မင့်နှယ်
အလိုရမ္မက်မှန်းမသိ ….
ချစ်ခြင်းမေတ္တာမှန်းမသိ …။

မင့်ဝတ်ကျင်းဟာ
မင်းရဲ့ စိတ်ကူးယဉ်ဘ၀ထဲက အတ္တနတ်နန်းတမျှ
မင်းသွေးပျက်မှုကို မင့် သုံးစားမရတဲ့ မာနနဲ့
အလံမထူလိုက်ချင်စမ်းပါနဲ့ … မောင်။

သင်းကွဲငှက်တကောင်လို
သတ္တိရှိရှိ ပင်လယ်ပြင်ကို ဖြတ်မပျံရဲခဲ့ရင်
နွေဦးအကြောင်းကို …ရင်ခုန်ချင်ဖို့ မကြိုးစားနဲ့
ဘ၀ဆိုတာ မင်းထင်တာထက် ပိုပြီး နက်ရှိုင်းတယ် … ။

မင်းတို့ ငါတို့ …
နွားအဖြစ်နဲ့ လူဖြစ်ရကျိုး နပ်နေချိန်
အဲဒီ သင်းကွဲငှက်တွေ … မုန်တိုင်းကို ဖြတ်ပျံနေကြတယ် … ။ ။

(ဆိုင်ခယ်ဒဲလစ် = psychedelic )

Painting by Nguyen Duc Hoa


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts