ဖေဖော်ဝါရီ ၂၊ ၂၀၁၃
ဇာတာအမည်က
မ၀င်းမေတဲ့ဗျ
သူ့ဘ၀က
မုန်တိုင်းကထန်ပေမယ့်
ရေဆန်ကိုအံတု
ဗေဒါပျံတစ်ခုလိုပဲပေါ့
ရင်ကိုကော့လျှက်
ပန်းပန်လျှက်ပဲဗျ…..၊
သူ့ဘ၀က
စိန်စီသောညတွေ
မရှိခဲ့ရပေမယ့်
သူ့နှလုံးသားက
စိန်စီသောအလှတွေနဲ့
ထာဝရ ၀င်းပနေခဲ့ပေါ့……….။
(၂)
ရွှေဇွန်းကိုက်ပြီး
ကြီးပြင်းလာခဲ့တဲ့သူမ
ဆယ့်ခြောက်နှစ်ရောက်တဲ့
ခြောက်ဆယ့်နှစ် ခုနှစ်မှာ
ဆိုရှယ်လစ်ဆိုလား
ငတက်ပြားလက်သစ်
လူလစ်ကြီးတွေအတက်
မိဘတွေလည်း ဘ၀ပျက်
အထည်ကြီးတွေပျက်
ရွာကသစ်စက်
ချက်ဗ်လက်နဲ့
ပက်လက်ကားခြောက်စီး
ဆင်ကြီးရှစ်ကောင်
သစ်တန်ထောင်သောင်း
အကုန်ပြောင်တဲ့လမ်းကြောင်းက
မြန်မာ့ဆိုရှယ်လစ်ပါဆိုတဲ့
ညာခဲ့တဲ့စခန်း
ညာခဲ့တဲ့ဇာတ်လမ်း
သူမဖြတ်သန်းခဲ့ရ
ရှည်လျားလှတဲ့
အိပ်မက်ဆိုးနဲ့ညတွေပေါ့……။
(၃)
ကိုးတန်းအရောက်
အရွယ်မရောက်ပဲ
ချောက်ထဲကိုကျ
အိမ်ထောင်ကျခဲ့
ဘ၀ရဲ့ ရည်မှန်းချက်
ဆရာဝန်ဖြစ်ဖို့အတွက်
တသက်တာတော့
ဝေးပြီပေါ့တဲ့
ငိုခဲ့ရတဲ့
ဘ၀ရဲ့ နေ့တာရှည်
စခဲ့လေပေါ့။
(၄)
အိမ်ထောင်ကျစ တဖန်
ကျောင်းပြန်တယ်ဖို့ကြံ
ကံကမပေး
ကြိုးစားသေးပေမယ့်
စံနစ်ရဲ့ ဒဏ်
သူမခံပေရော့
စမ်းသပ်ခံတွေကြား
သားကောင်တွေထဲက
သူမလည်း ပါရ
နှစ်နှစ်လလ
အားကမတန်တော့
ပညာမာန်လျော့ခဲ့ရပေါ့။
(၅)
ဝန်ကြီးချုပ်သား
သမတကြီးသမီး
ကြီးကြီးမာစတာ
အောက်က်စဖို့ဒ်မှာ
တက္ကသီလာသို့
တက်ခွင့်ရဖို့ထက်
သူမအတွက်
ခက်လှခဲလှ
ညကျောင်းလေးတောင်
တက်ရဖို့ပဲ
မ၀ံ့မရဲနဲ့တစ်နေ့
အမေ့ကိုပူစာလို့
ခွင့်ပြုချက်ရ
သူမရဲ့ ဘ၀ရောင်ခြည်
စခဲ့ပြီပေါ့။
(၆)
သားလေးတန်းရောက်
နောက်မကျသေးဆိုပြီး
သားတို့ရှေ့ရေးမို့
တွေးမိသေးလို့
အားမွေးလို့သာ
စာအံကျက်ရ
ညကျောင်းပြန်တက်တဲ့အခါ
တစ်ချို့ က
လှောင်ထားကြတာများ
ညားကျောင်း တက်တာလားတဲ့
အားမလျော့တဲ့
သူမကပေါ့
ဆယ်တန်းအောင်တော့
လှောင်သူတွေကို ရင်ကော့ပြခဲ့သတဲ့။
(၇)
သခင်ပေါက်စ
မဟုတ်ရပေမယ့်
မောင်ငယ့်ဘ၀ခက်သေး
ဦးသန့်အရေးမှာ
အာအိုင်တီက
တက်စကျောင်းသား
သူပါသွားသမို့
အမ်အိုင်တို့က
သူ့ကိုဆွဲကြ
သူ့ကိုဆွဲချ
သူမမျက်စေ့ရှေ့ မှာ
ကြက်ငှက်သာသာဘဝ
သူမမျက်ရည်သာကျ
ဘာများတတ်နိုင်ရဦးမှာလည်း။
(၈)
နိုင်ငံရေးအကျဉ်းသား
ယောက်ျားကထောင်ထွက်
အိမ်ထောင်ဘက်နဲ့ဝေး
သားနဲ့ သမီးကိုကျွေး
လူဖြစ်အောင်မွေး
ကိုယ့်ကိုယ်ကိုမွေး
ကိုယ်ရည်ကိုယ်သွေးနဲ့
လူရည်လူသွေးပြ
သူမဘဝ
တရားရုံုးချုပ်က
ရှေ့နေကြီးဖြစ်ခဲ့ရ
ဘယ်သူပြိုင်လို့လှနိုင်ပါ့မလည်း။
(၉ )
ဘွဲ့ရကာစမှာ
အိမ်ထောင်ဘက်ကဆုံးပါး
ရွှေတောင်ကြီးလဲသွား
သားတစ်ယောက်
သမီးတစ်ယောက်
သားလူရည်ချွန်တစ်ယောက်
ဆရာဝန်ဖြစ်အောင်
မြေတောင်မြှောက်
မုဆိုးမ ဗေဒါမတစ်ယောက်
သူမခြေထောက်ပေါ်မှာ
သူတို့ဘ၀ကိုလျှောက်ခဲ့တယ်။
(၁၀)
ဆိုက်ကားသမား
အရက်သမား
တရားသမား
စစ်သားလူတွက်ဆိုတဲ့
တရားသူကြီးအမျိုးမျိုးနဲ့
တန်ခိုးထွားခဲ့သူတွေကြား
ရေဆန်ကိုတိုးတက်ကာ
ဗေဒါပျံလိုပဲ
အံကိုခဲလို့သာထား
ပညာတတ်အတွက်များ
တရားဥပဒေ ညဉ့်တွေက
နက်လွန်းမက
နက်လွန်းလှခဲ့တယ်လေ။
(၁၁)
ချွေးနည်းစာနဲ့
ဝယ်ထားခဲ့တဲ့မြေက
ရာဇဌာနီဆိုတဲ့
လမ်းမ ချဲ့ တော့
လမ်းထဲမပါပဲနဲ့
သူမရဲ့ အိမ်အိုလေးတစ်လုံး
ခရိုနီတို့ဘုံးကြတော့
သူမအတွက်
ရှေ့နေဖြစ်ပေမဲ့
ဥပဒေအထက်မှာ
လူများစွာရှိခဲ့ကြပေါ့။
(၁၂)
ကိုယ်ချင်းစာမှုအခြေခံ
မြေသိမ်းခံထား
လယ်သမားများထံ
အကြံဥာဏ်များစွာ
မေတ္တာနဲ့ပေးထား
စိန်နားကပ်အရောင်နဲ့
ပါးမပြောင်ခဲ့
သူ့အရောင်နဲ့
သူပြောင်ခဲ့ရတဲ့
သူမဟာ
ပါမောက္ခလည်းမဟုတ်
အရာရှိကြီးလည်းမဟုတ်
နိုဘယ်ဆုရှင်လည်းမဟုတ်ခဲ့ရပါဘူး။
(၁၃)
ခေတ်ဟောင်းကပြို
ခေတ်သစ်ပျိုမှာ
အားမာန်မချတဲ့
သူမဟာစံပြ
သူမဇာတ်လမ်းဟာ
မြန်မာနိုင်ငံရဲ့ 
သမိုင်းနဲ့ရင်းထားပြီး
ခါးသီးခဲ့တဲ့
သူမရဲ့ ဘ၀ဟာ
အညတရ
မဗေဒါပန်းတွေရဲ့ 
ဗေဒါပျံအံကိုခဲ
ဇာတ်လမ်းထဲကတစ်ပုဒ်ဆိုလည်းမမှားပေါ့။
(၁၄)
ဇာတာအမည်က
မ၀င်းမေတဲ့ဗျ
သူ့ဘ၀က
မုန်တိုင်းကထန်ပေမယ့်
ရေဆန်ကိုအံတု
ဗေဒါပျံတစ်ခုလိုပဲပေါ့
ရင်ကိုကော့လျှက်
ပန်းပန်လျှက်ပဲဗျ…..၊
သူ့ဘ၀က
စိန်စီသောညတွေ
မရှိခဲ့ရပေမယ့်
သူ့နှလုံးသားက
စိန်စီသောအလှတွေနဲ့
ထာဝရ ၀င်းပနေခဲ့ပေါ့……….။ ။
(ဒေါ်ဝင်းမေကဲ့သို့သော အညတရ မဗေဒါအမေများအား ရိုသေလေးစားစွာဖြင့်)