ရသဆောင်းပါးစုံ

နှင်းမှုန်တွေကြားက တရုတ်ပြည်ကြီး – အပိုင်း (၁)

ဒေါက်တာဓမ္မပိယ (ITBMU)
ဇန်န၀ါရီ ၃၀၊ ၂၀၁၃
နေတွေ၊ လတွေ၊ ကြယ်တာရာနက္ခတ်တွေနှင့်အလှဆင်ထားတဲ့ ကောင်းကင်ကြီးကို မျက်လွှာပင့်ပြီး မော့ကြည်ခဲ့မယ်ဆိုရင်…။ မှိန်မယောင် ယောင်နှင့် လင်းနေကြတဲ့ကြယ်တွေ၊ လင်းမယောင်ယောင်နှင့် မှိန်နေကြတဲ့ ကြယ်တွေကို အံ့သြစွာ တွေ့မြင်ကြရမှာပါ။ တရုတ်ပြည်ကြီးကို ရောက်တုန်းရောက်ခိုက် ဆောင်းနှင်းတွေဖုံးလွှမ်းထားတဲ့ ပီကင်းမြို့တော်ကြီးကို အဝေးကနေ လှမ်းကြည့်မိတယ်။ မြင်မြင်သမျှ အာရုံတွေဟာ မသဲမကွဲဖြစ်နေပြီး၊ မပီဝိုးတ၀ါး အနေအထားမျိုးနှင့်သာ မြင်နေရခြင်းပါ။

နှင်းမှုန်တွေကြားမှာ မသဲမကွဲ မြင်နေရတဲ့ တရုတ်ပြည်ကြီးဆိုတာ ခေတ်မီတိုးတက်နေတဲ့ နိုင်ငံကြီး တစ်နိုင်ငံပါ။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမျိုးရေးကအစ ဖက်ပေါင်းစုံတိုးတက်နေတဲ့ တရုတ်ပြည်ကြီးကို သွားလိုတဲ့ဆန္ဒတွေ ဖြစ်နေခဲ့တာ ကြာခဲ့ပြီလို့ဆိုရမှာပါ။ ဒါပေမဲ့ သွားဖို့အကြောင်းများ မတိုက်ဆိုင်သေးတော့ မရောက်နိုင်အောင်ပဲရှိနေခြင်းပါ။ ဒီနှစ်တော့ တရုတ်နိုင်ငံ၊ ၀ူဟန်မြို့ကြီးမှာ ကျင်းပပြုလုပ်မဲ့ ဗုဒ္ဓဘာသာ ကွန်ဖရင့်ကြီးတစ်ခုကို တက်ရောက်ဖို့ အခွင့်လမ်းတစ်ခု တိုက်တိုက်ဆိုင်ပဲ ကြုံလာတယ်။ သွားလိုတဲ့ခရီးမို့ ဒီဇင်ဘာလရဲ့ ချမ်းအေးတဲ ရာသီဥတုဒဏ်ကို အံတုပြီး ကွန်ဖရင့်ကိုတက်ဖို့ လျှောလျှောလျှူလျှူပဲ လက်ခံ လိုက်တယ်။ တရုတ်ပြည်ကို သွားရမဲ့အချိန်က ဒီဇင်ဘာလ၊ နေရမဲ့အချိန်က တစ်လ။

အဓိကသွားရောက်ဖို့ အကြောင်းဆုံတာကတော့ “Medicine Buddha Culture Festival” လို့ အမည်ပေးထားတဲ့ မက်ဒီဆင် ဗုဒ္ဓဘာ သာယဉ်ကျေးမှု ညီလာခံကြီးတစ်ခုကို တက်ရောက်ဖို့ပါ။ တရုတ်ပြည် သွားမယ်ဆိုတာကို ကြားသိထားကြတဲ့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (ITBMU) မှာ တက်ရောက်နေကြတဲ့ တရုတ်ပြည်က ကျောင်းသား၊ ကျောင်းသူများက ဖြစ်နိုင်ရင် တရားစခမ်း (၂)ခု၊ (၃)ခုကိုပါ ဖွင့်လှစ်ပေးဖို့ လျှောက်ထားလာကြခြင်းပါ။ ရောက်တုန်းရောက်ခိုက်မို့် မေတ္တာဘာဝနာ (၇)ရက် တရားစခမ်းတစ်ခု၊ ၀ိပဿနာဘာဝနာ (၇)ရက်တရားစခမ်းတစ်ခုနှင့် ၀ိပဿနာဘာဝနာ (၃)ရက်တရား စခမ်းတစ်ခုကို ပြသပေးမယ်လို့ လက်ခံလိုက်တယ်။ (၇) ရက် တရားစခမ်းပွဲနှစ်ခုကို ပီကင်းမြို့တော်ရဲ့ ဆင်ခြေ ဖုန်းတစ်နေရာမှာ ပြုလုပ်ဖို့ နှစ်ထပ်တိုက်တစ်လုံးကို ငှားရမ်းပြီး ထိုတိုက်မှာပဲ ပြုလုပ်မယ်လို့ လျှောက်ထား လာကြတယ်။

ခရီးစဉ်တွေ စီစဉ်ပြီးတဲ့အချိန်မှာ တရုတ်ပြည်သွားဖို့ ဗီဇာလျှောက်တော့ အခက်တစ်ခုကြုံလာတယ်။ ဘာသာရေးဆိုင်ရာ ရဟန်းတစ်ပါးဖြစ် နေလို့ ဗီဇာကို မပေးလိုတဲ့ကိစ္စပါ။ ခရီးစဉ်တွေကို စီစဉ်ထားပြီးဖြစ်လို့ ဗီဇာရရေးကို တာဝန်ယူဆောင်ပေးသူများက အသဲအသန်ကြိုး စားသော်လည်း မရနိုင်မဲ့အခြေအနေကို ရောက် နေတဲ့အချိန်မှာ သာသနာရေးဝန်ကြီးဌာနက ပါဝင်ကူညီပေးလို့ နောက်ဆုံးမှာတော့ တစ်လဗီဇာကို ရရှိခဲ့တယ်။ ၂၀၁၂-ခု၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှာ တရုတ်ပြည်ကို အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္က သိုလ်မှ ပါမောက္ခ တစ်ဦးနှင့်အတူ ထွက်ခွါလာခဲ့ကြတယ်။

တရုတ်နိုင်ငံကိုရောက်ရင် လေ့လာသင့်တဲ့နေရာတွေ၊ လည်ပတ်ချင်တဲ့နေရာတွေကို သွားရောက်နိုင်ဖို့ မြန်မာပြည်မှ မထွက်ခွါခင်ကတည်းက ခရီးစဉ်တွေကို စိတ်ကူးနဲ့ ရေးဆွဲထားခဲ့တယ်။ သွားဖြစ်၊ မသွားဖြစ် ဆိုတာကတော့ တရုတ်ပြည်ရောက်မှပဲ မီးစင်ကြည့်ကဖို့ စိတ်ထဲမှာကြံစည် ထားတယ်ပေါ့။ အဓိကလေ့လာချင်တဲ့ နေရာတွေကတော့ ဘေဂျင်းမြို့တော် (ပီကင်းမြို့တော်) မှာရှိတဲ့ ပီကင်းတက္ကသိုလ်ကြီးတို့၊ ဗုဒ္ဓစာပေ ကို သင်ကြားပေးနိုင်တဲ့ ဗုဒ္ဓတက္ကသိုလ်တို့ (သို့မဟုတ်) ဗုဒ္ဓဘာသာကောလိပ်ကျောင်းများ တရုတ်ပြည်မှာ ရှိ၊ မရှိတို့၊ မြန်မာနိုင်ငံကို အကြိမ်ကြိမ် ကြွရောက်အပူဇော်ခံတော်မူတဲ့ မြတ်စွယ်တော် (Tooth Relic) ဘုရားတို့၊ နာမည်ကြီးလှတဲ့ တီယန်နန်မင် စကွဲ (TIAN’ANMEN Squar) တို့၊ ကမ္ဘာကျော် ဂရိတ်ဝေါ (Great Wall) တို့၊ သမိုင်းမှာ နာမည်ကျော်လှတဲ့ ယန်ဇီမြစ်ကြီး (Yangtze River)တို့၊ ဒီလိုနေရာမျိုးတွေကို သွားရောက်လေ့လာ နိုင်ဖို့ ကြံစည်ထားခြင်းပါ။

နိုဝင်ဘာ (၂၂) ရက်နေ့မှာ ကူးမင်း ထရန်ဆစ် (Kuming transit) နဲ့ ပီကင်းမြို့တော်ရဲ့ အင်တာ နေရှင်နယ် လေဆိပ်ကို ည (၁၀)နာရီ အချိန်လောက်မှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့တယ်။ လေယာဉ်ကွင်း အဆောင်အဦးထဲက ထွက်လာတယ်ဆိုရင်ပဲ ဧည့်ကြိုခန်းမှာ တရားစခမ်းများကို ဦးစီးဦးဆောင် ဆောင်ရွက် ကြမည့်သူများက ပန်းစီးတွေ၊ အနွေးထည်တွေ၊ ခေါင်းစွတ်တွေ၊ ခြေစွတ်တွေနဲ့ လာကြိုနေကြတာကို တွေ့ရလို့ အံ့သြမိခြင်းပါ။ အလိုက်သိတတ်တဲ့သူတို့ကို ကျေးဇူးလည်း တင်မိတယ်။ တရုတ်ပြည်ထဲကို ရောက်ကတည်းက အနွေးထည်ကို မ၀တ်ခဲ့မိလို့ တစ်လမ်းလုံး အအေးဒဏ်ကို ခံနေခဲ့ရချိန်မျိုးမှာ ဒီလို အလိုက်သိတတ် သူများကိုတွေ့ရင် မည်သူမဆို ကျေးဇူတင်မိကြမှာပါ။ သူတို့လှူတဲ့ ထူထူထဲထဲ အနွေးထည်ကို ကိုယ်ပေါ်မှာ လွှမ်းခြုံလိုက်ရတော့ ချမ်းတုန်နေတဲ့အခါ ကော်ဖီပူပူလေးကို သောက်ချလိုက်ရသလိုပါပဲ ခန္ဓာကိုယ် ကြီးတစ်ခု တစ်ခုလုံး နွေးထွေးသွားခဲ့တယ်။

ပီကင်းမြို့တော်မှာ နှစ်ရက်လောက်နားပြီး မေတ္တာဘာဝနာ (၇) ရက် တရားစခန်းကို စဖြစ်တယ်။ စတဲ့အချိန်က နိုဝင်ဘာလပဲ ရှိသေးသော်လည်း ဒီနှစ်မှာ စောစီးစွာဝင်လာတဲ့ ဆောင်းရာသီရဲ့ အအေးဒဏ်ကို တရုတ်ပြည်သူတွေဟာ အခါတိုင်းနှစ်တွေထက်စောပြီး ဆောင်းရာသီးရဲ့အအေးဒဏ်ကို စောစီးစွာ ခံကြရ ရှာတယ်။ အေးလွန်းတဲ့ ရာသီဥတုဒဏ်ကြောင့် ကမ္ဘာကျော် ဂရိတ်ဝေါ (မဟာတံတိုင်းကြီး)ဆီကို မရောက်နိုင် အောင်ပဲ ဖြစ်ခဲ့ရတယ်။ အဲဒီတံတိုင်းကြီးတည်ရှိရာ ဒေသတွေမှာ စနိုးတွေ ထူထဲစွာ ကျနေပြီတဲ့။

ကမ္ဘာကျော် မဟာတံတိုင်းကြီးဆီသို့ မရောက်ဖြစ်ပေမဲ့ မြတ်စွယ်တော် (Tooth relic) ကိန်းဝပ်တည် ရှိရာ စေတီဘုရားနှင့် နာမည်ကြီးလှတဲ့ တီယန်နန်မင် စကွဲ (TIAN’ANMEN Squar)ကိုတော့ ရောက်ဖြစ် ခဲ့တယ်။ စွယ်တော်မြတ်စေတီကိုရောက်တော့ သက်ဆိုင်ရာပုဂ္ဂိုလ်များကို မြန်မာပြည်မှ ကြွရောက်လာတဲ့ ရဟန်းတစ်ပါးဖြစ်ကြောင်း၊ မြတ်စွယ်တော်ကို လာရောက်ဖူးမျှော်တာဖြစ်ကြောင်း စသည်တို့ကို ရှင်းလင်း ပြောပြတဲ့အခါ စွယ်တော်တိုက်ကိုဖွင့်ပေးပြီး မြတ်စွယ်တော်ကို ဖူးခွင့်ပေးခဲ့တယ်။ မြတ်စွယ်တော်ကို အားရပါးရ ဖူးမျှော်ခွင့်ရခဲ့ခြင်းအတွက် လိုက်ပို့သူများကိုရော၊ စွယ်တော်တိုက်ကို ဖွင့်ပေးသူများကိုပါ ကျေးဇူးများစွာ တင်မိ ခြင်းပါ။ စွယ်တော်မြတ်ဘုရားကို အဓိကသွားရောက်ဖူးမျှော်လိုတဲ့အကြောင်းရင်းက ဒီစွယ်တော်မြတ်ဟာ တရုတ်၊ မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ကောင်းချီးပြုပေးတဲ့ မင်္ဂလာအပေါင်းနှင့် ပြည့်ဝတဲ့ မြတ်စွယ် တော်ရယ်လို့ စာရေးသူ ယုံကြည်ထားမိလို့ပါ။ မြတ်စွယ်တော်ကို သွားရောက်ဖူးမျှော်စဉ် စွယ်တော်တိုက်ကို ဖွင့်ပေးတဲ့ မဟာယာနရဟန်း၏ ပြောပြချက်အရ ဒီမြတ်စွယ်တော်ဟာ မြန်မာနိုင်ငံကို သုံးကြိမ်တိုင်တိုင် ကြွရောက် အပူဇော်ခံခဲ့ပြီဖြစ်ကြောင်း သိခဲ့ရခြင်းပါ။

ဒီစွယ်တော်မြတ်ဘုရားကျောင်းကို တရုတ်လို “လင်ကွမ် ဘုရားကျောင်း (Lingguang Temple)” ရယ်လို့ အမည်တွင်နေခြင်းပါ။ အဓိပ္ပါယ်က “နတ်တို့အလင်းရောင်ရှိတဲ့ကျောင်း” (Temple of Divine Light) တဲ့။ ဒီစွယ်တော်မြတ်စေတီဘုရားကျောင်းကို “တန်း ဒိုင်နက်စတီ (Tang Dynasty) လို့ သမိုင်းအမည်တွင်တဲ့ တရုတ်နိုင်ငံရဲ့ရှင်ဘုရင်များလက်ထက် အေဒီ ၇၆၆-၇၇၉ အကြားမှာ တည်ဆောက်ခဲ့တဲ့ စေတီတော်တွေ အများအပြားထဲမှာ ထူးခြားတဲ့ စေတီတစ်ဆူဖြစ်ကြောင်း သိခဲ့ရခြင်းပါ။ စွယ်တော်မြတ်စေတီဟာ ပီကင်းမြို့ တော်ရဲ့ အနောက်ဖက် အရပ်မှာရှိတဲ့ လူရှီတောင်းကုန်း (Lushi hill) ရဲ့ တောင်ခြေမှာ တည်ရှိနေခြင်းပါ။ ကမ္ဘာပေါ်မှာ မြတ်ဗုဒ္ဓရဲ့စွယ်တော် တည်ရှိနေတဲ့နေရာများမှာ သီရိလင်္ကာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ဤနှစ်နိုင်ငံမှာပဲ တည်ရှိတယ်လို့ ယုံကြည်ထားကြခြင်းပါ။ ထို့ကြောင့် ဒီစွယ်တော်မြတ်နှစ်ဆူ ကိန်းဝပ်ရာ စေတီများဟာ ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ် ဘုရားဖူးခရီးစဉ်မှာ ထူးခြားစွာ ပါဝင်နေခြင်းပါ။ တရုတ်ပြည်ဟာ ဒီစွယ်တော် မြတ်စေတီအပြင် တခြားသော စေတီများလည်း အများအပြားရှိနေသေးတာကြောင့် သမိုင်းဝင် ဘာ သာရေး အဆောက်အဦးများ ကံကောင်းထောက်မစွာ ကျန်ရှိနေသေးကြောင်း သက်သေတစ်ခုအဖြစ် ထင်ရှားပေါ်လွင် နေခြင်းပါ။

သွားရောက်လိုတဲ့ ခရီးစဉ်ထဲမှာပါဝင်နေတဲ့ တီယန်နန်မင် စကွဲကိုတော့ နိုဝင်ဘာလ (၂၇)ရက်နေ့၊ နေ့လည်(၃)ခွဲလောက်အချိန်မှာ ရောက်ရှိခဲ့တယ်။ ရောက်သွားတဲ့အချိန်မှာ တီယန်နန်မင်စကွဲရှေ့မှာရှိတဲ့ ကွင်းပြင်ကြီးတစ်ခုလုံး နှင်းမှုံတွေအုပ်ဆိုင်းနေတာနဲ့ သွားကြုံတယ်။ မိုးဖွဲလေးတွေကျနေသလို နှင်းမှုန်လေး တွေနှင့် အုပ်ဆိုင်းနေတော့ လွမ်းချင်စရာ ဒီမြင်ခွင်းက အတိတ်က သမိုင်းတွေကို တစ်စစီ ပြန်လည်ဖေါ် ထုတ်ပေးနေသလို ဖြစ်ခဲ့ရတယ်။ ဒီနေရာဟာ တရုတ်နိုင်ငံရဲ့ သမိုင်းဝင် နောက်ဆုံးမင်းဆက် နန်းစံသွားတဲ့ “ကွန်း ဒိုင်နက်စတီ” (၁၆၄၄-၁၉၁၂) နန်းတော်ကြီးမဟုတ်ပါလား။ ၁၉၁၇-ခုမှာ ရှေးယခင် “မင်း ဒိုင်နက်စတီ” မင်းဆက်မှ ခေါင်းထောင်လာပြီး အာဏာလုပွဲများဖြစ်ခဲ့သော်လည်း မအောင်မမြင်ဖြစ်ခဲ့၍ ကွန်း ဒိုင်နက်စတီ ကိုပင် နောက်ဆုံးမင်းဆက်ဟု သမိုင်း၌ မှတ်တမ်းတင် အဆိုပြုထားပါ။1 ထိုနောက်မှာတော့ ၁၉၄၇-ခုနှစ်မှစတင်၍ တရုတ်ပြည်ကြီးကို ကွန်မြူနစ်ပါတီက ဆက်လက်အုပ်ချုပ် ခဲ့ခြင်းပါ။

ကွန်မြူနစ်ပါတီအုပ်ချုပ်ပြီးနောက်ပိုင်း တရုတ်ပြည်တွင် ၁၉၈၉-ခုနှစ်မှာ အကြီးမားဆုံး လူထုအုံးကြွမှုကြီး ဒီတီယန်နန်မင်စကွဲမှာပင် ဖြစ်ပွားသွားခဲ့တာပဲမဟုတ်လား။ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ အတိတ်သမိုင်း ကြောင်းများက ရှိထားလေတော့ သမိုင်းရှိတဲ့ ဒီတီယန်နန်မင်စကွဲကို နှင်းမုန်တွေကြားမှာပင် လာရောက် ကြည့်ရှုကြတဲ့ လူတွေကလည်း ထောင်၊ သောင်းမက ရှိနေခြင်းပါ။ အံ့သြစရာကြီးပါ။ တကယ်ပဲ ဒီနေရာဟာ တရုတ်ပြည်သူ၊ ပြည်သာများအတွက်ရော၊ ကမ္ဘာလှည့်ခရီးသွားများအတွက်ပါ လာရောက်ကြည့်ရှုသင့်တဲ့ နေရာပါ။ နန်းတွင်းဝင်ပေါက်မှာ တပ်ထားတဲ့ ဂိတ်တံခါးကြီးတွေကလည်း ခမ်းမှခမ်းနား၊ နန်းတော်ကို ကာရံထားတဲ့ ခိုင်ခံ့လှတဲ့ အကာအရံတံတိုင်းကြီးတွေကလည်း ထည်မှထည်၊ ခန့်ထယ်လှတဲ့ ရှေးဟောင်း နန်းတော်ကြီးကလဲ အနုရသအလှတွေနှင့် အံ့ချီးမကုန်နိုင်အောင်ပါပဲ။ ဒီလိုခန့်ညားကြီးကျယ်တဲ့ အဆောင်အဦး ကြီးတွေ၊ ကျယ်ပြန့်လှတဲ့ ယင်ပြင်ကြီးကို ကြည့်ပြီး တရုတ်ပြည်သူ၊ ပြည်သားများရဲ့နှလုံးသားတွေဟာ ကြီးကျယ် ခန့်ငြားတဲ့ စိတ်ဓာတ်တွေ ကူးစက်သွားခဲ့လေရော့သလားလိုလဲ တွေးထင်မိပါရဲ့။ ဒီတော့လဲ နေစဉ်နှင့်အမျှ လာရောက်ကြည့်ရှုတဲ့ ကမ္ဘာအရပ်ရပ်ကလူတွေနှင့် စည်းကားနေတဲ့ တီယန်နန်မင်စကွဲကြီးရယ်၊ လူအုပ်ကြီးကို စောင့်ကြပ်ဖို့ ထူထဲစွာချထားတဲ့ အစောင့်အကြပ်တွေရယ် ပဏာရသလိုပင် ထင်မိပါရဲ့။

တရုတ်ပြည်မှာ ကွန်မြူနစ်ဝါဒကို ကျင့်သုံးနေဆဲဖြစ်တာကြောင့် ကွန်မြူနစ်ပါတီရဲ့ ပေါ်လစီသဘောအရ ဘာသာရေးလုပ်ငန်းများ၊ ဘာသာရေးဆောင်ရွက်ချက်များကို အထူးတင်းကျပ်ထားဆဲ ရှိနေခြင်းပါ။ အရှေ့တောာင် အာရှနိုင်ငံများကို ခြုံငုံသုံးသပ်ကြည့်ရင် နိုင်ငံတိုင်းလိုလိုမှာပင် လူစီးကားတဲ့ မြို့လယ်ခေါင်လို နေရာမျိုးတွေမှာ တရုတ်ဘုံကျောင်း (တရုတ်ဘုရားရှိခိုးကျောင်း)ဆိုတာ မလွဲမသွေ တွေ့မြင်နိုင်ခြင်းပါ။ သို့သော် ပီကင်းမြို့တော်ကြီးရဲ့ အချက်အချာကြတဲ့ နေရာတွေမှာ တရုတ်ဘုံကျောင်း တစ်ကျောင်းတလေမျှ မတွေ့ရ ခြင်းကို အံ့အားကြီးလဲ သင့်မိပါရဲ့။ တီယန်နန်မင်စကွဲ သွားရာလမ်းတစ်လျှောက်လုံးမှာလည်း တရုတ်ဘုံကျောင်းဆိုလို့ တစ်ကျောင်းတလေမျှ မတွေ့ရခြင်းပါ။ မြန်မာသံရုံးမှ ဆွမ်းစားဖိတ်၍ သွားရောက်ခဲ့ရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ တရုတ်နိုင်ငံရဲ့ ဥပဒေကြောင့်ပေလော။ တရုတ်ပြည်သူ တွေရဲ့ ကံတရားကြောင့်ပေလော။ သို့မဟုတ် ဘယ်အကြောင်းတရားတွေကြောင့် တရုတ်ဘုရား ရှိခိုး ကျောင်းတွေ မရှိဖြစ်နေသလဲဆိုတာကတော့ တရုတ်ပြည်သူတွေသာ အသိဆုံးဖြစ်မှာပါ။

သို့သော် မြတ်စွယ်တော်ဘုရားသို့ သွားရောက်ရာလမ်းတစ်လျှောက်ကို လေ့လာကြည့်တဲ့အခါမှာတော့ မြတ်စွယ်တော်ဘုရား တည်ရှိရာအရပ်ဖြစ်တဲ့ မြို့စွန်မြို့ဖျားလို နေရာမျိုးဖြစ်တွေမှာတော့ တရုတ်ဘုရား ရှိခိုးကျောင်း တစ်ကျောင်းစ၊ နှစ်ကျောင်းစတော့ တွေ့ခဲ့ရခြင်းပါ။ တရုတ်ဘုံကျောင်းတွေ၊ တရုတ်ဘုရား ကျောင်းတွေ နိုင်ငံတွင်းမှာ အလွန်နည်းပါးသော်လည်း တရုတ်နိုင်ငံ၌ ဗုဒ္ဓဘာသာ လုံးဝကွယ် ပျောက်သွားပြီ လိုတော့ ဆိုရန်မသင့်သေးပါ။ အဆိုးထဲက အကောင်း၊ အကောင်းထဲက အယဉ်၊ အယဉ်ထဲက အလှကို ကြိုဆိုကြည့်မယ်ဆိုရင်တော့ မျက်မှောက်ခေတ် တရုတ်နိုင်ငံရဲ့ အခြေအနေများသည် ဘာသာတရားရှုဒေါင့်က ကြည့်မယ်ဆိုရင် ကြိုဆိုနိုင်စရာ အကြောင်းတွေ များစွာရှိနေခြင်းပါ။ ယခုအခါ တရုတ်နိုင်ငံမှာ ဗုဒ္ဓသာသနာ ပြန့်ပွားခွင့်အခြေအနေများဟာ အကောင်းကြီးကောင်းလာတယ်လို့ ဆိုရမှာပါ။ သာသနာတော်တိုးတက်ရာ တိုးတက်ကြောင်း အခွင့်ကောင်းများ ရှိနေပြီဖြစ်၍ ရှေးတရုတ်ဘုရင်မင်းများ လက်ထက်ကကဲ့သို့ တရုတ်ပြည်၌ သာသနာရေးအခြေအနေများ မကြာခင် ပြန်လည်တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ယုံကြည်နေမိ ခြင်းပါ။

တရုတ်ပြည်၌ ဘာသာရေးဆိုင်ရာ မူဝါဒများကို အထူးကျပ်မတ်ထားသော်လည်း တရုတ်နိုင်ငံရဲ့ လူငယ်၊ လူရွယ်များရဲ့ စိတ်ဓာတ်များဟာ အခြေအနေကောင်းများ ရှိနေခြင်းပါ။ ဥပမာ၊ လမ်းဘေး ၀ဲယာများ၌ ဘီယာဆိုင်၊ အရက်ဆိုင်များကို မတွေ့ရခြင်း၊ (ဘာသာတရားရှိသော မြန်မာနိုင်ငံတွင် ဘီယာဆိုင်၊ အရက်ဆိုင်များ လမ်းဘေး၌ မှိုလိုပေါက်နေခြင်းနှင့် နိုင်းယှဉ်ကြည့်နိုင်ဖို့ပါ) ကွမ်းယာဆိုင်များ၊ ကွမ်းဝါးသူများကို မတွေ့ရခြင်းအတွက် သူတို့ပြည်သူ၊ ပြည်သားတွေအစား ဂုဏ်ယူမိခြင်းပါ။ (ဖြစ်သင့်တာကတော့ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံလိုနိုင်ငံများ၌ အရက်ဆိုင်၊ ဘီယာဆိုင်တွေ နိုင်ငံနှင့်မလိုက်အောင် ပေါများနေခြင်းဟာ ရှက်စရာတစ်ခုရယ်လို့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ မြန်မာလူမျိုးတွေ ရှက်ရကောင်းမှန်းမသိ ဖြစ်ရှိနေခြင်းပါ။) လူမျိုးကြီးပွားနိုင်ဖို့ လူမျိုးတွေ အရက်ဖြစ်နိုင်ကြဖို့ ဗုဒ္ဓဘာသာရှုထောင့်မှ တင်ပြလိုက်ခြင်းပါ။ မြန်မာနိုင်ငံ တော်ကြီးကို ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်လာစေလိုလျှင် လမ်းဘေးရှိ ဘီယာဆိုင် များကို မရောင်းရန် တားမြစ်ပေးဖို့၊ လိုအပ်လာလျှင် ရောင်းချခွင့် ပါမစ်များကိုလည်း ရုတ်သိမ်းပေးဖို့၊ (၁ဂ)နှစ်အောက် အရွယ်မရောက်သေးသော ကလေးသူငယ်များအား အရက်၊ ဆေးလိပ်၊ ကွမ်းယာများကို မရောင်းချဖို့၊ ရောင်းချသူများအား ရောင်းချခွင့်ပါမစ်များကို ရုတ်သိမ်းပေးဖို့ပါ။ ဤအရေးအသားသည် တစ်စုံတစ်ယောက်အား ထိခိုက်နိုင်လျှင် သို့မဟုတ် ထိခိုက်နေလျှင် စာရေးသူရဲ့ စေတနာအမှားကြောင့်မဟုတ်ပဲ စာဖတ်သူရဲ့ စေတနာမှားနှင့် ရှုမြင်သုံးသပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုမျိုးသာ ဖြစ်မှာပါလို့ ယုံကြည်ထားမိခြင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts