ရသဆောင်းပါးစုံ

ခြစားနေရသည့် ၀န်ထမ်းများဘဝ

ဇော်အောင် (မုံရွာ)
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃
 

နိုင်ငံရဲ့များပြားလှတဲ့ အစိုးရ၀န်ထမ်းများ အခွင့်အာဏာကိုရှိပါက တသက်စားမကုန်တဲ့ငွေ ရရှိတဲ့နည်းကို ခြစားနည်းလို့ခေါ်ပါတယ်။ သင်တန်းပို့ချသူက ၀ါရင့်အာဏာရှင်ဟောင်းတစ်ဦးက ခြစားနည်းသင်တန်းအမျိုးမျိုးကို ပို့ချနေပါတယ်…။ အခုဒီစာမှာ ၀န်ကြီးဌာနပေါင်း ၃၀က ၀န်ထမ်းအသီးသီးတို့ နည်းလမ်းပေါင်းများစွာနဲ့ ခြစားနည်းများကို အနည်းငယ်သာ ရေးလိုပါတယ်။

ဒီခြစားနည်းများရဲ့ ရလဒ်ကတော့၊ လောလောဆယ် အခြေအနေမှာ၊ ၀န်ထမ်းများနဲ့လည်ဝယ်သူစီးပွားရေးသမားများ လက်ထဲ အ (ငွေကြေးများ) ရောက်သွားပြီး၊ နိုင်ငံခြား (တရုတ်များ)၊  ခရိုနီများ နဲ့ မြန်မာအာဏာပိုင်များ၊ လက်ထဲကို တိုင်းပြည်ဘဏ္ဍာများ (အိမ်ခြံမြေများ) အလုံးအရင်းနဲ့ ရောက်သွားပါတယ်။

ကျွန်တော် ကိုယ်ပိုင်ဦးနှောက်နဲ့ ၀န်ကြီးဌာနပေါင်း ၃၀က အစိုးရဌာနများ ဘယ်လိုနည်းနဲ့ ခြစားနေကြပါသလဲ..ဆိုတာ လေ့လာသုံး သပ်ပါတယ်။ ဥပမာ ..ပညာရေးဌာန၊ ကျောင်းစောင့်တစ်ဦးတောင် သူ့လုပ်ပိုင်ခွင့်ကို ဘယ်လိုအသုံးချ၊ ငွေရအောင်အသုံးပြုနေသလဲ.. အားလုံးခြစားနည်းကို အလိုအလျှောက် သိနေပါတယ်။

● ဥပမာ..၀တ်သောက်ကား (Without Car)
၂၀၁၀တုန်းက ကားဈေးတွေ အလွန်ကြီးတော့ ၀တ်သောက်ကား ဆိုတဲ့ နံပါတ်အတုကားများစွာ မြန်မာပြည်မှာ ခပ်တည်တည် အသုံးပြုနေကြတယ်။ သိသူဖေါ်စားပေါ့။ ရဲကသိရင် လာငွေညှစ်တယ်။ ရှေ့နေကသိရင် ရဲကိုလက်တို့ပြီး ပေါင်းညှစ်ကြတယ်။ ရပ်ကွက်လူကြီးကသိရင်လည်း ငွေတောင်းလို့မရရင် ရဲနဲ့ပေါင်းပြီး တောင်းစားတယ်။ က.ည.န ကသိရင်လည်း ရဲနဲ့ပေါင်းပြီး လုပ်စားပြန်တယ်။ အဲ..ရဲဆိုလို့ ရဲအကြပ်တပ်သားအဆင့်ကို ပြောတာမဟုတ်ပါ။ ရဲမင်းကြီး၊ ရဲမှုးကြီးအဆင့်မှ လုပ်ပိုင်ခွင့်ရှိပါတယ်။ ရဲ အဆင့်နိုမ့်အရာရှိတစ်ဦးက အထက်လူကြီးမသိအောင် တိတ်တိတ်ကလေး ခြစားနေရင်၊ ..အဲ..အထက်လူကြီးသိသွားလို့ အမြင်ကပ်ပုဒ်မနဲ့ မိသွားရင်၊ အဲဒီရဲ လပ်စားမှုနဲ့ ထောင်ကျသွားနိုင်တယ်။ အထက်လူကြီးကတော့ ထုံးစံအတိုင်း ဘယ်ထောင်ကျနိုင်ပါ့မလဲ၊ အလွန်ဆုံး ခြစားမှုရဲ့ ပြစ်ဒဏ်က နယ်ကိုပြောင်းရွှေ့မိန့်ပဲ ဆိုတော့ ခြစားလို့ကောင်းမှကောင်း…။

နောက်ပိုင်း  အစိုးရသစ်တက်လာပြီး၊ ၀တ်သောက်ကားတွေ လိုက်သိမ်းတော့ သူဌေးတွေ၊ ကြောက်အားလန့်အားနဲ့ (တကယ်ဖမ်းဆီး ဒဏ်ငွေချ၊ ထောင်ချတော့) ကားတွေကို ဘုန်းကြီးကျောင်းထဲ လာပစ်ထား၊ လမ်းမဘေးမှ စွန့်ပစ်နဲ့ ဖရိုဖရဲဖြစ်သွားခဲ့တယ်။ ၀တ်သောက်ကားကို တရားဝင်ဖြစ်အောင် မလုပ်မနေရ ဒဏ်ကြေးက သိန်း၂၀၀၊ သိန်း၃၀၀ ပေးရတော့ ၀တ်သောက်ကား ပိုင်ရှင်တွေ ဘယ်ပေးနိုင်မှာလဲ၊ ကားတွေပဲ လွှင့်ပစ်ရတော့တယ်။ ဥပဒေစိုးမိုးမှု အစပြုတာပေါ့။  ၀တ်သောက်ကားကို တရားဝင်လုပ်တဲ့ အာဏာပိုင်ဝန်ထမ်းများ ထောကြည် ဖြစ်ကုန်ပြန်တယ်။ အရောင်းအ၀ယ်ကို အခွံကောက်တော့ အစိုးရ (အခွန်ဝန်ကြီးဌာန) ငွေရသလို အခွံဝန်ထမ်းများလည်း ထောနေဆဲပါပဲ။ ဘောင်ထဲဝင်အောင် တိုင်းပြည်ဘဏ္ဍာ (အခွန်ငွေ) ကို ၀န်ထမ်းများနဲ့ လည်ဝယ်သူများက သူတို့အိတ်ကပ်ထဲ ပြောင်းထဲ့ကြပါတယ်။

ပြန်အပ်သောကားဟောင်းများ (ကားသင်္ချိုင်း၊ ရန်ကုန် ၂၀၁၃)

● ကားပါမစ် ရုတ်သိမ်းခြင်း
နောက်ပိုင်း ကားပါမစ်တွေ ထုတ်ပေးတော့ ကားဈေးတွေ ဖြုတ်ကနဲ ထိုးကျသွားပြန်တယ်။ တိုရိုတာဗင်ကားတစ်စီးကို သိန်း၃၀၀ ကနေ သိန်း၁၀၀အထိ ကျသွားလိုက်တာ ၂၀၁၃မှာ ရန်ကုန်မြို့ထဲ ကားတွေ ပြည့်ကျပ်နေတော့တာပဲ။ ပိုက်ဆံရှိသူတွေ တက္ကစီကား ၄စီး၊ ၅စီး ၀ယ်ထားပြီး ကားအုံနာလုပ်စားတဲ့ ခေတ်ဖြစ်သွားတယ်။ တက္ကစီ ကားဒရိုင်ဘာ ရှားပါးသွားတဲ့ခေတ်ပေါ့။ အထူးသဖြင့် ဓါတ်ဆီ၊ အော်တိန်း (စက်သုံးဆီ) ရောင်းစားခွင့်ရသူများ ထောကြည်ဖြစ်တဲ့ ကာလပေါ့။ မြန်မာပြည်မြို့ကြီးများစွာမှာ စက်သုံးဆီရောင်းဆိုင်များ ဥဒဟို ပေါ်လာကြတယ်။ လိုင်စင်ရအောင်လုပ်ကြတယ်။

ဟော အခု ၂၀၁၂ကုန်ခါနည်းမှာတော့ အထက်မြန်မာပြည်မှာ ၀တ်သောက်ကားတွေ ခေတ်စားလာပြန်တယ်။ ဟွန်ဒါ ၁.၀ စီစီ ကားငယ်လေးများကို ရန်ကုန်မှာ သိန်း၈၀လောက် ဈေးပေါက်နေချိန်မှာ၊ နယ်မြို့တွေက ၀တ်သောက်ကားအဖြစ် သိန်း၂၀၊ ၂၅ နဲ့ အရောင်းအ၀ယ်ဖြစ်နေတယ်။ ဘယ်သူတွေ လုပ်ရဲသလဲဆိုတော့ အာဏာပိုင်ဝန်ထမ်းများပေါ့။ ငွေရှိသူ စီးပွားရေးသမားများက ၀တ်သောက်ကားကို လုံးဝမ၀ယ်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနံပါတ်ကို က.ည.န ရုံးကို မေးကြည့်လိုက်ရင် ၀တ်သောက်ကားမှန်း အလွယ်တကူသိနိုင်တယ်။ သိရင် အာဏာပိုင်တွေက ငွေညှစ်လို့ရပြီ၊ အာဏာမရှိသူဆို ဘာမှမတတ်နိုင်ဘူး။ အာဏာရှိသူ ၀န်ထမ်း (ရဲအဖွဲ့ကိုအသုံးပြုပြီး) ၀တ်သောက်ကားပိုင်ရှင်ကို ငွေတောင်းတယ်။ ဘောင်ဝင်အောင်တောင်းတယ်။ မြို့မှာ အာဏာပိုင်ဝန်ထမ်းအချင်းချင်း ဆိုရင်တော့ နားလည်မှုနဲ့ ငွေမညှစ်ကြဘူး။ အထူးသဖြင့် ၀တ်သောက်ကားပိုင်ရှင်ကို အကွက်ချပြီး နည်းမျိုးစုံနဲ့ ဖမ်းနိုင်၊ ဒဏ်ငွေချနိုင်တော့ ၀န်ထမ်းများပဲ ၀တ်သောက်ကား ၀ယ်သုံးရဲကြပါတယ်။  စီးပွားရေးသမားတစ်ဦးက ငွေ သိန်း၂၀ နဲ့ ၀တ်သောက်ကား ၀ယ်လိုက်တယ်။  ဗဟိုတရားရုံးရှေ့နေပေါက်စတစ်ဦး သိန်း၂၀မရှိပေမဲ့ အဲဒီ ၀တ်သောက်ကားကို သူ့အိမ်မှာ ထားပြီး ၂ယောက်မျှသုံးကြတယ်။ က.ည.န ၀န်ထမ်း၊ ရဲအရာရှိကလည်း ဗဟိုတရားရုံးရှေ့နေပေါက်စ ပါဝင်ပတ်သတ်နေတော့ ပြသနာမလုပ်ရဲဘူးပေါ့။ နားလည်မှု န.လ.မ ခြစားနည်း နယ်မှာ ၀တ်သောက်ကားကို အသုံးပြုနေခြင်းပါပဲ။

အဲဒီ ၀တ်သောက်ကားကို တစစီဖျက်ပြီး ရန်ကုန်မြို့ ကားဝပ်ရှော့ကို ကားပစ္စည်းများ ရောင်းချရင်၊ တော်တော် ပွမှာပဲလို့ တက္ကစီကားဒရိုင်ဘာတစ်ဦးက ကြံတယ်။ ကြံရင်းကြံရင်… အာဏာမရှိတဲ့ တက္ကစီဒရိုင်ဘာက …ဘယ်နည်းနဲ့မှာ အဲဒီ ရဲ၊ က.ည.န၊ ၀န်ထမ်းများ လက်က မလွတ်နိုင်ဘူး။ အကြောင်းမလှလို့ရှိရင် ပစ္စည်းသိမ်းခံရ၊ လူလဲထောင်ချ ..ဖြစ်သွားနိုင်တယ်။

 
အင်ဂျင်အသစ်နဲ့ ဘတ်စကားအဟောင်း (၂၀၁၃)

● ဂျပန်ကားများ မြန်မာလမ်းမအရောက်တန်ဖိုး
ဒါနဲ့ အဲဒီ ၀တ်သောက်ကားတွေ ဘယ်လိုလုပ်ပြီး မြန်မာပြည်ထဲ ၀င်လာပါသလဲ၊ တရားဝင် ကွန်တိန်နာနဲ့ ဂျပန်ကလာတဲ့ တစ်ပတ်ရစ်ကားတွေက သိန်း၈၀ အရောင်းဝယ်ဖြစ်နေချိန်၊ ဒီ ၀တ်သောက်ကား သိန်း၂၀ပဲ ဖြစ်နေရပါသလဲ။  အံ့သြစရာပေါ့….။  တရုပ်ပြည်နဲ့ထိုင်းနိုင်ငံက တဆင့် မောင်းယူလာတဲ့ ကားတွေဖြစ်ပါတယ်။ ဟိုး..လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကလည်း ၀တ်သောက်ကားများ ထိုင်းနိုင်ငံနယ်စပ်ကနေ တရုပ်ပြည်အထိ မောင်းသွားပြီး၊ ရောင်းဝယ်ခဲ့ကြတယ်။ အခုတော့ တရုပ်ပြည်မှာလည်း ဂျပန်ကားများ (လင်္ကျာမောင်း ထိုင်ခုံကားများ) တရုပ်ပြည်တွင်းမှာ မောင်းနှင်ခွင့်မပေးတော့ အဲဒီကားတွေ တရုပ်ပြည်ပကို ထွက်လာတယ်။ ဂျပန်ပြည် တပတ်ရစ်ကားကို ဒေါ်လာ ၂ထောင်လောက်နဲ့ ၀ယ်လာတော့ ပေါက်ဈေးအရ သိန်း၂၀လောက်ပဲ တန်တဲ့ကားတွေပါ။ ဘာကြောင့် မြန်မာပြည်မှာ အဲဒီကားက သိန်း၈၀ ဈေးပေါက်နေရပါသလဲ ..မေးလို့ကောင်းတဲ့ မေးခွန်းပါ .. Good Question!!

မြန်မာပြည်မှာ လိုင်စဉ်ကြေး၊ ပါမစ်ကြေးတွေနဲ့ ၀န်ထမ်းများ အကြီးအကျယ် လပ်စားနေတော့ သိန်း၂၀ တန်တဲ့ကား၊ သိန်၈၀ တရာဝင်ဈေးပေါက်နေခြင်းဖြစ်ပါတယ်။

နယ်မြို့က မြင်းလှည်း၊ ဆိုင်ကယ်၊ ကုန်တင်ကား


● လိုင်စင်ကြေး (ပါမစ် သို့မဟုတ် လုပ်ပိုင်ခွင့်)

အဲဒီ လိုင်စင်ကြေး (ကွာဟငွေ သိန်း၆၀) ဘယ်ရောက်သွားပါသလဲ။.. စင်ကာပူ၊ အမေရိကားလို နိုင်ငံမျိုးကတော့ အစိုးရကပဲ နိုင်ငံဘဏ္ဍာအဖြစ် ရအောင်အခွန်ကောက်ယူပါတယ်။ မြန်မာပြည်အပါဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ခြစားသူ အာဏာပိုင်ဝန်ထမ်းများ၊ ငွေရှင်ခရိုနီလို အစိုးရနဲ့ပေါင်းစားသူများ အိပ်ထောင်ထဲရောက်သွားပါတယ်…။

ဒါကြောင့် မြန်မာပြည်ဟာ ကမ္ဘာ့ နိုင်ငံပေါင်း ၁၇၆ မှာ လပ်အစားဆုံး ၅နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ မြန်မာပြည်သားများရဲ့ Attitude ဟာလည်း လပ်ပေးမှ (လက်ဆောင်ပေးမှ) အဆင်ပြေမယ်ထင်ကြတော့ ပေးသူကပေး၊ ယူသူကယူ.. သံသရာလည်နေဆဲဖြစ်ပါတယ်။  အစိုးရသစ်အဖို့ အလွန်ခက်ခဲတဲ့ ဖြေရှင်းနည်းကို သုံးနေရပါတယ်။ ထောင်ချ၊ သေဒဏ်ချရင် ကိုယ်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်နေတော့ သမ္မတဦးသိန်းစိန်က သတိထားကိုင်တွယ်ရတယ်။ အတိုက်အခံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါးစပ်ပေါက်ပိတ်နေရရှာတယ်။

ဒါလောက်ဆို မြန်မာပြည် ၀န်ကြီးဌာနပေါင်း ၃၀က ၀န်ထမ်းများ မိမိတို့ဌာနကို မိမိဘိုးဘွားပိုင် ဥစ္စာလို သဘောထားပြီး စုပေါင်းညီညာစွာ ခြစားနေကြပုံကို နည်းနည်းသဘောပေါက်လောက်ပါပြီနော်။ ဒါတွေကို ဒီအတိုင်း သမ္မတဦးသိန်းစိန်တာဝန်ပဲ ..ဆိုပြီး မိုးခါးရေဆက်သောက်မလား… မိမိကိုယ်တိုင်က တတ်နိုင်သရွေ့ ခြစားနည်းများကို ကိုယ်ပတ်ဝန်းကျင်မှာ နည်းပါးသွားအောင် ဥပမာ..ကျပ်တစ်သောင်းအထက် လက်ဆောင် (လပ်ဘ်) တောင်းလာရင် ပြန်လည်တိုက်ခိုက်မလား… ကျွန်တော်ကတော့ တလ ၃သိန်းလောက် ၀င်ငွေရအောင် လုပ်စားနေဆဲပါပဲ ခင်ဗျ…။

ခြမစားချင်သော်လည်း ခြစားနေရသည့်ဝန်ထမ်းတစ်ဦး

မြန်မာအစိုးရအရာရှိရဲ့မာစတာဂျစ်


Ref: World Corruption Index
http://cpi.transparency.org/cpi2012/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts