သရော်စာ

စပွန်ဇာနိုင်ငံရေး (Beggar Citizen)

စပွန်ဇာနိုင်ငံရေး

ကယ်ပါတိုင်းသား၊ ဇန်န၀ါရီ ၂၄၊ ၂၀၁၃

ကယ်ပါတိုင်းမှာ ခိုးလို့ရတယ်။ လုလို့ရတယ်။ ဓမြတိုက်လို့ရတယ်။ နောက်ဆုံး လူသတ်လို့ရတယ်။ အဲဒီအတွက် ဘာပြဿနာမှကို မရှိဘူး။

ပြီးရင်တော့ စကိုင်းနက်ကနေ တိုက်ရိုက်ထုတ်လွှင့်မဲ့ရံပုံငွေပွဲတပွဲတော့ စပွန်ဇာပေးရမယ်။

မြေသိမ်းလို့ရတယ်။ ယာသိမ်းလို့ရတယ်။ လယ်သိမ်းလို့ရတယ်။ နောက်ဆုံး စက်မှုဇုန်လုပ်လုပ်၊ ကြက်မှုဇုန်လုပ်လုပ်၊ အရက်မှုဇုန်လုပ်လုပ်၊ ပေါင်ပေါင်၊ ရောင်းရောင်းလုပ်ချင်ရာလုပ်၊ ရတယ်။ အဲဒီအတွက် ဘာကိစ္စနမှမရှိဘူး။

ပြီးရင်တော့ စကိုင်းနက်ကနေ တိုက်ရိုက်ထုတ်လွှင့်မဲ့ရံပုံငွေပွဲတပွဲတော့ စပွန်ဇာပေးရမယ်။

ချောင်းတွေမြစ်တွေကောသွားတဲ့အထိ၊ နောက်ဆုံးဧရာဝတီပျောက်သွားတဲ့အထိ သစ်ထုတ်လို့ရတယ်။ အဲဒီအတွက် သစ်တောကလဲ ဘာအပြစ်မှမပြောဘူး။

ပြီးရင်တော့ စကိုင်းနက်ကနေတိုက်ရိုက်ထုတ်လွှင့်တဲ့ရံပုံငွေပွဲတပွဲတော့ စပွန်ဇာပေးရမယ်။

ရွှေကျင်ဖို့ တောင်ဖြိုလို့ရတယ်။ ပိုဇိုလန်ထုတ်ဖို့ တောင်ဖြိုလို့ရတယ်။ ဘိလပ်မြေထုတ်ဖို့ တောင်ဖြိုလို့ရတယ်။ နောက်ဆုံး သဘာဝပတ်ဝန်းကျင်တခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားအောင်ကို ဖြိုလို့ရတယ်။ အဲဒီအတွက် development လုပ်နေတာလို့ ပြောကြလိမ့်မယ်။

ပြီးရင်တော့ စကိုင်းနက်က တိုက်ရိုက်ထုတ်လွှင့်မဲ့ရံပုံငွေပွဲတပွဲတော့ စပွန်ဇာပေးရမယ်။

Jade land ဆိုတဲ့နာမည်ပျောက်သွားတဲ့အထိ ကျောက်မျက်ထုတ်လို့ရတယ်။

ပတ္တမြားမြေမှာ မီးကျီးခဲတောင်မရဲနိုင်တဲ့အထိ ကျောက်မျက်ထုတ်လို့ရတယ်။

အဲဒီအတွက် သူဌေးကလွဲရင် ဘာဆို ဘာမှ မဖြစ်ဘူး။ စိတ်ချ။

ပြီးရင်တော့ စကိုင်းနက်က တိုက်ရိုက်ထုတ်လွှင့်တဲ့ရံပုံငွေပွဲတပွဲတော့ စပွန်ဇာပေးရမယ်။

သဘာဝပတ်ဝန်းကျင်တွေ သုံးစားမရအောင်ပျက်၊ ဒေသခံတွေလုပ်စားစရာမရှိအောင် ဘဝပျက်၊ ယဉ်ကျေးမှုတွေ ပျောက်ချင်သလောက်ပျောက်၊ ဓာတုဗေဒအဆိပ်တွေ ကြိုက်သလောက်သင့်၊ ဘယ်သူတွေဘာဖြစ်ဖြစ်စီမံကိန်းတွေ စိတ်ရှိသလောက်လုပ်။ ဒါဟာ တိုင်းပြည်ရဲ့ဆင်းရဲကိုလျော့ချတာဆိုပြီး အစိုးရရော၊ အစိုးမရတရတွေကရော ချီးပကြလိမ့်မယ်။

ပြီးရင်တော့ စကိုင်းနက်ကတိုက်ရိုက်ထုတ်လွှင့်မဲ့ရံပုံငွေပွဲတပွဲတော့ စပွန်ဇာပေးရမယ်။

ဒီနိုင်ငံကြီးမှာ မဟုတ်တာမှန်သမျှအကုန်လှော်။ မကောင်းတာမှန်သမျှ အကုန်ဆော်။ နိုင်ငံတော်ပိုင်တွေမှန်သမျှ၊ ဘယ်သူပိုင်တာနေနေ သိမ်း။ ယူ။ ငွေမဲတွေ ဖြူဖြူပြာပြာ။ ဘာပြဿနာမှမရှိ။

ပြီးရင်တော့ စပွန်ဇာနော်။ ဒါဆို အားလုံးအေးဆေး။ ဂုဏ်လဲရှိပါတယ်။ ကယ်တင်ရှင်ကြီးကလဲ ဖြစ်အုံးမယ်။ ခေတ်ပြောင်းကို အရစ်ကောင်းကောင်းဖေါ်ပေးသူအဖြစ်လဲ မှတ်တမ်းတင်ခံရအုံးမယ်။ အထူးသဖြင့် ဘယ်ဗိုလ်ချုပ်ထောက်ခံချက်နဲ့မှ၊ ဘယ်ဗိုလ်ချုပ်လက်ဆွဲပြီးမှ ဝင်လို့မရခဲ့တဲ့ လူ့အသိုင်းအဝိုင်းထဲ ဝင်လို့ရသွားမယ်။ ပြောရရင် မှောင်ရိပ်ခိုဘဝက လွှတ်မြောက်မယ်ပေါ့။ မာဖီးယားလူမှုစတိုင်ကို စွန့်ပြီး လူ့မှုပြုပြင်ပြောင်းလဲရေးသမားရောင်ရောင်လုပ်လို့ရပြီပေါ့။ တကယ့်ကို လူရာမဝင်တဲ့အဖြစ်ဆိုးကြီးကနေ လွှတ်မြောက်သွားမယ်ပေါ့။

ဒီလိုဆို ငတို့မြန်မာပြည်မှာ သားသားစားချင်တာစားလို့ရပြီလား၊ ဥပဒေမလိုတော့ဘူးလား လို့မေးစရာရှိတယ်။ တရားရုံးတွေ မလိုတော့ဘူးလား၊ အကုန် ဟိုတယ်လုပ်လိုက်ရမလားလို့မေးစရာရှိတယ်။

လိုတာပေါ့။ ဥပဒေမရှိလို့ ဘယ်ဖြစ်ပါ့မတုန်း။ တရားရုံးမရှိလို့ ဘယ်ဖြစ်ပါ့မတုန်း။

ခရိုနီတွေ၊ ဗိုလ်အမျိုးမျိုးတွေ၊ ဦးပိုင်တွေ၊ ပဲ့ပိုင်တွေသိမ်းထားတဲ့မြေတွေ၊ ယာတွေ၊ လယ်တွေ၊ လုပ်ငန်းတွေကနေ ဘဝပျက်လွှင့်ထွက်လာတဲ့သူတွေဟာ အခု ထင်းခုတ်တယ်။ ဝါးခုတ်တယ်။ ချဲရောင်းတယ်။ နှစ်လုံးထိုးတယ်။ ဖာခံတယ်။ ခိုးတယ်။ ကယ်ရီလိုက်တယ်။ လူပေါင်တယ်။ လူရောင်းတယ်။ ကျူးကျော်တဲဆောက်တယ်။ ငါးဖမ်းတယ်။ ဖားရိုက်တယ်။ သူတို့ကို မဖမ်းရင်၊ မချုပ်ရင်၊ ထောင်မချရင် အမှိုက်တွေပေါတဲ့နိုင်ငံကြီးဖြစ်သွားမှာပေါ့။ နိုင်ငံတကာက အထင်သေးစရာဖြစ်ကုန်မှာပေါ့။

ဒီလူတွေကို ဒီအတိုင်းလွှတ်ထားလိုက်ရင် ဖာနိုင်ငံကြီးလဲ ဖြစ်သွားနိုင်တာဘဲ။

မသာနိုင်ငံကြီးလဲ ဖြစ်သွားနိုင်တာဘဲ။

အပြာနိုင်ငံကြီးလဲ ဖြစ်သွားနိုင်တာဘဲ။

ဘယာနိုင်ငံကြီးလဲ ဖြစ်သွားနိုင်တာဘဲ။

ကွယ် …

ဒါ့ကြောင့် တရားဥပဒေစိုးမိုးဖို့ ကော်မတီကြီးတောင် ဖွဲ့ထားရတာပ့ါ။

အော် အသိမ်းတကာ့ဥသျှောင်၊ စကိုင်းနောင်တို့ဟာ သူတို့သားစဉ်မြေးဆက်လူ့စည်းစိမ်အပြည့်ခံဖို့ဟာ ခိုင်းစရာလူလိုတယ်တဲ့။ အလုပ်သမားလိုတယ်တဲ့။ အအုပ်ချုပ်ခံလိုတယ်တဲ့။ ဝေယျာဝစ္စလုပ်မယ့်သူလိုတယ်တဲ့။

အဲဒီလူတွေကလဲ သေစာရှင်စာတော့ တတ်အုံးမှတဲ့။ ဒါမှ ခိုင်းရပြုရအဆင်ပြေမှာတဲ့။

သူတို့developmentကြီးနဲ့ မြေသိမ်းယာသိမ်းလုပ်လိုက်လို့ မူလအလုပ်အကိုင်ဆုံးရှုံးသွားသူတွေက လုပ်မိလုပ်ရာလုပ်စားကြရင်းထောင်ကျ တန်းကျကုန်ပြီဆိုတော့ သူတို့ကလေးတွေကို စာသင်မပေးနိုင်ဖူးလေ။ ကျောင်းလဲမထားနိုင်ဘူးလေ။

ဆိုတော့ကာ ပညာရေးရံပုံငွေပွဲလေးတွေ မကြာမကြာလုပ်ပေးမယ်ဆိုဘဲ။ စပွန်ဇာမယ်ပေါ့လေ။

ကယ်တော်မူကြပါခင်ဗျာ။

ကယ်ပါတိုင်းသား …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts