မြန်မာ့စက်မှုလုပ်ငန်းကို လေ့လာခရီး၊ နေ့စဉ်မှတ်တမ်း – Zaw Aung

မြန်မာ့စက်မှုလုပ်ငန်းကို လေ့လာခရီး၊ နေ့စဉ်မှတ်တမ်း

ဇော်အောင် (မုံရွာ)၊ ဇန်န၀ါရီ ၂၅၊ ၂၀၁၃
(၈-ဇန် ၂၀၁၃)

Silk Air (စင်ကာပူလေကြောင်း) နဲ့ ဇနီး ဒေါ်ခင်မေ၊ သား (၂၅နှစ်) Beat Box designer တို့နဲ့ မနက်၆နာရီ လေယာဉ်အမှီ အိမ်ကထွက်ရပါတယ်။ လေယာဉ် ပရိုမိုးရှင်း $340 အသွားအပြန် လေယာဉ်လက်မှတ်က တစ်ယောက်ကို ကီလို၄၀ ရတယ်ဆိုတာကောင့် ကီလိုမက်မောလှတဲ့ ဇနီးသည်ရဲ့ မြောက်များလှစွာသော ကီလိုများနဲ့ ရန်ကုန်ရောက်လာပါတယ်။ မိတ်ဆွေ ဦးဖိုးလူက လာကြိုပါတယ်။ လေဆိပ် အင်မီဂရေးရှင်းမှာ ၇ရက်သား ကျွန်တော့ပတ်စပို့ အသစ်ကို အင်မီဂရေးရှင်းက Scan Reading လုပ်မရဖူးဆိုပြီး၊ ၁၀မိနစ်လောက် ကြာသွားပါတယ်။ သားနဲ့ဇနီးက မြန်မြန်ဆန်ဆန်ထွက်ခွင့်ရတယ်။ သားကိုမေးကြည့်တယ်။ မင်းအမေက ဒေါ်လာ၁၀ ပတ်စပို့ကြားထဲ ညှပ်ပေးသလား မေးတော့၊ မညှပ်ပေးဖူးလို့ဖြေပါတယ်။ အိုကေ .. ဒါမျိုးလုပ်တတ်၊ ပြောတတ်သူများ မိုးခါးရေကို သားဖြစ်သူ မလုပ်တတ်ဘူးဆိုတာ သိရတော့ ၀မ်းသာမိတယ်။

ဦးဖိုးလူက စားသောက်ဆိုင်ကို ကီလို ၁၄၀ အထုပ်ကြီး ၉ထုပ်နဲ့ ကျွန်တော်တို့မိသားစုကို ခေါ်သွားတယ်။ မြန်မာအစားအသာက်များကို မြိန်ယှက်စွာ မှာယူစားသောက်ရင်း စကားတွေ ပြောကြတယ်။ ဦးဖိုးလူရဲ့ သုဝဏ အိမ်ရောက်တော့ ဒေါ်မူနဲ့ သားသမီး၂ဦးကို နှုတ်ဆက်တယ်။ ကျွန်တော်တို့ ထုတ်ဝေထားတဲ့ Daily Hope 100 စာအုပ် ၁၀၀၊ ဗီယက်နမ်-မြန်မာ စာအုပ်၁၀၀၊ ထပ်တင်တယ်။ သူ့ရဲ့ အီဇူးစူး ကားကြီးပေါ် အထုပ်တွေအများကြီးတင်ပေးပြီး၊ သူ့ကားဒရိုင်ဘာ ကိုကုလားလေးနဲ့ တူဖြစ်သူ ကိုသူရလွင်နဲ့အတူ၊ သားအမိ၃ယောက် ရန်ကုန်-ပုသိမ်မြို့ခရီးစဉ် (မိုင်၁၀၀) စတင်ပါတယ်။ ကိုကုလားလေးက မြန်မာပြည်ကားဈေး (လူတွေ အကြီးကျယ် ပိုက်ဘောမိသွားပုံ) ပြောရင်း လှိုင်သားယာ၊ န၀ဒေးအိမ်ယာ ရောက်လာတယ်။ အဲဒီမှာ တူမ မဆိုင်းယော်၊ မိတ်ဆွေ ဆင်ခရွန်က ကိုလတ် ဇနီးမောင်နှံတွေဆီ ခဏ၀င်ရင်း၊ စင်ကာပူက လူကြုံပစ္စည်းများပေးပါတယ်။

ပုသိမ်ခရီးစဉ် ကားမောင်းတော့ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကထက် လမ်းတွေ တော်တော်ကောင်းလာပါတယ်။ ဒရိုင်ဘာ ကိုကုလားလေးကလည်း စကားပြောကောင်းတော့ လွန်ခဲ့တဲ့ တစ်နှစ် မြန်မာပြည်ပြုပြင်ပြောင်းလဲမှုအခြေအနေကို အငှားကား တက္ကစီဒရိုင်ဘာ အသက်မွေးတဲ့ ကိုကုလားလေးရဲ့ ဘ၀အကြောင်း နားထောင်ရင်း ၂နာရီ၁၅မိနစ်အကြာ ပုသိမ်မြို့ကို ရောက်လာပါတယ်။ လမ်းမကြီးဟာ တစ်နာရီ ကီလို၁၀၀ အထိ မောင်းလို့ရတဲ့အထိ ကောင်းနေတာတွေ့ရတယ်။ မနှစ်က ၂နာရီ မိနစ်၅၀ ဖြေးဖြေးမောင်းရတာ၊ ဒီနှစ် လမ်းမကြီး ချိုင့်တွေ မရှိတော့တာကို တွေ့ရတယ်။ အံ့သြစရာပါ။

လမ်းဆောက်တဲ့ စည်ပင်က အင်ဂျင်နီယာများ အိပ်ထဲထည့်တာလည်း ထည့်ပေါ့။ လမ်းလည်းကောင်းအောင်လုပ်ပေးပေါ့..ဆိုတဲ့ နည်းလမ်းနဲ့ ခြစားမှုနည်းသွားလို့ ပြင်တဲ့လမ်းတွေလည်း ကောင်းသွားတယ် ယူဆပါတယ်။ မြန်မာပြည်ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တစ်ခုအဖြစ် ပုသိမ်ကို ချောချု့၊ လျှင်မြန်စွာ ရောက်လာရပါတယ်။

ပုသိမ်မှာ ပိုးကရင် ကျမ်းစာကျောင်းအုပ်ဆရာမကြီးရဲ့ တောင်းဆိုမှုကြောင့်၊ ကျမ်းစာကျောင်းသာ လူငယ်၃၀ကို တရားဟော၊ နေ့စဉ်မျှော်လင့်ချက် စာအုပ်၃၀ ပေးဝေခဲ့တယ်။ သူတို့ ဘော်ဒါ အစိုးရကျောင်းသားများ ၁၀၀ နေထိုင်စားသောက်၊ ပညရေးလုပ်ငန်းကိုလည်း လေ့လာရတယ်။ တူမ ဒေါက်တာချောအိ တို့ရဲ့ NGO – Matthew Clinic ဆေးရုံအသေးလေးကိုလည်း လေ့လာရတယ်။ ပုသိမ်မြို့တွင်း ၃ရက်တာခရီးစဉ်၊ ဇနီးဒေါ်ခင်မေသန်းရဲ့  ၈၁နှစ် ဖခင်ကြီးဦးလွန်းဖေ၊ ယောင်းမအမျိုး ၊ ဦးဝပ်ဆပ်၊ ဆရာမကြီးဒေါ်လုလု တို့ရဲ့ ဆွေမျိုးများ၊ ပုသိမ် စက်မှုဇုံ လေ့လာရေးခရီးစဉ်၊ သားဖြစ်သူ အသက်၁၅နှစ်ကျော် မှတ်ပုံတင်လုပ်ခြင်း၊ ကရင်နှစ်သစ်ကူး ကိုသာဖြူကျမ်းစာကျောင်းမှာ ပုသိမ်တိုင်းဝန်ကြီးများ အခမ်းအနား၊ ဇနီးအစ်ကို ဆရာဝန်ကြီး ဒေါက်တာဝင်းသိန်း ဆေးကုသပုံ လေ့လာခြင်း၊ ဇနီးရဲ့ညီမ၀မ်းကွဲ သာပေါင်းပျော့ဖတ်စက်ရံ့အကြောင်း လေ့လာခြင်း (မရောက်ခဲ့ပါ)။ ခရစ်ယာန် အသင်းတော်များလေ့လာခြင်း၊ အားလုံးဆေးအသစ်သုတ်ထားကြတာကို တွေ့ရပါတယ်။ ရိုမင်ကာသိုလစ် ဘုရားကျောင်းကြီးက အတောက်ပြောင်ဆုံးပါ။

လူတွေ အရင်ထက် တောက်ပြောင်လာတယ် ဆိုပေမဲ့ တစ်လ ကျပ်၅သောင်း အလုပ်ရဖို့ကို အင်မတန်ခက်ခဲ့နေတဲ့ မြို့ကြီးဖြစ်ပါတယ်။ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်က ကလေး၊ လူငယ်ဝန်ထမ်းများဟာ စရိတ်ငြိမ်း ကျပ်၂သောင်းပဲ ရပါတယ်။ တောက ပညာမတတ် (၂တန်း၊ ၃တန်းပဲ သင်ခဲ့ရသူ) များစွာဟာ မြိုပေါ်အလုပ်လာလုပ်ပြီး၊ မြို့ပေါ်က ၁၀တန်းအောင်သူ၊ ဘွဲ့ရသူများ နိုင်ငံခြားထွက်အလုပ်လုပ်နေတဲ့ ခေတ်ပျက်ကြီးပါ။

 ပြုပြင်ပြောင်းလဲမှု သမတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်နေကြတာက FDI နိုင်ငံခြား အကြီးစားရင်းနှီးမြှတ်နှံမှုပါပဲ။ ငွေရှိမှ တိုင်းပြည်ထူထောင်နိုင်ဖို့၊ လူကောင်းများကို အစိုးရထိပ်တန်းရာထူးများမှာ လုပ်ဆောင်နေပေမယ့် အလယ်လတ်တန်း၊ အောက်တန်း လုပ်ငန်းများ၊ ၀န်ထမ်းများကတော့ ပေးကမ်းခြင်းသည် အောင်မြင်သည် ဆိုတဲ့ Attitude စိတ်နေစိတ်ထား ရှိနေပါတယ်။ တနည်းအားဖြင့် လက်ဆောင်ပေးခြင်း (ခြစားမှု၊ လပ်စားမှု၊ အာဏာရှိသူက တောင်းစားမှု၊ အင်အားသုံးချေမှုန်းမှု) များစွာတွေမြင်နေတော့ ကိုယ်လည်း နည်းနည်းပါးပါး ပေးကမ်းရပါတယ်။ မတတ်နိုင်ပါ။

စက်မှုလုပ်ငန်းများကို လေ့လာဖို့၊ ဆွေမျိုးများနဲ့ တွေဆုံဖို့ ခရီးစဉ်ဖြစ်တဲ့အတွက်၊ ငွေကုန်ကြေးကျ မရှိအောင် ကြိုးစားရပါတယ်။ သူများတွေ မိသားစုခရီးကို ဒေါ်လာ ၃ထောင်ကုန်တယ်။ ဒေါ်လာ ၆ထောင်ကုန်တယ်..စသဖြင့် ပြောနေကြတယ်။ ကိုယ့်အတွက် ဘယ်လောက်ကုန်မယ်မသိသေးပါ။

သားဖြစ်သူတော့ တစ်ပတ်အကြာ ပုသိမ်၊ ရန်ကုန် ဆွေမျိုးများနဲ့တွေ့ပြီး ၁၀နှစ်ကြာ မရောက်တဲ့ မြန်မာပြည်ခရီးအဆုံးသတ်သွားပါတယ်။ ဇနီးကတော့ ၂ပတ်ကြာ မုံရွာ၊ မန္တလေး၊ နေပြည်တော်မြို့များကို တစ်ပတ်ကြာ သွားလာလေ့လာခဲ့ပြီး၊ ပြန်သွားပါတယ်။ နောက်ထပ် ၂ပတ်ကိုတော့ ကျွန်တော်ရဲ့ တကိုယ်တော်ခရီးစဉ် မြစ်ကြီးနား တက်ဖို့ ရှိပါသေးတယ်။ မိဘကို သွားကြည့်ရင်း မြစ်ကြီးနား စက်မှုဇုံကို လေ့လာရဦးပါမယ်။

ပုသိမ်စက်မှုဇုံ၊ မုံရွာစက်မှုဇုံ၊ မန္တလေးအိမ်တွင်းမှု လုပ်ငန်းများ၊ နေပြည်တော့စက်မှုလုပ်ငန်းနဲ့ အစိုးရအရာရှိကြီးများလေသံ၊ လွှတ်တော်အမတ်များ လေသံ၊ ရန်ကုန် ဒဂုံတောင်နဲ့ လှိုင်သားယာ စက်မှုဇုံများကို အထူးလေ့လာခွင့်ရပါတယ်။ နေပြည်တော်ရဲ့ ကြီးမားလှတဲ့ နန်တော်၊ ၀န်ကြီး၊ သမတအဆောက်ဦးများ၊ ဟောတယ်ဇုံမှာ ဟောတယ်ကြီးများကို ၆လအတွင်း အပြီးဆောက်နေကြပုံ၊ တနေ့ ဒေါ်လာ ၄၀ နေပြည်တော် ဟော်တယ်မှာ တည်းခိုရင်း၊ စင်ကာပူဟော်တယ် တစ်နေ့ ဒေါ်လာ ၁၄၀ အခန်းထက် အပြက်အသတ် သာလွန်တာကို မြင်ရပါတယ်။ ၀န်ထမ်းများ Service လည်း ကောင်းလှပါတယ်။ အင်တာနက် မြန်ဆန်နှုန်းကလည်း အလွန်ကောင်းပါတယ်။

အင်တာနက် ကဖေးများကလည်း အလွန်မြန်ဆန်နေပြီဖြစ်ပါတယ်။ အမြက်မရပေမဲ့ အင်တာနက်ကဖီးဆိုင်များစွာပေါ်လာတဲ့အတွက် ကျပ်၂၀၀ (ဒေါ်လာ ၂၀ဆင့်) လောက်ပေးပြီး နာရီဝက် အီးမေးကြည့်လို့ရနေပါတယ်။ မိုဘိုင်းအင်တာနက် ဒေတာစနစ်ကလည်း အင်မတန်မြန်လှပြီး၊ စင်ကာပူထက် အများကြီးဈေးချိုပါတယ်။ SIM card တစ်ခုကို ကျပ်၂သိန်း (200usd) မနှစ်က ဈေးချရောင်းပြီး၊ အခု တစ်သိန်းတန် ဆင်းမ်ကပ် ရောင်းပေးမယ်ပြောတာ …စီးပွားသမားများ၊ အဝေမတဲ့တာလားတော့မသိ ဆက်သွယ်ရေးဝန်ကြီးလဲ တာဝန်မှရပ်စဲသွားတယ်။ ရန်ကုန်က ကျွန်တော်တို့ RIT သူငယ်ချင်း အင်ဂျင်နီယာများလည်း ခေတ္တထိန်းသိမ်းခံရတယ် သိရတယ်။ စိတ်မကောင်းပါဘူး။ ၀န်ကြီး၊ ညွန်ချုပ်၊ ညွန်မှုးများလည်း ကျွန်တော်တို့အသက်ရွယ် ၅၀ကျော်များချည်း ဖြစ်နေတော့၊ လူကြီးသတင်းများ ကြားရပါတယ်။ အကောင်းသတင်းများပါတယ်။

ချောင်ထိုးခံရသူ လူဖြောင့်၊မှန်ကန်သူများ နေရာပြန်ရလာပေမဲ့ De-centralize မလုပ်နိုင်တော့၊ ဗဟိုဦးစီးစနစ်အတိုင်း လက်မှတ်အဆက်မပြက်ထိုးနေရလို့ လုပ်စရာကိစ္စများစွာကို အလုပ်များတဲ့ ၀န်ကြီးဌာနက အစိုးရ၀န်ထမ်းများ အိုဗာတိုင် (အချိန်ပို) အခမဲ့ ပင်ပန်စွာလုပ်ကိုင်နေရကြောင်း၊ နိုင်ငံခြားသား FDI အလုပ်များစွာကို ဦးစားပေးလုပ်နေရင်း၊ တရုပ်ပစ္စည်းများကို မယှဉ်နိုင်လို့ ၂၀၁၂မှာ မြန်မာစက်မှုလုပ်ငန်း အသေး၊ အလတ်၊ အကြီးတွေ ရပ်ဆိုင်းလိုက်ရကြောင်း၊ လူတွေ Service Industry မှာပဲ ပြုံနေကြောင်း …

The Voice ၂၀၁၂ မြန်မာပြည်အနှစ်ချုပ် စာအုပ်ပါးပါးလေးမှာ အဓိကလုပ်ငန်း (Hot Topic) တွေကတော့
– အိမ်ခြံမြေ
– နိုင်ငံခြားရင်းနှီးမြှတ်နှံမှု
– ဆက်သွယ်ရေး (Phone, Internet)
– ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း
– အရောင်းအ၀ယ် Trading
– နိုင်ငံတကာဆက်ဆံရေး (Government, Large Company, NGO ..etc)
– ခရီးသွား (ဟိုတယ်နှင့်ကမ္ဘာလှည့်ခရီး)
– ပတ်ဝန်ကျင်ထိန်းသိမ်းရေး
– ပညာရေး (အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင် eg. IMBC school, 1st RIT student, Military Medical graduates..လေ့လာခဲ့ပါတယ်)။
– ကျန်မာရေး (ရန်ကုန်၊ မြောက်ဥကလာ၊ အာရှတော်ဝင်၊ ၀ိတိုရယ၊ မန္တလေးဆေးရုံကြီး .) .တွေကို လေ့လာခဲ့ပါတယ်။

ဝိတိုရိယဆေးရုံကြီးဟာ ဟိုတယ်ဆောက်လုပ်ပြီးစီးတာ ပေါ်လစီထဲမ၀င်လို့၊ ဖျက်သိမ်းခံရပြီး ဆေးရုံအဖြစ်ပြောင်းလဲဖွင့်လှ စ်ခဲ့တာ တစ်နှစ်ရှိပါပြီ။ The Voice ဂျာနယ် ဦးနေ၀င်းမောင် နှလုံးရောဂါနဲ့ မကွယ်လွန်ခင်၊ ပထမဆုံးလာရောက်ကုသခဲ့တဲ့ ဆေးရုံပါ။ မြင်ရသမျှ ဆေးရုံအဆောက်အဦ Facility မှာတော့ အရှေ့တောင်အာရှမှာ၊ အကောင်းဆုံးပါပဲ။ အတွင်းက Medical Tools & Doctor qualification ကတော့ ဗီယက်နမ်ကို မမှီသေးဘူးလို့ ပြောရမလား?  Toshiba CT Scan တစ်ခုကို တွေ့လို့ မေးကြည့်တော့ စမ်းသပ်ခ ဒေါ်လာ ၁၂၀ လောက်ပဲ ကျသင့်ပါတယ်။  ဗီယက်နမ်ထက် ဈေးကြီးနေဆဲပါပဲ။ အစိုးရဆေးရုံများမှာတော့ လူနာများ မရှိတဲ့မျှော်လင့်ချက်နဲ့ ကုတင်များစွာ ပူးကပ်နေရပြီး၊ လူငယ်ဆရာဝန်ငယ် များပြားစွာတွေ့ရပါတယ်။ သူနာပြု အဆင့်အတန်းမှာတော့ မြန်မာသူနာပြုများဟာ ငယ်ရွယ်၊ကျွမ်းကျင်မှု ထိပ်ဆုံးမှာပါ။ ဒါပေမဲ့ သမင်မွေး၊ကျားစား ဇတ်လမ်းလို့ ၃နှစ် သက်တန်းအတွင်း နိုင်ငံခြားထွက် ရရာအလုပ် (Dosmetic work, Hospital work) များအတွက် စင်ကာပူကို တဖွဲဖွဲ ထွက်ခွာနေဆဲပါပဲ။

လူငယ်များစွာကိုလည်း တွေ့ဆုံခဲ့ပါတယ်။ NGO topic က လူကြိုက်များတော့ တစ်လ ဒေါ်လာ ၂၀၀ ပေးတဲ့အလုပ်ကို ကချင်၊ရခိုင် စတဲ့ အရေးခင်းဒေသများမှာ လူတစ်ယေက်ကို ဒေါ်လာ ၄၀၊  ဒေါ်လာ၅၀ လစာပေးပြီး ခိုင်းရပါတယ်။ NGO နိုင်ငံခြားသားများက ဒေါ်လာ၂၀၀ပဲ ပေးစေချင်ပေမဲ့ ဒေသများမှာ ဒေါ်လာ ၂၀ (ကျပ်နှစ်သောင်းနဲ့စရိတ်ငြိမ်း) ဆိုရင် အလုအယက် လုပ်ချင်လွန်းနေတာကလည်း ပြသနာကြီးပါ။

ရန်ကုန် စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်၊ စတိုးဆိုင်၊ ဆေးရုံတွေမှာ စရိတ်ငြိမ်း ကျပ်၃သောင်းလောက် ပေးရင်ကို လုပ်ချင်တဲ့လူတွေ အများကြီးဖြစ်နေတာ ၀မ်းနည်းစရာပါ။ ဟိုး…နေပြည်တော်၊ ကချင်၊ ကရင်၊ ရှမ်းပြည်နယ် ဆောက်လုပ်ရေးဒေသတွေမှာ စရိတ်ငြိမ်း ကျပ်တစ်သိန်း၊ တစ်သိန်းခွဲပေးတာကျတော့ တစ်လ၊ နှစ်လပဲ လုပ်ပြီး မြို့ပေါ်ပြန်ပြေးလာကြတဲ့ ပညာတတ်လူငယ်၊လူကြီးများရဲ့ ဒုက္ခကလည်း မသေးလှပါဘူး။

Hot Topic NGO များမှာတော့ AIDS, Disaster (Natural & man made), Water Resource, Diseases (ငှက်ဖျား၊ တုတ်ကွေး)၊ Research လုပ်ငန်းများ ဖြစ်ပါတယ်။ NGO @ CSO Civil Society Organization လုပ်ငန်းနဲ့ အမျိုးသမီးအခွင့်အရေးလုပ်ငန်းများကို အဓိကလုပ်ဆောင်နေတဲ့ ၇ ဦးအဖွဲ့ငယ်လေးကို အင်တာဗျူးခဲ့ပါတယ်။

“ ဦးတို့ဆီကို လာပြီး နားငြီးအောင် နားထောင်ရသေးတယ်။ တက္ကစီနဲ့လာရတာ ကျပ်၄၀၀၀ကုန်တယ် ..”

ဆိုပြီးတောင်းတာကြောင့်၊ လုပ်ငန်းရှင် ဦးနေက ကျပ် ၅၀၀၀ ပေးလိုက်ပါ ဆိုလို့ ပေးလိုက်တယ်။ တက္ကစီခ ထပ်မကုန်ရအောင် သူတို့နေတဲ့ အိမ်ခန်းလေး (တစ်လ ၆သောင်း၊ ပေါ့ချောင်၊ကောင်း အခန်းလေးကို လိုက်ပို့ေိပးပြီး၊ စိတ်မရှိပါနဲ ..နောက်တခါ နားညည်းအောင် နားထောင်ဖို့ ခေါ်ရင် လာခဲ့ပါဦးလို့ ကျပ် ၅ထောင် အပိုထပ်ပေးလိုက်ပါတယ်။ ဒီလို နိုင်ငံအတွက် လုပ်ဆောင်၊ ကြိုးစားနေတဲ့ လူငယ်၊ မိန်းကလေး၊ ယောက်ျားလေး အသက်၃၀အောက် လူငယ်များစွာ ရှိနေသလို၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်ပြန် ပညာတန် အသက်၃၀- ၃၅ လူငယ်များစွာ တဟုန်ထိုး IT လုပ်ငန်းတွေကို လုပ်နေတာ အံ့သြဘွယ်တွေ့ရပါတယ်။

 Lingopal လို Apple Application ကို အလွယ်တကူ ဖြုတ်ကနဲ့ လုပ်နိုင်တဲ့ လူငယ်များစွာ တွေ့ရပါတယ်။ ဥပမာ iPyatgadane ပြက္ခဒိန်ကို ဒေါင်းလုပ်တင်ပေးထားတဲ့ လူငယ်တစ်ဦးကို ဗဟုသုတအဖြစ် မေးမြန်းတွေ့ဆုံအားပေးခဲ့ပါတယ်။ တိုးရစ်များကို Target လုပ်တဲ့ ဆော့ဝဲ (Application) နဲ့ မြန်မာစာ၊ မြန်မာစကား သင်ပေးခြင်းလုပ်ငန်းများ ပူတွဲဆောင်ရွက်ရင် ရေရှည်ငွေကြေးအမြတ်ရမဲ့အကြောင်း ပြောပြခဲ့ပါတယ်။

 မြန်မာပြည်မှာ Niec Business နဲ့ Standard Business နှစ်မျိုးပဲရှိပါတယ်။ Niec လုပ်ငန်းဆိုတာ ငွေကြေးတတ်နိုင်တဲ့ နိုင်ငံခြားကုမဏီကြီးများ၊ မြန်မာသူဌေးကြီးများကို Target ထားတဲ့ လုပ်ငန်းများဖြစ်ပါတယ်။ ရွှေဗမာ လူငယ်၊ လူကြီးများဟာ လုပ်မဲ့လုပ် အကြီးကြီးလုပ်ပြီး၊ သူဌေးဖြစ်၊ ခွေးဖြစ် လုပ်ရင်း နိုင်ငံမွဲပြာကျသွားတာ သင်ခန်းစာယူသင့်ပါတယ်။ နေပြည်တော်ကြီး အံ့မခန်း ကြီးမားစွာဆောက်ထားတာ တရုပ်အစိုးရအရာရှိကြီးတောင် ဖြုန်တီးမှုလို့ ယူဆပြောဆိုခဲ့တာ။ အခုလည်း နေပြည်တော်မှာ အရှေ့တောင်အာရှ အားကစားပွဲအတွက် အကြီးအကျယ်ဆောက်ရင်း တာဝန်ရှိလူကြီးတွေ စိတ်ဖိစီးမှုဖြစ်နေတာ။

 ဟိုး လွန်ခဲ့တဲ့ ၆နှစ်လောက်က စင်ကာပူမှာ လူ ၂၀၀ လောက် နဲ့ စာပေဟောပြောပွဲ လုပ်ကြရအောင်ဆိုပြီး ငွေစုလိုက်တာ ထည့်မယ်ပြောသူတွေရဲ့ ဒေါ်လာ ၅၀၀၀ ရတယ်။ နောက်ပိုင်း ချဲကားလာတာ လူတစ်ထောင်ဆံ့တဲ့နေရာမှာ လုပ်မယ်။ နာမည်ကြီးဆရာတွေ ၅ယောက်အထိ ခေါ်ကြမလား၊ ပထမဆုံး စင်ကာပူစာပေဟောပြောပွဲ ငါတို့လုပ်နေတာလို့ စိတ်ကြီးဝင် ဆွေးနွေးရင်း၊ ဖြစ်လဲမလာပါဘူး။  ရွှေမြန်မာစိတ်ဓါတ် Attitude အများကြီးလိုအပ်နေဆဲ၊ နိုင်ငံခြားရောက် မြန်မာများ ငွေချမ်းသာလိုမှု စိတ်ဓါတ်ကို ဖျောက်ပြီး မြန်မာပြည်ပြန်လာ လုပ်ကိုင်ဖို့ တိုက်တွန်းရင် ပထမဆုံး ဆောင်းပါးကို အဆုံးသပ်ပါမယ်။

ကချင်ပြည် ငြိမ်းချမ်းရေး နှစ်ဘက်လူကြီးများ၊ မေတ္တာဖြင့် တွေ့ဆုံနိုင်ပါစေ၊

FDI နိုင်ငံခြားငွေများ အဆက်မပြတ် တရားဝင် ၀င်လာနိုင်ပါစေ၊

တရုတ်ပစ္စည်းများ နယ်စပ်က ဒလစပ်အခွန်မပေး (လပ်ပေးပြီး) ၀င်လာမှုအတွင် ပြည်တွင်း  SME Small & Media Enterprise (Food & Domestic Industries) ပြိုလဲကျနေမှု အဆုံးသပ်နိုင်ပါစေ။

ဗီယက်နမ်ပြုပြင်ပြောင်းလဲမှုမှာ သင်ခဏ်းစာယူနိုင်ပါစေ။

ဆက်ရန်

ဇော်အောင် (မုံရွာ)

Report Writing for Moemaka.com & MyanmarinSingapore

One thought on “မြန်မာ့စက်မှုလုပ်ငန်းကို လေ့လာခရီး၊ နေ့စဉ်မှတ်တမ်း – Zaw Aung

Comments are closed.