ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

LCCI မျိုးဆက်သစ်များ မွေးဖွားခြင်း

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇန်န၀ါရီ ၂၅၊ ၂၀၁၃

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအလင်း ပညာရေးကဏ္ဍမှ “အသိပညာအလိမ္မာနှင့် ပရဟိတ အနုပညာ” ဆိုသည့် ဆောင်ပုဒ်ဖြင့် နေ့စဉ်တိုးတက်နေသည့် အသိပညာ၊ အတတ်ပညာများအား အနာဂတ် ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီး ထူထောင်နိုင်ရန်အတွက် လူငယ်/ရွယ်များတတ်မြောက်နိုင်ရန် သင်ကြား မျှဝေပေးသည့် အသိပညာ၊ အတတ်ပညာရှင် ဆရာ/မများနှင့် ချိတ်ဆက်ကာ (အခမဲ့) သင်ကြား ပို့ချပေးလျှက်ရှိပေသည်။

 
 

မျိုးဆက်သစ်လူမှုရေးသင်တန်း၊ ToT သင်တန်းများ၊ နယ်လူမှုရေး အသင်းအဖွဲ့များအတွက် စွမ်းရည်မြှင့် သင်တန်းများ၊ ဂျာနယ်လစ်ဇင်နှင့် မီဒီယာသင်တန်းများ အစရှိသည့် လူထုအခြေပြု အသိပညာ တိုးတက် မြင့်မားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက် အခကြေးငွေ ပေးသွင်းရန် မလိုဘဲ (အခမဲ့) ဖွင့်လှစ် တက်ရောက်သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထိုကဲ့သို့ လူငယ်များအား အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက် ဖွင့်လှစ် သင်ကြားသည့် သင်တန်းများအနက် LCCI စာရင်းကိုင် အတတ်ပညာသင်တန်းအား ဦးနေလင်းအောင် (B.Com, C.P.A, FLCCI (London-UK) မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကိုယ်တိုင်လာရောက်၍ သင်ကြားပို့ချသည့် အပြင် “Nay Lin Aung Finance & Accountancy Acadeny” မှ ဆရာ/မများတို့၏ မေတ္တာစေတနာ အရင်းခံဖြင့် အနာဂတ်မျိုးဆက်သစ် စာရင်းကိုင်အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် သင်ကြားပို့ချ ပေးခဲ့ပြီး ယနေ့ ၂၃.၁.၂ဝ၁၃ ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် LCCI စာရင်းကိုင်သင်တန်း အမှတ်စဉ် (၂/၂ဝ၁၂) သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ပြုလုပ် ခဲ့သည်။

သုခအလင်း ပညာရေးကဏ္ဍအဖြစ် သုခအလင်း စာကြည့်တိုက်၊ နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပြူတာသင်တန်း၊ LCCI စာရင်းကိုင်သင်တန်း၊ ပန်းချီသင်တန်း၊ ဒီဇိုင်နာသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ဝိပဿနာသင်တန်း၊ ရှေးဦးသူနာပြုစုနည်းသင်တန်း၊

ယင်းအခမ်းအနားတွင် ဆရာ ဦးနေလင်းအောင်မှ “မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလုပ် အကိုင် အခွင့်အလမ်းကောင်းတွေ အလွယ်တကူ တက်မြောက်စေဖို့အတွက် မွေးထုတ်ပေးချင်တဲ့ဆန္ဒနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့ ချိတ်ဆက်ပြီးတော့ ပညာဒါနသင်တန်းကို ဖွင့်လှစ်ဖြစ်ပါတယ်။ စာရင်း ကိုင်သင်တန်းနဲ့ ပတ်သက်ပြီး .. လုပ်ငန်းတစ်ခုလုပ်ပြီဆို လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အလှူဒါနပြုတဲ့ လုပ်ငန်းပဲလုပ်လုပ် .. ဘဏ္ဍာရေးကိစ္စရပ်တွေပါလာတယ်။ လိုအပ်လာတယ်။ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေ .. ကိုယ့်လုပ်မယ့်လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျစရိတ်တွေကို ရေးဆွဲရတဲ့ အပိုင်းတွေပါလာတယ်။ ဘဏ္ဍာ ရေး စီမံခန့်ခွဲမှုအပိုင်းတွေ လုပ်နိုင်ဖို့ .. ကိုယ်လုပ်တဲ့လုပ်ငန်းရဲ့ ငွေရေးကြေးရေးတွေကို စနစ်တကျ စတင်ပြီး မှတ်တမ်းတင်ရတယ်။ Book-Keeping & Accountants ပေါ့။ နာရေးကူညီမှုအသင်းမှာ အလှူရှင်တွေလှူဒါန်းတဲ့ ငွေတွေကို ဘယ်လိုအသုံးပြုလိုက်တယ်ဆိုတာကို စနစ်တကျ Report တင်ပေး ရတာပေါ့။ ဒါမှလည်း ငါတို့လှူဒါန်းလိုက်တဲ့ငွေတွေဟာ ဒီလိုအကျိုးရှိတဲ့နေရာမှာ ဒီလိုအကျိုးရှိရှိ စနစ် တကျ သုံးစွဲတာပဲဆိုတာ သိလာတယ်။ အဲဒီအတွက် စာရင်းဇယားတွေကို စနစ်တကျ မှတ်တမ်းတင် ရပါတယ်။ အဲဒီကတဆင့် မြင့်လာတဲ့အခါမှာ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုအထိရောက်သွားတယ်။ စာရင်း ကိုင်ပညာရပ်က အလုပ်လုပ်ပြီဆိုတာနဲ့ လိုအပ်လာပြီ။ ပညာရပ်ကို တတ်မြောက်သွားရင် စီးပွားရေး လုပ်ငန်းတွေ၊ ကုမ္ပဏီကြီးတွေမှ မဟုတ်ပါဘူး။ လူမှုရေးလုပ်ငန်းတွေမှာလဲ ကိုယ့်ရဲ့အတတ်ပညာကို အသုံးချနိုင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာရပ်ထဲမှာ အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ပညာရပ်ဖြစ်တယ်။ ဒါကြောင့် ဒီပညာရပ်ကို လူငယ်တွေနားလည်တတ်မြောက် ပြန့်ပွားပြီးတော့ စနစ် တကျအသုံးချပြီး ဘဝရပ်တည်လို့ရပါတယ်။ ကျွန်တော်သည် ဒီပညာရပ်ဖြင့် ဘဝရပ်တည်လာခဲ့တာ ၁၉၉၄ ခုနှစ် စီးပွားရေးတက္ကသိုလ်ဘွဲ့ရချိန်မှ ၂ဝ၁၄ ခုနှစ်ဆိုရင် အနှစ် (၂ဝ) ရှိပြီ။ နာရေးကူညီမှုအသင်း (ရန်ကုန်)နဲ့ ချိတ်ဆက်ပြီးတော့ (၆) လတစ်ကြိမ် Level 1st & 2nd ကို ဆက်လက်ပြီးတော့ ဖွင့်လှစ်သွား မည်ဖြစ်ပါတယ်။ သင်တန်းဖွင့်လှစ်နိုင်အောင် ကူညီပေးတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိ သူတွေနဲ့ သင်တန်းတက်ရောက်ကြတဲ့ သင်တန်းသား/သူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းဆင်းအောင်လက်မှတ်များအား ဆရာ ဦးနေလင်းအောင်မှ ပေးအပ်ချီးမြှင့် ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စာရင်းကိုင်သင်တန်း အောင်မြင်ခဲ့ကြသည့် သင်တန်းသား/သူ (၁၆) ဦးတို့အတွက် စာမေးပွဲကြေးအဖြစ် ဂုဏ်ပြုဆုငွေ စုစုပေါင်း US$ 560 (တစ်ဦးလျှင် US$ 35 နှုန်းဖြင့်) နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင် ဦးသိန်းထွန်းမှ ပေးအပ်ဂုဏ်ပြုခဲ့ရာ သင်တန်းသား/သူများကိုယ်စား ဆရာ ဦးနေလင်း အောင်မှ လက်ခံရယူပေးခဲ့သည်။ ယင်းနောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင် ဦးမြတ်ဆွေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဆရာ ဦးနေလင်းအောင်နှင့် သင်တန်း ဆရာ/မ များ၊ သင်တန်းသား/သူများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အလုပ်အမှုဆောင်များတို့နှင့်အတူ အမှတ် တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး LCCI စာရင်းကိုင် မျိုးဆက်သစ်များအား အောင်မြင်စွာ မွေးထုတ် ပေးခဲ့နိုင်ပြီး ဆက်လက်၍ အပါတ်စဉ် ၁/၂ဝ၁၃ အဖြစ် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့မှစ၍ (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ) တစ်ပတ်လျှင် (၃) ရက်၊ နံနက် (၁ဝးဝဝ) နာရီမှ (၁၂းဝဝ) နာရီအထိ၊ သင်တန်းကာလ (၆) လကြာမြင့်စွာ ဖွင့်လှစ်ပို့ချ၍ စာရင်းကိုင်မျိုးဆက်သစ်များအား ယနေ့ကမ္ဘာ့စီးပွားရေး လုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် စာရင်းကိုင်လုပ်ငန်းသည် မရှိမဖြစ် လိုအပ်နေသည့် အတွက် သုခအလင်း ပညာရေးကဏ္ဍာအနေဖြင့် ထပ်ဆင့်တိုးကာ မွေးထုတ်ပေးလျှက် ရှိပေတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts