ဒေါ်အောင်ဆန်းစုကြည်ဟာ (၂၇.၁.၈၉) မှာ မိခင်ကြီးအတွက် တလပြည့်ဆွမ်းကျွေးဒါနပြုအပြီး ခဏပဲ ရန်ကုန်မှာနေပြီး ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ တနင်္သာရီတိုင်း စည်းရုံးရေးခရီးဆက်ထွက်ပါတယ်။ မြိတ်ကို တိုက်ရိုက်လေယာဉ်နဲ့သွားပြီး မြိတ်မှာ (၆) မြို့နယ်အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ဆွေးနွေးပြီး မြိတ်မြို့ နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့စီစဉ်ပေးချက်အရ ဖေဖော်ဝါရီလ (၂) ရက်နေ့အထိ မော်တော်နဲ့လှည့်ပြီး မြိတ်အနီးအနားတ၀ိုက်မှာ စည်းရုံးဟောပြောနိုင်ခဲ့ပါတယ်။ ဧရာဝတီတိုင်းလို တစုံတရာအနှောင့်အယှက်ပေးတယ်လို့မကြားရပါ။ (၂) ရက်နေ့ကျတော့ ထားဝယ်ဖက်ကို မော်တော်နဲ့ထွက်ခဲ့တဲ့လမ်းတလျှောက်မှာလည်း စည်စည်ကားကား အတီးအမှုတ်အကအခုန်တွေနဲ့ ကြိုဆိုတာ တွေ့ခဲ့ရတယ်လို့သတင်းတွေရပါတယ်။
(၅.၂.၈၉) နေ့မှာတော့ ထားဝယ်ကနေ လောင်းလုံကိုကူးခဲ့ပြန်တယ်။ အဲဒီနေ့မှာပဲ လောင်းလုံလူထုနဲ့ တွေ့ဆုံနှုတ်ဆက်ပြီး မောင်းမကန်ကို ကူးပါတယ်။ မောင်းမကန်ကကြိုဆိုနေတဲ့လူထုကြီးကို နှုတ်ဆက်မိန့် ခွန်းပြောပါတယ်။ မောင်းမကန်ကမ်းခြေမှာ ဒေါ်အောင်ဆန်းစုကြည် အပမ်းဖြေ အနားယူခွင့်  ရခဲ့ပါတယ်။ အေးအေးဆေးဆေး ရေကူးရေချိုးနဲ့အပမ်းဖြေနိုင်ခဲ့တာပါ။ ( ၆. ၂. ၈၉) နေ့မှာ မောင်းမကန်ကထားဝယ်ကို ပြန်ကူးပြီး ထားဝယ်ကတဆင့် ရန်ကုန်ကို လေယာဉ်နဲ့ပြန်ခဲ့တာမို့ အဲဒီနေ့ မွန်းလွဲချိန်မှာပဲ ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။ ဒီတနင်္သာရီ ခရီးစဉ်ကတော့ချောချောမောမော ဖြစ်တဲ့အပြင် အိုးစည်ဗုံမောင်း အကအခုန်တွေနဲ့ လူထုကကြိုဆိုခွင့်ရတာတွေ၊ အာဏာပိုင်များအကူအ ညီမရှိပဲ မရနိုင်တဲ့လေယဉ်နဲ့ အသွားအပြန်ခရီးသွားနိုင်တာတွေ၊ မောင်းမကန်ကမ်းခြေမှာ အေးအေးလူလူ အနားယူခွင့် ရတာတွေကတော့ အထူးအစီအစဉ်တွေဖြစ်ခဲ့ပါတယ်။
● ပေါင်းတည်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
စည်းရုံးရေးကော်မတီ ကျနော်တို့မြို့ နယ်ရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်စုဆောင်းရေးကော်မတီကို လုံလောက်တဲ့အဖွဲ့ဝင်အရေအတွက်ရပြီမို့ စည်း ရုံး ရေးကော်မတီ အဖြစ်ပြောင်းလည်းဖွဲ့စည်းဖို့ ပဲခူးတိုင်းစည်းရုံးရေးကော်မတီက ညွှန်ကြားလာပါတယ်။ ဒါကြောင့် အရင်ကော်မတီဟောင်းက ဆက်လုပ်လိုသူ နောက်ထပ်ဝင်ရောက်လုပ်ကိုင်လိုသူတွေ ညှိနှိုင်းပြီး (၁၂.၂.၈၉) မှာ အသစ်ဖွဲ့စည်းလိုက်ပါတယ်။ အရင်အဖွဲ့ဝင်စုဆောင်း ရေးမှာပါတဲ့အထဲက သုံးဦးထွက်သွားပြီး လူသစ်သုံးဦးထပ်ဝင်လာပါတယ်။ ထွက်သွားတဲ့သုံးဦးကလဲ သဘောထားကွဲလို့ ထွက်တာမဟုတ် ပဲ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကြောင့် အဖွဲ့ချုပ်ကိုထိခိုက်မှာ စိုးလို့ထွက်ပေးကြတာပါ။
မြို့နယ်စည်းရုံးရေးကော်မတီ (ယာယီ) လည်း ဖွဲ့စည်းပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း နှစ်ခေါက်လာပြီး သိဒ္ဓိတင်ပေးသွား ခဲ့ပြီ။ ဒီတော့ ဒီမြို့နယ်ရဲ့ စမ်းသပ်နယ်မြေ (Testing Area) ရွှေလေးနယ်ကို စည်းရုံးရေးထွက်ဖို့ပြင်ရပါတယ်။ ကျနော်တို့မြို့ မှာလည်း မဲဆန္ဒနယ်မြေက အရင်ကတည်းက တစ်..နှစ်ဆိုပြီး နှစ်ခုရှိတယ်။ ပေါင်းတည်ရဲ့  အရှေ့ ခြမ်း အနောက်ခြမ်းလို့ လည်းခေါ်တယ်။ ခုနပြော ခဲ့တဲ့ ရွှေလေးနယ်ကိုလည်း အရှေ့ ခြမ်း အနောက်ခြမ်းလို့ နှစ်ခြမ်းခွဲထားပါတယ်။ မြို့နဲ့ စီးပွါးရေးဆက်စပ်မှုရှိတာက အရှေ့ ခြမ်းက ပိုပါ တယ်။ရွှေလေးဒေသကို ပဲခူးရိုးမတောင်ပေါ်ဒေသလို့လည်း ခေါ်တော့ တောင်ပေါ်ဒေသရဲ့  အရှေ့ ခြမ်းရော မြေပြန့်ရဲ့  အရှေ့ခြမ်းရော မြို့နဲ့ ဆက်သွယ်ရေးပိုကောင်းပါ တယ်။အနောက်ခြမ်းကတော့ မြေပြန့်ရော တောင်ပေါ်ဒေသပါ ရောင်းရေးဝယ်တာနဲ့ ဆက်သွယ်ရေးမှာပါ သဲ ကုန်းမြို့နယ်အတွင်းက ၀က်ပုတ်၊ ပုတီးကုန်းမြို့  ၊ ပေါက်ခေါင်းမြို့ တွေဖက်ကိုဆက်သွယ်ကြတာ ပိုများပါတယ်။ ရုံးကိစ္စများသာပေါင်းတည် နဲ့ ဆက်တာပါ..။
ဒီတော့ နယ်မြေ (၁) ဆိုတဲ့အနောက်ခြမ်းက မြို့ နဲ့ နဲနဲအဆက်ကျဲပါတယ်။ဒါကြောင့်  ရွှေလေးလို့ ခေါ်တဲ့တောင်ပေါ်ဒေသကို တက်တော့မယ် ဆိုတော့ လည်း အရှေ့ ခြမ်းကို ပထမစတက်ပါတယ်။ရွှေလေးဒေသ ကျေးရွာ (၁၁)အုပ်စု ရှိတဲ့အနက် အရှေ့ ခြမ်းမှာငါးအုပ်စု၊အနောက်ခြမ်းမှာ (၆)အုပ်စု ရှိပါတယ်။နှစ်ခြမ်းစလုံးရဲ့  ရွှေလေးဒေသ တံခါးပေါက်က တော့ ပေါက်တောအုပ်စုပေါက်တောရွာပါ..။အဲဒီပေါက်တောမှာပဲခလရ (၁၀) စစ်တပ်ရှိပါတယ်။ကျနော်တို့ က ပေါက်တောရွာကိုတော့အပိုင်စည်းရုံးပြီးသားပါ..။ကျေးရွာအုပ်စုရဲ့  ရ၀တ ဥက္ကဌက တပ်ကြပ်ကြီးဟောင်း ကိုတင်ဌေးဖြစ်ပြီး သူ့ရဲ့  ယောက်ဖ ကိုအောင်မြိုင်ကတော့ ကျနော်တို့ အဖွဲ့ဝင်ပါ…။
● ရွှေလေးဒေသရဲ့  ၀ိသေသ
ရွှေလေးဒေသကို ကျနော်တို့ အဖွဲ့ရဲ့  တက်စတင်းဧရိယာလို့ သတ်မှတ်ရတာက အကြောင်းရှိပါတယ်.။ဒီဒေသဟာ ပဲခူးရိုးမအတက် တောင်ပေါ်ဒေသဖြစ်ပြီး ရွှေလေးသစ်တောကြိုးဝိုင်းနဲ့ ရွှေလေးချောင်းကိုအမှီပြုပြီးရွာတွေ တည်ထားတာပါ..။ကိုလိုနီခေတ်က သစ်တော ကြိုး ၀ိုင်း တ၀ိုင်းရှိရင်အနီးမှာ ကြိုးဝိုင်းလုပ်သားတွေ နေဖို့ရွာတည်ပေးပါတယ်။ကြိုးဝိုင်းက ပေးနိုင်တဲ့အခကြေးငွေ နဲ့ လဲမလုံလောက်နိုင်တာမို့ သူတို့ကို ကြိုးဝိုင်းပြင်ပမှာ တောင်ယာလုပ်ကိုင်ခွင့်  ပေးရပါတယ်။ကြိုးဝိုင်းရဲ့ အလုပ်တွေဖြစ်တဲ့ သစ်တောစိုက်၊ပေါင်းရှင်း၊မြောခုတ်၊ သင်းသတ်၊ ခုတ်လှဲ၊ ရေမျှော၊ ကျွဲဆွဲ၊ နွားဆွဲ အလုပ်မျိုးတွေလုပ်ရတဲ့အပြင် ကြိုးဝိုင်းပြင်ပတောင်ယာတွေမှာ လယ်စိုက်၊၀ါစိုက်၊ ပဲစိုက်၊နှမ်းစိုက်တွေလည်းလုပ်ကြရပါတယ်။လူတွေအနေဆင်းရဲကြပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်တွေ စစ်ရှုံးစပြုလာလို့ မြန်မာပြည်က ပြန်ဆုတ်ရတော့မယ့် အခါမှာ ရခိုင်ဒေသနဲ့မြန်မာပြည် အလယ်ပိုင်းမှာ ရှိတဲ့ ဂျပန်တပ်တွေဟာစစ်တောင်းမြစ်ဝှမ်းအရှေ့ ဖက် ရှမ်းရိုးမဆီကို ဆုတ်ဖို့  ပထမစုရပ်အဖြစ် ပဲခူးရိုးမကိုသတ်မှတ်လိုက်ပါတယ်။အဲဒီကတည်းက ပဲခူးရိုးမတ၀ိုက်မှာရှိတဲ့ရွာတွေဟာ ဂျပန်အခြေစိုက်စခန်းဖြစ်လာသလို ဂျပန်တော်လှန်ရေး ရဲ့ အခြေခံစခန်းတွေလည်း ဖြစ်လာခဲ့ တာမို့ ပဲခူးရိုးမတောင်ခြေ ရွှေလေးဒေသရွာတွေဟာ နိုင်ငံရေးအစဉ်အလာရှိခဲ့ပါတယ်။ဒါ့ ကြောင့် ကျနော်တို့အဖွဲ့ရဲ့  နိုင်ငံရေးစည်းရုံးမှုကို ရွှေလေးဒေသကိုတက်စတင်းဧရိယာသတ်မှတ်ပြီး စတင်ခဲ့တာပါ..။
မြန်မာပြည် လွတ်လပ်ရေး ရပြီး ၁၉၄၈ ခုနှစ် မတ်လမှာဗမာပြည်ကွန်မြူနစ်ပါတီ က လက်နက်ကိုင်တော်လှန်တော့ လည်း ပဲခူးရိုးမ အရှေ့ ဖက်ခြမ်း ပျဉ်းမနားနဲ့ ဖြူးတောင်ငူ တို့ ဘက်မှာ ဌာနချုပ်လုပ်ပါတယ်။၁၉၅၀ ခုနှစ် ပြည်မြို့ မှာ ဗဟိုပြုတဲ့ တော်လှန်သောဒီမိုကရေစီ
တပ်ပေါင်းစု ပျက်သွားပြီးတဲ့နောက်မှာကွန်မြူနစ်ပါတီ ဗဟိုဟာ ဒီပဲခူးရိုးမတောတောင်တွေထဲကနေပြီး တော့ပဲအထက်ဗမာပြည်ကို ရွှေ့ ခဲ့တာပါ.။
၁၉၅၈ ခုနှစ်လောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပဲခူးရိုးမကိုပဲပြန်ပြီး အခြေချပါတယ်။ဒီတခါကျတော့ပဲခူးရိုးမရဲ့  အရှေ့ ခြမ်းရော၊အနောက်ခြမ်းမှာပါ အခြေစိုက်စခန်းတွေတည်ဆောက်နေထိုင်ပါတော့တယ်။ရွှေလေးဆိုတာဟာ ပဲခူးရိုးမရဲ့  အနောက်ဖက်ခြမ်းမှာ ရှိပြီးဒီဒေသတ၀ိုက်မှာပဲ ဗဟိုမက်ခ်စ်လီနင်ကျောင်းတွေ၊ဗဟိုဆေးကျောင်းတွေ ထောင်ခဲ့တော့ ရွှေလေးဒေသခံတွေဟာ အနေဆင်းရဲပေမယ့် လူမှုဆက်ဆံရေးမှာတော့ ကွန်မြူနစ်ပညာတတ်တွေ နဲ့ လည်း ဆက်ဆံဖူးတယ်။နောက်ပိုင်းတပ်မတော်ကနေ ဒီဒေသကို ထိုးစစ်ကြီးတွေ တခုပြီးတခုပြီး ဆင်နွဲလာတော့လည်း ဒီထိုးစစ်ကြီးတွေ ရဲ့  ခေါင်းဆောင် တပ်မှူးကြီးတွေပညာတတ် တပ်ဗိုလ် တပ်သားတွေ နဲ့ လဲ ဆက်ဆံရပြန်ရော..။၁၉၆၀ နောက်ပိုင်းထူးခြားဆန်းကြယ်လှတဲ့ မော်စီတုံးရဲ့  မဟာယဉ်ကျေးမှုတော်လှန်ရေး ကြီးနဲ့ လည်း ရင်ဆိုင်ခဲ့ဖူးပြန်တယ်။အာဏာနီနယ်မြေအဖြစ်(၁၅)နှစ်ကျော် တည်ဆောက်ခံထားခဲ့ရတဲ့နယ်မြေဖြစ်လို့ မို့ ဒီနယ်မြေကို စည်းရုံးရေးဆင်းရာမှာ ကျနော်တို့လွယ်လွယ်ကူကူ သဘောထားလို့ မရပါ..။ကွန်မြူနစ်များ မြန်မာပြည်အရှေ့မြောက်ပိုင်းကို ကူးပြောင်းအ
ခြေစိုက် တဲ့ အခါမှာလည်း ဒီရွှေလေးဒေသကို မဆလအစိုးရစစ်တပ်ကအထူးနယ်မြေအဖြစ် အလေးထားခဲ့ရတဲ့နယ်ပါ..။တနည်းအားဖြင့်  မဆလ ခေတ်ရဲ့  ပြည်သူ့ စစ်အခြေခံနယ်မြေလည်း ဖြစ်ခဲ့ပါတယ်။
ကျနော်တို့ ကလည်း အဖွဲ့ ချုပ်ကို နိုဝင်ဘာလကတည်းက ရုံးဖွင့်ပြီး အပတ်စဉ်လှုပ်ရှားတက်ကြွသူများ အစည်းအဝေး (Activists’ Meeting ) တွေလုပ်ပြီးအပြန်ပြန်အလှန်လှန် ဆွေးနွေးခဲ့ကြတာမို့ တဖက်က ဗဟိုနိုင်ငံရေးတက္ကသိုလ်ဆင်း မဆလ တွေလောက် မပိုင်တောင်အခြေခံတော့ သိပ်မညံ့တော့ပါဘူး..။ပြီးတော့ ပေါင်းတည်မြို့ ရဲ့  ဒီမိုကရေစီအုံကြွမှုကြီးကိုလည်း၈.၈.၈၈ ကတည်းက စည်းကမ်းတကျ ဦးဆောင်နိုင်ခဲ့ရုံမက ၈.၈.၈၈ မှာအရေးတော်ပုံ မစတင်နိုင်ခဲ့တဲ့အနီးအနားက တခြားမြို့ တွေကတောင် သူတို့ မြို့ နယ်တွေကို လာရောက်ပြီး အရေးတော်ပုံစတင်နိုင်ဖို့ လှုပ်ရှားပေးဖို့ဖိတ်ခေါ်ခံရတဲ့၁၉၈၈အရေးတော်ပုံအမာခံလူငယ်တွေ လည်း ပါလေတော့ အင်မတန်မှကို တက်တက်ကြွကြွ ရှိနေပါတယ်။
ဒါကြောင့်  ရွှေလေးနယ် စည်းရုံးရေးကို ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့မှာ အဖွဲ့ဝင်(၁၁)ဦး နဲ့၊ပေါက်တော ရွာက (၂)ဦး တို့ ဟာ ကြို့ပင်အိုင်အထိ သစ်ဆွဲတဲ့ကားကြီးနဲ့ လိုက်ပါခဲ့ပါတယ်။ကြို့ပင်အိုင် မှာ..ပျဉ်ကြီးရွာက နယ်မြေကျွမ်းသူ တဦးလာစောင့် နေလို့ စုစုပေါင်း(၁၄)ဦးနဲ့ ကြို့ ပင်အိုင်ရွာကနေ စပြီး စည်းရုံးရေးတရားပွဲတွေ လုပ်တယ်။ရွှေလေးနယ်မြေ ကို ရောက်တော့ မြေပြန့် အ၀ှမ်းလိုမဟုတ်တော့ဘူး.။ရပ်ကွက်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး(ရ.၀.တ ) အိမ်မှာလည်း အစည်းအဝေးလုပ်လို့ ရတဲ့အခါ ရတယ်။
ရ.၀.တတွေကလည်း ၀င်ဆွေးနွေးချင်ဆွေးနွေးတယ်။မြို့ ပေါ်က အုပ်ချုပ်ရေးနဲ့အလှမ်းကွာသွားပြီ..။ကြို့ ပင်အိုင်ကထွက်ကတည်းက ရှေ့ လျှောက်တော့ခြေလျင်ခရီးပဲ..။တချို့  နေရာတွေမှာ မ.ဆ.လ ဟောင်း တ.စ.ည(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဝင်) လည်း မဖြစ်သေးတဲ့သူတွေကသူတို့ အိမ်ကို ခေါ်သွားတယ်။တဖွဲ့လုံးကို ကျွေးတယ်။မွေးတယ်။သူတို့အိမ်မှာအစည်းအဝေး လုပ်တယ်။
လူသိပ်မတက်လာဘူးဒီတော့ ကျနော်တို့ ရဲ့  လမ်းပြ ဦးပေါက်စီကအခြေအနေကို အကဲခတ်မိတယ်။ပုံမှား ရိုက်နေတာလား..။ကျနော်ကလည်း
မ.ဆ.လခေတ်နှောင်းမှာ တရားသူကြီး ဖြစ်ခဲ့ရတယ်။နောက် ..ကျနော်တို့ အဖွဲ့မှာပါတဲ့ ဦးဖေမြင့် ကလည်း န.လက(မ.ဆ.လ ခေတ်ဦး) ခေတ်ကောင်စီအတွင်းရေးမှူးဟောင်းဖြစ်ခဲ့ဖူ့း တယ်။ဒါကို သူတို့ က မှားပြီးဧည့် ခံနေတာလား..။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေအထင်မှားနေသလား..တွေးစရာဖြစ်နေပါတယ်။ဒီတော့ ဦးပေါက်စီက အဖွဲ့ထဲပါတဲ့ လူငယ်တချို့ ကို ခေါ်ထုပ်သွားတယ်။အခြားနေရာ တခုမှာ ရွာကလူငယ်တွေ နဲ့ ဆွေးနွေးကြတယ်။ဒီလိုမျိုး သုံးရွာလောက် ရောက်ပြီးတော့မှ လုပ်ငန်းက
ပီပြင်လာတယ်။အားလုံး ခေါင်းရင်းခန်းမှာချည်း ထိုင်မနေပဲ..။ကျနော်နဲ့ လူကြီးသုံးလေးယောက်လောက်က ခေါင်းရင်းခန်းမှာ ဆွေးနွေးနေတုံးလူငယ်လေးငါးယောက်က ဟင်းဝယ်သလိုလို ဘာလိုလို နဲ့ရွာထဲထွက်ဆွေးနွေး.ကြတယ်.။ပြီးတော့မှ တူနေရင် ပေါင်းလိုက်ကြတယ်။
အဲဒီလိုနဲ့ ပျဉ်ကြီးရွာ၊ကြို့ ကုန်းရွာ၊ သိမ်ကုန်းရွာ၊ငါးရှဉ့်ကွင်းရွာ၊နဲ့ ရွှေလေးဒေသ အစွန်ဆုံးလောက်ဖြစ်တဲ့ ရုပ်ဆိုင်ရွာတွေ အထိ ရောက်သွားကြတယ်။တရွာနဲ့တရွာ အလှမ်းဝေးကြတာမို့ရုပ်ဆိုင်ရောက်တော့ လမ်းမှာ နှစ်ညအိပ်ခဲ့ရပြီ..။(၁၇)ရက်နေ့ ညပျဉ်ကြီး။ (၁၈)ရက်နေ့ည ကြို့ ကုန်း။(၁၉)ရက်နေ့ ညတော့ ရုပ်ဆိုင်မှာပဲအိပ်ရတယ်.။ညစာစားပြီး ဆွေးနွေးပွဲစတယ်။လူငယ်တွေကရွာထဲထွက်တယ်။အားလုံး အဆင်ပြေပြေပါဘဲ..။နောက်တနေ့ အလယ်ရွာ။ပြီးတော့ကြို့ ကုန်းရွာကို ပြန်ဝင်တယ်။နောက်..ထန်းကုန်းရွာ၊ချားလျားပင်ရွာ။ချားလျားပင်မှာ တညအိပ်ကြတယ်။၂၁ရက်နေ့ ရောက်တော့ဆီဆုံကုန်း၊ကျောက်တန်းကျောက်တက်ကုန်း၊ ဆင်ထိုးအိုင် ..စတဲ့ ရွာတွေကို ဆက်ကြတယ်။
ဆင်ထိုးအိုင်မှာ တညအိပ်ပြီးနောက်တနေ့မှာ ငါးပေါရွာက ဦးခင်မောင်ကလာကြိုနေတယ်။ငါးပေါရွာနဲ့ရှားဘောင်ရွာတွေမှာစည်းရုံးဟောပြောပြီး..ငါးပေါရွာမှာ ညအိပ်နားကြတယ်။နောက်တနေ့ မှာတော့ပေါက်တောရွာကို ပြန်ရောက်ပြီး..အဲဒီကနေ မြင်းလှည်း အဆင့် ဆင့်စီးပြီး..(၂၂)ရက်နေ့မှာ ပေါင်းတည်ရုံးပြန်ရောက်တယ်။
အောင်မြင်တဲ့စည်းရုံးရေးခရီးလို့ပြောရမှာပါ..။ရွာတရွာမှာ တရားပွဲလုပ်နေတုံး သေနတ်သံတွေကြားရတော့ တရားပွဲပျက်သွားတယ်။ ချက်ချင်းပဲ ကျနော်နဲ့ဦးဖေမြင့် တို့ သေနတ်သံထွက်လာတဲ့နေရာဆီကို သွားကြတယ်။လူငယ်တွေလည်း ပါလာတယ်။အဲဒီနေရာကို ရောက်တော့စစ်သားသုံးလေး ယောက်က ရွာသားလူငယ်တချို့ ကို သေနတ်ပေးထားပြီး အုန်းပင်ပေါ်က အုန်းသီးကိုပစ်ချနေတာတဲ့ ..။ကျနော်ကစစ်သားတွေ အနေနဲ့ ဒီလို မလုပ်သင့် ဘူး..။ကျနော်တို့တရားပွဲလုပ်နေတုံး..ဒီလိုလုပ်တာ..တရားပွဲပျက်အောင် လုပ်သလို ဖြစ်နေတယ်။ကျနော် တို့  အဖွဲ့က တရားဝင်ဖွဲ့စည်းထားပြီး တရားဝင်စည်းရုံးရေးထွက်လာတာ..။ဒီလို လုပ်တော့ စစ်တပ်က တို့ အဖွဲ့ကို မလိုလားဘူးဆိုတဲ့ အဓိပါယ် ရောက်သွားနိုင်တယ်။မင်းတို့ အထက်အရာရှိတွေကတောင် နိုင်ငံရေး အဖွဲ့အစည်းတွေကိုဘက်မလိုက်ဆက်ဆံရမယ်လို့  ပြောထားတာ။ ဒီလိုသာ တို့ သွားတဲ့နေရာတွေမှာ လိုက်ပြီးလုပ်နေရင် မြို့ နယ်မ၀တ ဥက္ကဌ ဆီ အကြောင်းကြားရမှာဘဲ…ဆိုတော့မှ..သူတို့မှာ ဒီလိုရည်ရွယ်ချက် မရှိပါဘူး..။ရွာလာတဲ့အခါ ရွာက လူငယ်တွေနဲ့ ရင်းရင်းနှီးနှီးနေရင်း..သူတို့ က သေနတ်ပစ်ကြည့် ချင်တယ် ဆိုလို့ ပေးပစ်ကြည့်တာပါ..လို့ ပြောပါတယ်။တကယ်တော့ ကျနော်တို့ ကို ခြောက်ကြည့် တာပါ..။မကြောက်ကြပဲသူတို့ ကို သွားရင်ဆိုင်လိုက်တော့ စည်းရုံးရတာ ပိုကောင်းသွားပါတယ်.။ဒေသခံ ဦးပေါက်စီက ရွာကလူငယ်တွေကို သိနေတာမို့ ချက်ချင်းပဲ လူစုခိုင်းပြီး ဆွေးနွေးပွဲတခု လုပ်ဖြစ်သွားပါတယ်။
ဒီလိုမျိုး နောက်ထပ်လည်း မတွေ့ရတော့ ပါဘူး..။ရွာခံလူတွေကလည်း နိုင်ငံရေး အခြေအနေအမျိုးမျိုး လက်နက်ကိုင် အဖွဲ့အစည်း အမျိုးမျိုးနဲ့ ဆက်ဆံလာခဲ့ကြဘူးသူတွေ ဆိုတော့ သူတို့ နဲ့ ဆက်ဆံ၇တာ နဲနဲ ခက်ပါတယ်။သူတို့ ဘက်က စပြီး အလွယ်တကူရင်းရင်းနှီးနှီး ဆက်ဆံပြောဆိုလာဖို့ ခဲယဉ်းပါတယ်။ဒီဘက်က စပြောမှသာ အခြေအနေကို ကြည့်ပြီးလိုက်နင်းပါလာတတ်ပါတယ်။ဒီ စည်းရုံးရေး ခရီးမှာ လူငယ်တွေ အတွေ့အကြုံ အများကြီးရပါတယ်။မြို့ ပေါ်မှာစကားကြီးစကားကျယ်တွေ အများကြီး ပြောနေတဲ့သူတွေ ရွှေလေးနယ် သားတွေ ဆီကပညာပြန်ယူရလောက်တယ်။ကျနော်တို့ နဲ့တလမ်းလုံး လမ်းပြအဖြစ်လိုက်ပြီးကျနော်တို့  အဖွဲ့ကိုလည်း ယုံကြည်သူဖြစ်တဲ့ဥိးပေါက်စီတောင်..လေးငါးရက် တွဲပြီး သွားလာမိတော့မှ ဗမာပြည်ကွန်မြူနစ်ပါတီကဗိုလ်ဖေငြိမ်းဖွင့် လှစ်ခဲ့တဲ့ဗဟိုဆေး ကျောင်း ဆင်း တယောက်ဆိုတာသိရတယ်။
တမြို့ နယ်လုံးရဲ့  မဲပေးနိုင်သူ အရေအတွက်အရ ဆိုရင်ဒီရွှေလေးနယ်(၁၁)အုပ်စုရဲ့  မဲဟာသိပ် အရေးမပါလှပါဘူး..။ဒါပေမယ့်  ဒီမြို့ မှာ နိုင်ငံရေး လုပ်မယ်ဆိုရင် တော့ ရွှေလေးဒေသကို နားလည်ထားဖို့ လိုအပ်ပါတယ်။ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။သစ်ထုတ်လုပ်ရေးလုပ်ငန်းကလည်း ကြီးကျယ်တယ်။အထူးသဖြင့်  ကျွန်းသစ်ပါ..။ရွှေလေးကြိုးဝိုင်း၊ရှားပြင်ကြိုးဝိုင်း၊ ဒေါလည်ကြိုးဝိုင်းတို့ကလည်းဒီရွှေလေး(၁၁)အုပ်စုထဲမှာပဲ ရှိပါတယ်။ဒါ ကြောင့် အစိုးရသစ်ထုတ်လုပ်ငန်းရဲ့  စက်ကြီးစက်ငယ်၊ကားကြီးကားငယ် နဲ့ ဆင်စခန်းတွေ ရှိသလို ၊တရားမ၀င် သစ်ခိုးအဖွဲ့တွေလည်းရှိတဲ့အရပ်ပါ..။တောင်ယာလုပ်ငန်းကလည်း နှမ်းနဲ့ ၀ါ အများကြီးထွက်တယ်။ခိုင်းနွားမွေးမြူရေးလုပ်ငန်းကြီးတွေ ရှိတယ်။ဝါးမျိုးစုံ ရှိသလိုဝါးနဲ့ ပတ်သက်တဲ့မျှစ်၊၀ါးသက်ကယ်၊နှီး၊အိမ်သုံးဝါး၊အမျိုးမျိုးထွက်တယ်။ထင်းလုပ်ငန်းတွေ နဲ့ မီးသွေးလုပ်ငန်းတွေ လည်း ရှိတယ်။ဒါကြောင့်  မြေပြန့် နဲ့ မတူတဲ့လူနေမှုပုံစံများအပြင် ရိုးမပေါ် ရောက်သွားလေလေတောင်ပေါ်ကရင် လူမျိုးစုတွေ နဲ့ ပါ ဆက်ဆံရပါတယ်။နှစ်စဉ် ပြည်ထောင်စုနေ့ ပွဲများမှာ အစိုးရက ရန်ကုန်ကို ဖိတ်ကြားခံရတဲ့ကရင်ကြီးတွေမို့ ရိုးရိုးအအ ကရင်တွေလို့  မှတ်ယူလို့ မရပါ..။