မိုးမခကို ပေးတဲ့စာ

သတင်းနဲ့ ပေးစာ ဖတ်စရာများ၊ (မိုးမခအထောက်တော်များ၊ မိတ်ဆွေများ)

ဇန်န၀ါရီ ၁၉ ၊ ၂၀၁၃

 ရေကြည် NLD ညီလာခံကျင်းပရေးကော်မရှင် လက်သိပ်ထိုး ဖြေရှင်းမှုများပြုလုပ်

ဘက်မလိုက်နိုင်ငံရေးလှုပ်ရှားသူများ၊ ဧရာဝတီတိုင်း

ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို.နယ်  အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ညီလာခံကျင်းပရေး မြို.နယ်ကော်မရှင်မှတာဝန်ရှိသူ ဦးစောအောင်သည် မိမိနေရာ ရရှိရေးအတွက် တိုင်းကော်မရှင်မှ ဒေါက်တာအေးကြူ၊ အတွင်းရေးမှူး  ဒေါက်တာ မျိုးညွန့်တို့နှင့် ပေါင်းကာ ရပ်ကျေးညီလာခံကို
အမှန်တကယ် မကျင်းပဘဲ လိမ်ညာပြီး သူနှင့်အဆင်ပြေသူများကိုသာ စာရွက်ပေါ်ရေးကာ အပေါ်သို့ တင်ပြလာသည်။ သို့အတွက်ကြောင့် ပါတီဝင်များသည် စစ်မှန်သောရွေးချယ်ပွဲအဖြစ် အဖွဲ့ချုပ်၏ ဗဟိုမှ ထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းအတိုင်း ညီလာခံကိုကျင်းပရန် တောင်းဆိုလာသည့်အတွက် ဦးတင်ဦ၊ ဦးလှဖေ၊ ဦးဥာဏ်ဝင်း၊ ဦးစိုးဝင်းတို့ထံ လူကိုယ်တိုင်ရော၊ စာရော တင်ပြသော်လည်း ထူးခြားမှုမရှိခဲ့ပါ။

 တိုင်ကြားသူများကို ရေကြည်မြို့နယ်တရားရုံးတွင် ဒေါက်တာအေးကြူ  နှင့် ဦးစောအောင်တို့မှ တရားစွဲဆိုတဲ့အထိ ပြုလုပ်ခဲ့သည့်အတွက်  လာမည့် ဇန်န၀ါရီ ၂၀ ရက်နေ့ နံက်  ၁၁  နာရီတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး စစ်မှန်သောညီလာခံ ကျင်းပပေးရေး တောင်းဆိုမည်ဟု ရေကြည်မြို့နယ်မှူးထံ  ခွင့်ပြုချက်တောင်းခံရာ ခွင့်ပြုကြောင်း သိရှိရသည်။

ထိုအကြောင်း ဒေါက်တာအေးကြူသိသောအခါ ဦးနိုင်ဝင်း၊ ရေကြည် (ဖုန်း ၀၄၆ ၅၂၁၇၉) ထံ ဆက်သွယ်ပြီး နေရာပေးမည်ဖြစ်ကြောင်း  ဆက်လက်ပြီး ဆန္ဒမပြရန်ပြောပါသည်။ သို့ပါသောကြောင့် ဦးလှဖေ၏လူဖြစ်သော ဒေါက်တာအေးကြူကို  ဗဟိုမှ ခေါ်ယူ သတိပေးရန်  အောက်ခြေမှဖြစ်ပေါ်သမျှကို  အရေးတယူဆောင်ရွက်နိုင်ရန် တင်ပြအပ်ပါသည်။


မလေးရှား၊ ဆရီပူချုန်းမှာ အနုကြမ်းစီး၊ မြန်မာအလုပ်သမားများ သတိထား

ဖီလော်ဆိုဖာ မောင်မြသာ၊ မလေးရှား

ဇန်န၀ါရီ ၁၈ရက်နေ့၊ ည ဖက် ၁၂ နာရီ ၂၅  မိနစ်ခန့်က ဆရီပူချုန်းဧရိယာတွင်ရှိသော ဂျာယန့် ( Gayant ) မားကက် ဘေးနားရှိ   99 HOTEL  တွင် မော်တော်ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ မလေးလူမျိုးသုံးယောက်မှ အခန်းဌားချင်ဟန်ဆောင်ကာ ဟိုတယ် ဧည့်ကောင်တာ ရှေ့ ရောက်သောအခါ အသင့်ပါလာသောပစ္စတိုသေနတ်ဖြင့်ထုတ်ချိန်ပြီး ဧည့်ကောင်တာတွင်ရှိသော မလေးရင်းဂစ်ငွေ စုစုပေါင်း  ၇၀၀၀ ကျော်အား ယူဆောင်သွားပြီးနံပါတ်မပါသော မော်တော်ဆိုင်ကယ်များ စီးကာ ပြန်လည်ထွက်ခွါသွားကြောင်းသတင်းရရှိသည်။

ယခုအခါ မလေးရှားနိုင်ငံ၏နေရာတော်တော်များများတွင်အနုကြမ်းစီးမှု့ ၊ အကြမ်းဖက်မှု့များ မကြာခဏဆိုသလိုဖြစ်ပွားလျှက်ရှိကြောင်းလည်းသိရှိရပါသည်။ သို့ပါသောကြောင့် မြန်မာနိုင်ငံသားများအနေဖြင့်သတိဝိရိယဖြင့်သွားလာနေထိုင်ကြပါရန် အဆိုပါ  99 HOTEL  ရှိ မြန်မာနိုင်ငံသားဝန်ထမ်းတဦးမှဖုန်းဖြင့် သတင်းပေးအကြောင်းကြားလာခဲ့ပါသည်။

တောင်ဥက္ကလာပ မာဃ ၄ လမ်းက မူးယစ်ရမ်းကားခွင့် အမိန့်ရထားသူကို အရေးယူပါ

မာဃလမ်းစောင့်၊ တောင်ဥက္ကလာပမြို့

ဇန်န၀ါရီ ၁၈၊ ညနေ  ၄ နာရီခန့်အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ၊ (၁၃) ရပ်ကွက် အနော်မာလမ်းမှ စတင်ပြီး (၁၂) ရပ်ကွက် မာယ(၄) လမ်း ရှိ အိမ်တစ်အိမ်အထိ ဆေးကြောင်နေသော  ချစ်မင်းဦးဆိုသူသည် ဓါးကိုင်ရမ်းလာပါတယ်။ ၀င်တားသည့် ရပ်ကွက်လူကြီး၊ ဆယ်အိမ်ခေါင်းတွေကို ဓါးနဲ့လိုက်ခုတ်ပြီး၊ လမ်းတလျောက်မှာ “သတ္တိရှိတဲ့ကောင် ထွက်ခဲ့၊ ငါ့အကြောင်း ရဲ တိုင်ရဲတိုင်ကြည့်၊ ဘယ်သူမှ အရှင်မထားဘူး။” လို့ လက်ထဲမှာပါလာသည့်  အသွား ၂ပေ ခန်ပရှိဓါးနဲ့ တောက်လျောက် ရမ်းလာပြီး ဆဲဆိုကြိမ်းမောင်း၊ အိမ်တွေကို ဓါးနဲခုတ်ပါတယ်။

ရပ်ကွက်ထဲကလူတွေက တောင်ဥက္ကလာပ မြိုနယ်ရဲတပ်ဖွဲ့မှူး အိမ်ဖုန်း (01561398) ကိုဆက်သွယ်တိုင်သော်လည်း မြိုနယ်မှူးမရှိဘူး ဆိုပြီးဖြေပါတယ်။ ဒါနဲ့ (01-61642) (01566753) ကိုဆက်ပြီးတိုင်တယ်။ ရဲတွေက အဲသည်ဆေးသမားငြိမ်သွားတော့မှ ရောက်လာပြီး ခေါ်သွားတယ်။ နောက် ၁၅မိနစ်လောက်ကြာတော့ လွတ်လိုက်တယ်။

ချစ်မင်းဦးဆိုသူဟာ အရင် ခံဝန်နှင့် လက်မှတ် ခဏခဏ ထိုးထားပြီး၊ ရပ်ကွက်ထဲ ခဏခဏ ဆေးကြောင်းပြီး ဓါးနဲ့ ရမ်းကားနေသော်လည်း၊ တောင်ဥက္ကလာပရဲစခန်းမှ စခန်းမှူးနှင့် ရဲဝန်ထမ်းတွေအပေါ် ဘယ်လောက်ထိ လွှမ်းမိုးထားနိုင်သလဲ ဆိုတာ မေးခွန်း ထုတ်စရာဖြစ်လာပါတယ်။ သက်ဆိုင်ရာက ထိရောက်စွာ အရေးယူပေးစေလိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts