သရော်စာ

ဖွတ်ကလေး၊ ဟတ်ချိုးဆိတ်ဖွား၊ ဘာစီလိုးနားမှ မတ်စေ့နှင့် ခက်သေးရွာမှ ခိုပြိုင်ပွဲ

အီကြာအော်
ဇန်န၀ါရီ ၁၉၊ ၂၀၁၃
ဖွတ်ကလေးကား သူ့ဆရာ ဆရာအော်ထံ မလာရလျှင် မနေနိုင်သူတည်း။ သူကြားကြားသမျှ သတင်းပေါင်းစုံတို့ကို သူ့ဆရာဆီ ဈေးဦးပေါက် သံတော်ဦး တင်လေ့ရှိသည်။

ယခုရာသီဥတုကလည်း ဆောင်းဦးပေါက် အေးလာပြီမို့ ဖွတ်ကလေးတစ်ယောက် အအေးမိသလို ဖြစ်တော့သည်။

“ဟတ်ချိုး ဆိတ်သား……”

“ဟတ်ချိုး ဆိတ်သား…..” ဟူ၍ နှာစေးပြီး နှာချေ လေတော့သည်။

“ဟေ့ကောင် ဖွတ်ကလေး…မင်း…ခါတိုင်း နှာချေရင်..“ဟတ်ချိုး ဆိတ်ဖွား” လို့ ချေနေကျပါ…၊အခု ဘယ်လိုဖြစ်တာလည်း” ဟု ဆရာအော်က အံ့သြတကြီး ဖြင့် မေးလိုက်လေသည်။

ဖွတ်ကလေး၏ အဖွားက သူငယ်ငယ်ကတည်းက နှာချေလျှင် “ဟတ်ချိုး ဆိတ်ဖွား…အသက် တစ်ရာ အနာမရှိ” ဟူ၍ ရွတ်လေ့ ရှိသည်။ ထို့ကြောင့်လည်း ဖွတ်ကလေးလည်း အကျင့်ပါပြီး နှာချေလျှင် “ဟတ်ချိုး ဆိတ်ဖွား” ဟူ၍ ဆိုလေ့ရှိသည်။

“ခက်သေးရွာ လွှတ်တော်ထဲမှာ ပရော်ဖက်ဆာ ဆိတ်ဖွား ကို အရေးယူမယ် လုပ်နေတယ်လေ”

“ဟို ဖွဘုတ်ပေါ်က ဆိတ်ဖွားလားကွ”

“ဟုတ်တယ်လေ ဆရာအော်ရဲ့ ”

“တို့ ခက်သေးရွာကတော့ကွာ ခက်ကို ခက်တယ်……၊အလုပ်မရှိ ကြောင်ရေချိုးတယ်ပဲ ကြားဘူးပါတယ်ကွာ….၊အခု တို့လွှတ်တော်မှာတော့ အလုပ်မရှိ ဆိတ်ရေချိုး လုပ်နေကြတယ်”

“အဲဒါနဲ့ ကျွန်တော့ကို အမှုပတ်မှာ ကြောက်တယ်လေ”

“ဘုန်းကြီးအမှု ရွာပတ်သလိုပဲ တော်ကြာ ဆိတ်ဖွားအမှု ဖွတ်ကလေးပတ် ဖြစ်မှာစိုးတော့ နှာချေရင် ဆိတ်ဖွားလို့ မအော်ရဲတော့ဘူး”

“အေးပါ… ကိုသတ္တိခဲ ဖွတ်ကလေးရယ်” ခက်သေးရွာသားပြီပြီ အကြောက်လွန်သော ဖွတ်ကလေးကို အီကြာအော်က ခနဲ့လိုက်သည်။

“ဆရာအော်….. ဒါနဲ့…. မတ်စေ့ အကြောင်း ကြားပြီးပြီလား”

“ဟေ့ ကောင် ဖွတ်ကလေး….. မင်းက ကြီးကြီးကျယ်ကျယ်၊ မတ်စေ့တောင် တွေ့ဘူးလို့လားကွ”

အီကြာအော်လည်း ကြီးသူကို ငယ်သူက ရိုသေ၍ ငယ်သူကို ကြီးသူက ဟောက်ရမည် ဟူသော ခက်သေးရွာသားတို့၏ ထုံးစံ အတိုင်း အထက်စီးမှနေ၍ ဖွတ်ကလေးကို ဟောက်လေတော့သည်။

ခက်သေးရွာတွင် ရွာလူကြီးများက အောက်က အမှုထမ်းများကို ဟောက်သည်။ အမှုထမ်းများကလည်း အထက်က အောက်သို့ အဆင့်ဆင့် ဟောက်ကြသည်။ စူပုတ်နေသော ရုံးဝန်ထမ်းများကို ကြည့်လျှင်ကား သူတို့ဌာန၏ အထက်မှ အဆင့်ဆင့် ဟောက်ခံထားရသည်ကို သိနိုင်သည်။

ယုန်ကန်ဆေးရုံကြီးတွင် လူနာရုံစောင့်လုပ်သော ဖွတ်ကလေးလည်း သူ့အောက်က ဟောက်စရာ ၀န်ထမ်း မရှိသောကြောင့် လူနာစောင့်များကိုသာ ဖိဟောက်ရ ရှာတော့သည်။

အီကြာအော်ကား ဇနီးသည် ဒေါ်အွန်မေး၏ ဟောက်ခြင်းကို ခံနေကျဖြစ်၍ အဟောက်မခံရသည့် နေ့ဆိုလျှင် တစ်ခုခု လိုနေသလိုလိုကို ခံစားရသည်။ ဒေါ်အွန်မေး ၏အမည်ရင်းမှာ “ဒေါ်အေး” ဖြစ်သော်လည်း ကိုရီးယားကားများကြည့်လွန်းပြီး အမေးအမြန်းထူသောကြောင့် “ဒေါ်အွန်မေး” ဟု နံမည်တွင်တော့သည်။

“ကျွန်တော် တွေ့ဘူးတာပေါ့ ဆရာအော်ရဲ့ ” ဟု သူ့ကို အထင်မသေးပါနှင့်ဟူသော မျက်နှာပေးဖြင့် ဖွတ်ကလေးက ပြန်၍ဖြေလိုက်သည်။

“ဒါဖြင့် မတ်စေ့ကို မင်း ဘယ်မှာတွေ့တာလည်း” ဆိုကာ အီကြာအော်က မယုံရေးချ မယုံ ဟူသော လေသံဖြင့် ထပ်မေးလိုက်လေသည်။ ဖွတ်ကလေးတို့ မျိုးဆက်ကား ကျပ်တစ်သောင်းတန် ငွေစက္ကူသာ မြင်ဘူးမည်။ ငါးပြားစေ့၊ ဆယ်ပြားစေ့ နှင် မတ်စေ့ နေနေသာသာ တစ်ကျပ်တန်နှင် ငါးကျပ်တန်တောင် မြင်ဘူးသူက မရှိသလောက်ပင်။

ဖွတ်ကလေးက ဒီတစ်ခါတော့ သူပိုင်ပြီဆိုသော လေသံဖြင့် “ဘုရားပေါ်က အလှူခံပုံးထဲမှာလေ ဆရာအော်ရဲ့ ”

“အေး……… မတ်စေ့ အကြောင်း ဘာများထူးလို့လည်းကွ” ဟု အီကြာအော်က စိတ်ဝင်တစားဖြင့် ထပ်မေးလိုက်သည်။ ခက်သေးရွာသားပြီပြီ အတင်း၊ အဖျင်း၊ သတင်းဆိုလျှင် အလွန် စိတ်ဝင်စားသည်။ ထို့ကြောင့်လည်း ခက်သေးရွာတွင် အတင်း၊ အဖျင်း စုံသော ဂျာနယ်များမှာ ရောင်းလို့ပင်မလောက်။

“ဘာစီလိုးနား ဘောလုံးအသင်းက မတ်စေ့တော့ လေးနှစ်ဆက်တိုက် ရွှေဘောလုံး ဆုရသွားတယ်လေ”

“သေလိုက်ပါတော့ ဖွတ်ကလေးရယ်…၊မင်းက မက်ဆီ(Messi) အကြောင်းကို ပြောနေတာကိုး”

“သူသာ မင်းက မတ်စေ့လို့ခေါ်တာ ကြားသွားလို့ကတော့ သူ့ကို ကျပ်မပြည့်ဘူးလို့ ပြောတယ်ဆိုပြီး လဲသေတော့မှာပဲ”

အီကြာအော်က ဘာစီလိုးနား ဘောလုံးအသင်းအကြောင်း ကြားမှသာ ဖွတ်ကလေးပြောသည့် “မတ်စေ”့ ဆိုသည်မှာ မကြာမီက ၄ နှစ်ဆက်တိုက် ကမ္ဘာ့ဘောလုံး အသင်းချုပ်၏ ရွှေဘောလုံးဆု ရသွားသည့် အာဂျင်တီးနားနိုင်ငံသား၊ ဘာစီလိုးနားဘောလုံးအသင်းမှ “မက်ဆီ” ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ အီကြာအော်လည်း ခက်သေးရွာသား အများစုကဲ့သို့ မက်ဆီ၏ဖန် (Fan) တစ်ယောက် ဖြစ်သည်။

“တို့ ခေတ်သေးရွာ ဘောလုံးအသင်းလည်း တိုးတက်ရင် ကောင်းမယ်ကွ”

“အခု တိုးတက်နေပြီ မဟုတ်ဘူးလား ဆရာအော်ရဲ့ ”

“ဘယ်မှာ တိုးတက်လို့လည်းကွ…. အပွဲပွဲတိုင်း သူများရွာနဲ့ ကန်တိုင်း ဘိတ်ချေးဖြစ်နေတာ မင်းသိသားနဲ့”

“အခု ကျုပ်တို့ရွာမှာလည်း ကြေးစားဘောလုံးအသင်းတွေ ရှိနေပြီ မဟုတ်လား”

“အဲဒါ ဘောလုံးပြိုင်ပွဲမှ မဟုတ်တာ…မင်းဟာက ခိုပြိုင်ပွဲကြီးပဲ”

“ဟာ ဆရာအော်ကတော့ နောက်နေပြန်ပါပြီ…..ခိုတွေက ဘောလုံးမှ မကန်တတ်တာ”

“မင်းကလည်းကွာ…ဒုံးဝေးလိုက်တာ၊ တို့ ခက်သေးရွာမှာ ခိုနီတွေက ဘောလုံး အသင်းတွေ အပြိုင်ထောင်ပြီး အရှုံး ပြိုင်ကြတယ်လေကွာ”

“ကျွန်တော် ကြားဘူးတာတော့ သူနိုင် ကိုယ်နိုင် ပြိုင်ကြတာပဲ…သူတို့ကဘာလို့ သူရှုံး ကိုယ်ရှုံး ပြိုင်ကြတာလည်း ဆရာအော်”

“သူတို့ အချင်းချင်း ဘယ်သူက ပိုချမ်းသာလည်း….ဘယ်သူကပိုပြီး အရှုံးခံနိုင်လည်းဆိုတာ ပြိုင်တာပေါ့ကွ”

“သူတို့က တို့လို ဘောလုံးချစ်တဲ့သူတွေမှ မဟုတ်တာ”

“ငါတို့ ငယ်ငယ်ကဆို တို့ခက်သေးရွာက ဘောလုံးမှာ ထိပ်သီးပဲ”

“အဲဒါဆိုရင် ကျွန်တော့ကို နည်းနည်းလောက်တော့ ပြောပြပါလား ဆရာအော်ရဲ့ ”

“ဗဟာဒူုးတို့ တင်အောင်တို့ ဘောလုံးကစားတာ အရမ်းကောင်းတယ်ကွ”

“ဆရာတို့ခေတ်က “ဒူးတွေ၊ တင်တွေ”နဲ့ ကစားတော့ ကောင်းမှာပေါ့နော်”

“ဟေ့ကောင်….ဗဟုသုတကလည်း နည်းလိုက်တာကွာ….အဲဒါ..လူနံမည် အစစ်တွေကွ၊ ဒူးတွေ၊ ပေါင်တွေအကြောင်း ပြောနေတာ မဟုတ်ဘူး”

“ငါတောင် မငယ်တော့လို့….ဟင်း …ကစားပြလိုက်ချင်သေးတယ်”

ထိုသို့ အီကြာအော်က လေကြီးလေကျယ်ဖြင့် ပြောဆိုနေစဉ်တွင် ဒေါ်အွန်မေးက မီးဖိုချောင်ထဲမှလှမ်းပြီး ဟောက်လိုက်လေတော့သည်။

“ဒီမှာ ကိုအော်….၊ ရှင်… လေပဲကန်မနေနဲ့၊ ကိုခိုနီတို့က ငွေချမ်းသာတယ်…..သူတို့ဖာသာ သိန်းဘယ်နှစ်သောင်းရှုံးရှုံး အရေးမကြီးဘူး….အိမ်မှာက ဆီရော၊ ဆန်ရော ကုန်နေပြီ…”

“ရှင်…အခု………ကိုခိုနီလေးရဲ့  စူပါမားကက်ကနေ ဆီနဲ့ ဆန် အကြွေးသွားယူပေးဦး”

ဤသို့ ဒေါ်အွန်မေးကဆိုလျှင် အီကြာအော်လည်း ဖွတ်ကလေးကို ငါ မပြောဘူးလားဟူသော မျက်နှာပေးဖြင့် “အေးပါကွာ အွန်အွန်ရာ ”ဟု… ဒေါ်အွန်မေးကို လှမ်း၍ ဖြေပြီး စကားနည်း ရန်စဲ လုပ်လိုက်သည်။

ပြီးလျှင် အီကြာအော်လည်း သိမ်းထားသော ကျွတ်ကျွတ်အိတ် အဟောင်းကိုရှာကာ ဆီနှင့်ဆန် အ၀ယ်တော် ထွက်ရပေတော့သည်။

ထိုအခါတွင် တပည့်ကျော် ဖွတ်ကလေးလည်း သူ့ဆရာ၏ အခြေအနေ  မဟန်မှန်းသိသည်နှင့် ဗွီအိုင်ပီ (VIP) မဟုတ်သည့် လူနာစောင့်များကို သူဟောက်ချင်သလို ဟောက်၍ရသော ယုန်ကန်ဆေးရုံကြီးဆီသို့ တပ်ဆုတ်သွားလေတော့သတည်း။ ။

ခက်သေးရွာ ဘောလုံးအသင်း တိုးတက်၍ ဆန်နှင့် ဆီ ပေါများပါစေဟု…..

သဗ္ဗေသတ္တာ သမ္မသကာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖွတ်ကလေး၊ ဟတ်ချိုးဆိတ်ဖွား၊ ဘာစီလိုးနားမှ မတ်စေ့နှင့် ခက်သေးရွာမှ ခိုပြိုင်ပွဲ
  1. ကြီးသူကို ငယ်သူက ရိုသေ၍ ငယ်သူကို ကြီးသူက ဟောက်ရမည် ဟူသော ခက်သေးရွာသားတို့၏ ထုံးစံ အတိုင်း အထက်စီးမှနေ၍ ဖွတ်ကလေးကို ဟောက်လေတော့သည်။ အီကြာအော်ရဲ့ သရော်စာထဲမှ အထက်ပါစားသားလေးဖတ်ရတော့ မန္တလေးမှ လူရွှင်တော်ကြီးတွေဖြစ်တဲ့ တချိန်က မြို့ တော်အင်အားစုမှ ဦးပေါစံ နဲ့ ဦးသိန်းဆို တို့ ရဲ့  အငြိမ့်ခန်းမှ ဟာသကိုသဘောကျမိ၏- ဦးပေါစံ က သံချပ်ထိုးဘို့ တိုင်တော့ ဦးသိန်းဆုက စိတ်မပါသလို – ထိုင်နေတယ်- ဒါကို ဦးပေါစံ က သဘောမကျ -ဦးသိန်းဆု ကို အလုပ်ကိုတက်တက်ကြွကြွလုပ်ဘို့ ခေါ်ရာ ဦးသိန်းဆုက ဘာလုပ်မလဲ မိုးမိုး-မိုးလားမောင်တို့ - လေလေ-လေလားမောင်တို့ ဆိုတာ ပညာသင်လူရွှင်တော်လေးတွေ ပျက်တဲ့ ပျက်လုံး- ဒီအသက်အရွယ်ရောက်မှ အဲဒီလိုပျက်လုံးမျိုးတော့ မပျက်ဗျာ-လို့ ပြန်ပြောတယ်။ ဒါနဲ့  ဦးပေါစံ က ဦးသိန်းဆုကို မင်းက- ပညာသားပါပါပျက်တော့လိုက်နိုင်မှာလားလို့ မေးတယ်- ဦးသိန်းဆုက ကျုပ်လိုချင်တာက ပညာပေးတဲ့ဟာမျိုးဖြစ်စေချင်တယ်- ကျမ္မာရေးဖြစ်စေ-ပညာရေးဖြစ်စေ- ပါစေချင်တာလို့ ပြောတာကိုး- ဒါနဲ့ ဦးပေါစံက-နောက်က ဆိုင်းသမားတွေကို တူတူ ပတ်ဗေတိုး -တူတူ-ပတ်ဗေတိုး-လို့  ပို့ ပေးပါလိုဆိုတော့ ဆိုင်းက သူတို့ ပြောတဲ့ အတိုင်းပို့ ပေးတယ်- အဲဒီအခါ- ဦးသိန်းဆု က စိတ်ဆိုးဟန်ပြုပြီး တွေ့ ရာနဲ့  ဆိုင်းသမားကို ပစ်ပေါက်ဘို့ ကြိုးစားတာကိုး- ဦးပေါစံက မေးတယ်- ဘာလဲ သူတို့ တီးတာ မဟုတ်လို့ လား-မေးတော့ ဦးသိန်းဆုက ဟုတ်ပါတယ်- ဒါဖြင့် ဘာဖြစ်လို့  စိတ်ဆိုးပြီး မာန်မဲရတာလဲ-မေးတော့ ဦးသိန်းဆုဖြေတာက- လူကြီးမှန်းသိ အောင်လို့  — တဲ့ဗျာ–

Comments are closed.