လူများ၊ ရုပ်ပုံလွှာများ ငြိမ်းချမ်းအေး

ကိုခင်ဝမ်း လွမ်းချင်း ၊ ရေးသူ – ကိုနေ၀င်း (မဇ္စျိမလှိုင်း)

ကိုခင်ဝမ်း လွမ်းချင်း ၊ ရေးသူ – ကိုနေ၀င်း (မဇ္စျိမလှိုင်း)

(ဤ ဆောင်းပါးကို မြန်မာသစ် မဂ္ဂဇင်း ၊ ဖေဖေါ်ဝါရီလ ၊ ၂၀၁၀ တွင် မူရင်း ပုံနှိပ် ဖော်ပြခဲ့သည်။)

မိုးမခရုပ်ပုံလွှာ၊ ဖေဖော်ဝါရီ ၃၊ ၂၀၁၃ ၊ ငြိမ်းချမ်းအေး စီစဉ်သည်

ကိုခင်ဝမ်းကို သူ့ရဲ့ “နှင်းဆီဖြူရဲ့ အဝေးကလူတယောက်” စီးရီးမှာ စပြီး ကြားဖူးပါတယ်။ အဲဒီနောက်တော့ “ပြည်မှာဆောင်း” စီးရီးတို့ဘာတို့ပေါ့။ နောက်တော့ သူ့ သူငယ်ချင်းတွေက မိတ်ဆက်ပေးလို့ ကိုခမ်ဝမ်းနဲ့ ကျွန်တော် လူချင်း ခင်သွားကြပါတယ်။ အဲဒါကတော့ ခရမ်းပြာအဆောင် မှာပါ။ အဲဒီတုန်းက ကိုရဲလွင်က ခရမ်းပြာအဆောင် မှာနေတယ်။ ကိုခင်ဝမ်းနဲ့ ကိုရဲလွင်တို့က ကျောင်းနေဘက်တွေ ဆိုတော့ ကိုခင်ဝမ်းက ကိုရဲလွင်နဲ့ ပက်သက်ပြီး ခရမ်းပြာအဆောင်မှာ လာနေတယ်။

ညနေစောင်းဆိုရင် ကျွန်တော်တို့ အင်းလျား ကန်စောင်းပေါ်တတ်ပြီး ဂစ်တာနဲ့ သီချင်းတွေ ဆိုကြတယ်။ ကိုရဲလွင် ပါတယ်။ ကိုခင်ဝမ်း ပါတယ်။ ကိုမောင်မောင်လည်း ပါတယ်။ ၁၉၈၄/၁၉၈၅ ၀န်းကျင်လောက်ဖြစ်မယ် ထင်ပါတယ်။

http://youtu.be/zsdBMQPybjM

(မကြေငြာတဲ့ဖျက်သိမ်းခြင်း ၊ ပန်းနုရောင်ခံစားချက်များ ၊ ၁၉၈၁)

ကျွန်တော့် သီချင်းတွေကို ကိုခင်ဝမ်း စဆိုဖြစ်တာကတော့ “ပန်းနုရောင်ခံစားချက်များ” စီးရီးမှာပါ။ အဲဒီတုန်းက ကျွန်တော် ကီလီမှာ နေပါတယ်။ ကိုခင်ဝမ်းက ကျွန်တော့်သီချင်းတွေ ဆိုချင်တယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ “ပန်းနုရောင် ခံစားချက်များ” တေးစီးရီးမှာ ကျွန်တော်ရေးတဲ့ “မကြေငြာတဲ့ သိမ်းဖျက်ခြင်း” နဲ့ ကျွန်တော်နဲ့ စောဂျက်ဆင် တွဲရေးတဲ့ “မငိုမိတယ်” သီချင်းတွေကို ကိုခင်ဝမ်း သီဆိုခဲ့ပါတယ်။ အဲဒီစီးရီးမှာ ကိုမောင်မောင် ရေးတဲ့ “မရှိခဏ” သီချင်းလည်း ပါ ပါတယ်။

http://youtu.be/4kVzhMTcgtE

(မငိုမိတယ် ၊ ပန်းနုရောင်ခံစားချက်များ ၊ ၁၉၈၁)

http://youtu.be/BCrYYkBJpqo

(မရှိစကား / မရှိခဏ ၊ ပန်းနုရောင်ခံစားချက်များ ၊ ၁၉၈၁)

ကျွန်တော့် သီချင်းတွေချည်း ကိုခင်ဝမ်း ဆိုဖြစ်သွားတာကတော့ “အမှောင်ကိုထွန်းညှိမယ့်မီးအိမ်” တေးစီးရီးပါ။ ကိုခင်ဝမ်းက ကျွန်တော့် သီချင်းတွေ တခွေစာ ဆိုချင်တယ်။ သီချင်းတွေရှိလားလို့ မေးပါတယ်။ “အမှောင်ကိုထွန်းညှိမယ့်မီးအိမ်” သီချင်းက တကယ်တော့ ကိုခင်ဝမ်းကို ရောင်းဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုခင်ဝမ်းက အဲဒီသီချင်းကို သူတကယ် ဆိုချင်ပါတယ် လို့ ပြောပါတယ်။ အဲဒီအခွေမှာပဲ စိုင်းထီးဆိုင် ဆိုထားတဲ့ “နေမင်းပြုံးမယ့်နေ့”  ဒန်းနစ်စ် (မွန်းအောင်) ဆိုထားတဲ့ “ခွဲခွာခြင်းကိုနှစ်သိမ့်သည့်အပြုံး”၊  ခိုင်ထူး ဆိုထားတဲ့  “အစောဆုံးပြန်ခဲ့ပါ” သီချင်းတွေကို ကိုခင်ဝမ်း ပြန်ဆိုထားပါတယ်။

“လွမ်းရတဲ့ညတွေ လွန်ပါစေ”  သီချင်းကိုလည်း ကိုခင်ဝမ်း အရင် ဆိုခဲ့တာပါ။  ကျော်ဟိန်းရဲ့ “ကိုယ်ချစ်တာတယောက်တည်း” ရုပ်ရှင်ကားမှာပါ။ အဲဒီတုန်းက ခရမ်းပြာမှာ ကိုခင်ဝမ်းတို့နဲ့ အတူနေကြတဲ့ ကာလပေါ့။  နောက်မှ ဒန်းနစ်စ် (မွန်းအောင်) က “လွမ်းရတဲ့ညတွေ…” သီချင်းကို ဆိုပါတယ်။

http://youtu.be/cIZ1CEJms3A

(လွမ်းရတဲ့ညတွေလွန်ပါစေ ၊ အမှောင်ကိုထွန်းညှိမယ့်မီးအိမ် ၊ ၁၉၉၁)

ကျွန်တော်က စင်ပေါ်မှာ “လွမ်းရတဲ့ညတွေ…” သီချင်း ဆိုနေတာကို ဒန်းနစ်စ် ကြားသွားပြီး ဒန်းနစ်စ်လည်း အဲဒီသီချင်းကို ဆိုဖြစ်သွားတယ်။ “လွမ်းရတဲ့ညတွေ…” သီချင်းကို ဒန်းနစ်စ် ဆိုတာ အသံနည်းနည်းမာပြီး ကိုခင်ဝမ်းကတော့  အေးအေးငြိမ့်ငြိမ့်လေးဆိုသွားပါတယ်။  ကိုခင်ဝမ်းက “လွမ်းရတဲ့ညတွေ…” သီချင်းကို E ကီးနဲ့ ဆိုပါတယ်။ ကျွန်တော်လည်း E ကီးနဲ့ ဆိုပါတယ်။ ဒန်းနစ်စ် ကတော့ G ကီးနဲ့ ဆိုတော့ အသံနည်းနည်း မာသွားတယ်။

ကိုခင်ဝမ်းဟာ “ပန်းခရမ်းပြာ” တေးစီးရီး ကနေစပြီး မဇ္ဈိမလှိုင်း တီးဝိုင်းနဲ့ လက်တွဲခဲ့ပါတယ်။ “ပန်းခရမ်းပြာ” အခွေမှာ ကိုရဲလွင် သီချင်းတွေချည်း ကိုခင်ဝမ်း သီဆိုခဲ့ပါတယ်။ အဲဒီ စီးရီးကို လင်း စတူဒီယိုမှာ သွင်းပါတယ်။ အဲဒီ နောက်ပိုင်း ကိုခင်ဝမ်းဟာ မဇ္ဈိမလှိုင်းနဲ့ စတိတ်ရှိုးတွေဆိုပြီး မဇ္ဈိမလှိုင်း တီးဝိုင်းရဲ့ ပင်တိုင်လို ဖြစ်သွားပါတယ်။

“ပန်းခရမ်းပြာ” အခွေဟာ ပေါက်သွားပါတယ်။ လူငယ်တွေက “ပန်းခရမ်းပြာ” ကို ကြိုက်ကြတယ်။ ကိုခင်ဝမ်းကိုလည်း လက်ခံသွားကြတယ်။ တကယ်တော့လည်း ကိုခင်ဝမ်းကို သူတို့ အစောကတည်းက လက်ခံပြီးသားပါ။ “ပန်းခရမ်းပြာ” ခွေထဲမှာ ‘နောက်ဆုံးအိမ်မက်’သီချင်းကို ကျွန်တော် ကလပ်ဆီကယ် ဂစ်တာ တီးထားပါတယ်။ “ကစားမလားနားမလား” တေးစီးရီးထဲက ကိုခင်ဝမ်းရဲ့ ‘မျှော်တလင့်လင့်’သီချင်း ကိုလည်း ကျွန်တော် ကလပ်ဆီကယ် ဂစ်တာ တီးထားပါတယ်။

ကိုခင်ဝမ်းနဲ့ ကျွန်တော် စတိတ်ရှိုးတွေ ဆိုရင်း ခရီးသွားခဲ့တာတွေ ရှိပါတယ်။ မန္တလေးမှာ မဇ္ဈိမလှိုင်း တီးဝိုင်းနဲ့ ဆိုကြတဲ့ အချိန်မှာ ကိုခင်ဝမ်း ပါတယ်။  မန္တလေးမှာ ကိုခင်ဝမ်းဟာ သူ့ရဲ့ ‘ယိမ်း’ သီချင်းကို အတီးမပါဘဲ ဆိုသွားပါတယ်။ ရန်ကုန် ရပ်ကွက် ဘုရားပွဲတွေမှာလည်း နှစ်တိုင်း ကိုခင်ဝမ်း ပါ ပါတယ်။ ပြည် မှာ ကိုခင်ဝမ်း ပွဲလုပ်တော့ လိုက်သွားဖူးတယ်။ မဇ္ဈိမလှိုင်း တီးဝိုင်းနဲ့ ပါ။ ကျွန်တော်လည်း သီချင်းတွေ ၀င်ဆိုခဲ့ပါတယ်။

ကိုခင်ဝမ်း သီချင်းတွေထဲမှာ ‘ပြည်မှာဆောင်း၊ မြစ်’ စတဲ့ 6/8 တိုင်ပင်သီချင်းတွေကို ကြိုက်တယ်။ ‘ဆယ်လါမွန်ငါးတို့အပြန်၊ ခုနှစ်ပြည်ထောင်၊ နှုတ်ဆက်ခဲ့ပါတယ်’ စတဲ့ သီချင်းတော်တော်များများလည်း ကြိုက်ပါတယ်။ ‘အိုဆာကာလေဆိပ်’ ဆိုတဲ့ သီချင်းတပုဒ် ရှိသေးတယ်။ အဲဒီသီချင်းကို ကျွန်တော် နားထောင်ဖူးတယ်။  အခွေထဲမှာတော့ မပါဘူး။  သီချင်းအကြောင်းအရာက ဂျပန်ကိုသွားတဲ့ အကြောင်းလေးပါ။ နီပွန်ကော်ဇောဆိုတာကိုတော့ မှတ်မိတယ်။

ကိုခင်ဝမ်းက ကလပ်ဆီကယ်ဂစ်တာလည်း တီးခဲ့ဖူးတယ်။ ရန်ကုန် ၄၅ လမ်း Y.M.C.A မှာ ကိုရဲလွင်နဲ့ အတူနေကြသေးတယ်။ သူ မကွယ်လွန်ခင်က ဂျပန်က မှာလို့ သူပန်းချီဆွဲတာကိုတော့ ကျွန်တော် မြင်ဖူးတယ်။

ကိုခင်ဝမ်းဟာ စိတ်သဘော ကောင်းတယ်။  ပြည့်တယ်။  သီချင်းတွေလည်း ကောင်းတယ်။ ကိုယ်ပိုင်သံစဉ် သီချင်းတွေ အားနည်းနေတဲ့ အချိန်မှာ သူလည်း တတပ်တအား အားဖြည့်သွားခဲ့တယ်။ ကိုခင်ဝမ်း သီချင်းတွေဟာ စာသား ကောင်းတယ်။ မယ်လိုဒီလည်း ကောင်းတယ်။ ကိုခင်ဝမ်းက ဂစ်တာတီးပြီး သီချင်းတွေ ရေးခဲ့တယ်။ ပန်းချီဆရာလည်း ဖြစ်နေတော့ သူ့ သီချင်းတွေမှာ အရောင်တွေ ပါတယ်။

ကိုခင်ဝမ်း ဆုံးသွားတော့ ကျွန်တော် ၀မ်းနည်းတာရော နှမြောတာပါ ခံစားရတယ်။ နောက်ထပ်လည်း ကိုခင်ဝမ်းလို လူမျိုး မရနိုင်တော့ပါဘူး။ ကျွန်တော်တို့ အတွက်ကတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပါ။ စိုင်းထီးဆိုင် ဆုံးရှုံး သွားတာလည်း အဲဒီလိုပါပဲ။ ကိုခင်ဝမ်းလည်း အတူတူပါပဲ။ သူတို့ကို အစားထိုးလို့ မရနိုင်တော့ပါဘူး။


ကိုနေ၀င်း

၂၅၊ ၁၂၊ ၀၉

မြန်မာသစ် မဂ္ဂဇင်း ၊ ဖေဖေါ်ဝါရီလ ၊ ၂၀၁၀


၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ လ၊  ၃ ရက်နေ့ ခင်ဝမ်းကွယ်လွန်ခြင်း (၁၃) နှစ် ပြည့် အမှတ်တရ ခင်ဝမ်း ချစ်သူ မိုးမခ စာဖတ်ပရိသတ် အတွက် ပြန်လည် တင်ဆက်ခြင်း ဖြစ်ပါသည်။ ဤ ဆောင်းပါး အတွက် ဆောင်းပါးရှင် တေးပြုစာဆို/တေးသံရှင် ကိုနေဝင်း (မဇ္စျိမလှိုင်း)၊  မူရင်း ပုံနှိပ် ဖော်ပြခဲ့တဲ့ မြန်မာသစ် မဂ္ဂဇင်း နှင့် ဆောင်းပါး ကို ပြန်လည် စာရိုက် မျှဝေသူ မလင်း တို့ကို အထူး ကျေးဇူးတင်ပါသည်။

https://www.facebook.com/groups/KhinOneFanClub/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts