မှတ်စုမှတ်တမ်း အခန်းဆက်များ အုန်းနိုင်
ရေးခဲ့မိသောမှတ်တမ်းများ (၁၁)
အုန်းနိုင်
ဇန်န၀ါရီ ၁၃၊ ၂၀၁၃
● ညှိနှိုင်းဆောင်ရွက်ကြရင် ရနိုင်ခြေရှိတယ်ဆိုပေမယ့်
နောက်တနေ့မနက်မှာတော့ မိခင်ကြီးဒေါ်ခင်ကြည်ဈာပနကိုဂါရ၀ပြုရင်း နယ်ကရောက်နေတဲ့ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစု ကြည်က  လက်ခံတွေ့ဆုံပွဲ ကျင်းပပါတယ်။ ပထမဦးစွာ ဈာပနကော်မတီရဲ့ကိုယ်စား ရဲဘော်သုံးကျိပ်ဝင်  ဗိုလ်ရဲထွဋ်က ကျေးဇူးတင်စကား ပြောကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားရာမှာတော့ မိခင်ကြီးရဲ့ဈာပနဟာ မိသားစုကိစ္စသက်သက် မဟုတ်ဘဲ တပြည်လုံး နဲ့ပတ်သက်တာမို့ အားလုံးညှိနှိုင်းဆွေးနွေးကြရတာမှာ  အစိုးရ (စစ်တပ်) နဲ့ တခြားပါတီအဖွဲ့အစည်းများအားလုံး ညှိနှိုင်းဆွေးနွေးလို့ရတယ်။ တဦးကိုတဦး လိုက်လျောမှုရှိတယ်။ ဒီအချက်ဟာ အဓိကကျတယ်ဆိုတာ ပြောပြပါတယ်။ ဈာပနမှာစစ်တပ်ကလာကူညီတာ  တပ်မတော် မိခင်ကြီးအဖြစ် လက်ခံဆောင်ရွက်တာတွေကို  ကျနော်တို့လည်း  လက်တွေ့ မြင်နေရတော့  ဒေါ်အောင်ဆန်းစုကြည်သုံးသပ်သလို ဒီ ဈာ ပနကိစ္စကို သာဓကယူပြီး ရှေ့ လုပ်ငန်းတွေမှာလည်း ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိနိုင်ကောင်းရဲ့လို့ သုံးသပ်မိပါတယ်။
ဒါပေမယ့် ဒီအစည်းအဝေးမှာဘဲ နယ်အသီးသီးကတင်ပြကြရာမှာ ရပ်ကွက်နဲ့ ကျေးရွာအဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ် တွေ အဖြုတ်ခံရတာ၊ အစည်းအဝေးလုပ်ခွင့်မရတာတွေတင်ပြကြပြန်တော့လည်း ညှိနှိုင်းတယ်ဆိုတာအပေါ်မှာ တစုံတခုကိုသာ ညှိနှိုင်း ရရုံနဲ့တော့  မဖြစ်သေးဘူး။ ကျနော့်မြို့မှာဆိုရင်လည်း  ကိုယ်တွေ့ပြဿနာတခု ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာ စည်းရုံးရေး  တရားပွဲတွေကို မိမိတို့  အဖွဲ့ဝင်များရဲ့ အိမ်ဥပစာအတွင်း   လူငါးဆယ်ထက်မပိုစေပဲကျင်းပရမယ်ဆိုတော့ ဥပစာဆိုတဲ့စကားလုံးကို  မ၀တ  (မြို့နယ်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့) ဥက္ကဌနဲ့  ကျနော် အငြင်းပွားရပါတယ်။
ဥပစာဆိုတာ အိမ်တအိမ်ရဲ့ ရှေ့ မျက်နှာ တလင်းပြင်ကနေ လမ်းအထိပါတယ်လို့  ကျနော်ကပြောပါတယ်။ မ၀တဥက္ကဌက ဥပစာဆိုတာ အိမ်အမိုး  တံစက်မြိတ်အောက်အထိသာ  အကျုံးဝင်တယ်လို့ငြင်းပါတယ်။ သူက  အစိုးရသတင်းစာမှာပါတဲ့  ဆောင်းပါးရှင်တဦးရဲ့ ဆောင်း ပါးကိုထောက်ပြပါတယ်။
ဆောင်းပါးရှင်ရဲ့အမည်ကိုတော့  မမှတ်မိတော့ပါ။ သူ့ဆောင်းပါးမှာ ဥပစာဆိုတာ တံစက်မြိတ်အောက်တွင်ပဲလို့ ပြောထားပါတယ်။ ကျနော် က သတင်းစာဆောင်းပါးရှင်ရဲ့အာဘော်ဟာ  ညွှန်ကြားစာမဟုတ်ဘူးလို့ဆိုတော့  မ၀တဥက္ကဌက  သူတို့အတွက်တော့  သတင်းစာဆောင်း ပါးတွေဟာ ညွှန်ကြားချက်လို့ပဲ သူတို့အနေနဲ့ မှတ်ယူရပါတယ်လို့ ပြောပါတယ်။ ဒီမ၀တဥက္ကဌဟာ  ၈၈ အရေးအခင်းကာလမှာ  ကျနော်တို့ မြို့မှာ မြို့မနာအောင် အရေးအခင်းမှာ ပါဝင်လှုပ်ရှားသူတွေကိုမထိခိုက်အောင် ၀ိုင်းဝန်းထိန်းသိမ်းကြရာမှာ ကျနော်နဲ့  တော်တော်ညှိလို့ နှိုင်းလို့ ရခဲ့တဲ့ စစ်ဗိုလ်ပါ။
ဒါ့ကြောင့် ကျနော်က အခု သူ့ရုံးခန်း (အရင်ကောင်စီဥက္ကဌရုံးခန်း) နောက်ဖက်က (၁) လမ်းပေါ်ကိုခေါ်သွားပါတယ်။ ဥက္ကဌအခန်းနောက် မှာ ၀င်းထရံရှိတယ်။ ၀င်းထရံနဲ့ (၁) လမ်းကြားမှာ  မြေကွက်လပ် (၁၀) ပေလောက် အကျယ်ရှိတယ်။ အဲဒီမှာစိုက်ထားတဲ့ဆိုင်းဘုတ် ကလေးကို  ညွှန်ပြလိုက်ပါတယ်။ ဆိုင်းဘုတ်ပေါ်မှာက  “ဤရုံး  ဥပစာအတွင်း  နွားလှည်းများ မဖြုတ်ရ” လို့ ရေးထားပါတယ်။ ဒီလမ်းက  ကျနော်ဖြတ်သန်းသွားလာနေကျ  လမ်းဆိုတော့  ဒီဆိုင်းဘုတ်ကို  ကျနော်ကသတိပြုမိထားတာပေါ့။ မ၀တဥက္ကဌက စပ်ဖြဲဖြဲဖြစ်သွားပါ တယ်။ ဒါက  အရင်ကောင်စီခေတ်က ဆိုင်းဘုတ်ဗျတဲ့။  ပြောပြောဆိုဆို  ..သူကဆိုင်းဘုတ်ကို  ဆွဲနှုတ်ပါတယ်။ နှုတ်မရတော့  သူ့ ရုံးထဲကလူတွေကို  လှမ်းခေါ်ပါတယ်။ “ကိုသန်းဝင်း ဒီဆိုင်းဘုတ်ကို  နှုတ်ပစ်လိုက်” လို့  သူ့ရုံးကလူကို  အမိန့်ပေးလိုက်ပါတယ်။ ပြီးတော့ လည်း “ကျနော်ကတော့ သတင်းစာထဲကဆောင်းပါးမှာ ပါတဲ့အတိုင်းပဲ” လို့လည်း  ပြောပါတယ်။ “ခင်ဗျားဟာကလည်း ဇွတ်ကြီးပါလား ဗျာ”  လို့သာ  ကျနော်ပြန်ပြောနိုင်ပါတယ်။ ညှိနှိုင်းလို့ မရပါ။
● ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းခရီးစဉ်
မိခင်ကြီး ဒေါ်ခင်ကြည်ဈာပနအပြီး   ဇန်န၀ါရီလ (၁၄) ရက်နေ့မှာပဲ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း စည်းရုံးရေးခရီးထွက်ပါတယ်။ ဒီခရီးစဉ်မတိုင်မီ  ပထမစည်းရုံးရေးခရီးစဉ်အဖြစ် ရန်ကုန်၊ ပြည်၊ မကွေး၊ မန္တလေး အနောက်ဖက်ကားလမ်း ကတဆင့် မန္တလေးက ရန်ကုန်ကို အရှေ့ဖက်ကားလမ်းအတိုင်း တပတ်ပတ်ရာမှာ တိုင်းအနေနဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း ၊ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း  တပတ်လည်ခရီးစဉ်ဟာ  အေးအေးချမ်းချမ်း စည်စည်ကားကား အောင်အောင်မြင်မြင် ရှိခဲ့ပါတယ်။ ဒုတိယခရီးစဉ်ကတော့ ဒီဇင်ဘာလထဲမှာထွက်ခဲ့တဲ့ မွန်ပြည်နယ်ခရီးစဉ်ပါ။ တချို့နေရာတွေမှာ  စစ်တပ်က  အိမ်ထောင်စုတွေ တောင်ထွက်ပြီး  ကြိုဆိုတဲ့အနေအထားမျိုး ရှိပြီးအေးအေးချမ်းချမ်း  အောင်အောင်မြင်မြင်ပါပဲ။
အခု  တတိယခရီးစဉ်ဖြစ်တဲ့ ဧရာဝတီတိုင်းခရီးစဉ်မှာတော့  စစ်အစိုးရရဲ့အုပ်ချုပ်ရေးပိုင်းက ပုံစံပြောင်းလည်းလာပါတယ်။ ဧရာဝတီတိုင်း  ခရီးစဉ်ကို  ယခင်လတွေက  ဦးတင်ဦးလည်း ထွက်ခဲ့ပါတယ်။ ဘာမှ ထူးထူးခြားခြားမရှိပါ။ ခုကျတော့ အခြေအနေ တမျိုးဖြစ်လာပါတယ်။ ၁၉၈၉ ဇန်န၀ါရီလ (၂၃) ရက် နေ့စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဗဟိုကထုတ်တဲ့  သတင်းထုတ်ပြန်ချက် အမှတ် (၃) ရဲ့ အဆိုအရ   (၁) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး  ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် (၁၄. ၁. ၈၉) နေ့မှ  စပြီး   ဧရာဝတီ တိုင်းသို့  စည်းရုံးရေးလှည့်လည်ခဲ့ရာ ဒေသဆိုင်ရာအာဏာပိုင်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ဖမ်းဆီးထားခြင်း၊ လူထု ပရိ သတ်များကို ခြောက်လှန့် သေနတ်ပစ်ဖောက်ခြင်း၊  မြို့ ပေါ်တွင်  လက်နက်ကိုင်တပ်များ  ထူးထူးခြားခြား အနှံ့အပြားချထားပြီး ခြိမ်းခြောက် ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်တည်းခိုရပ်နားရာနေရာတ၀ိုက်တွင်  လက်နက်ကိုင်စစ်တပ်များ တင်းကြပ်စွာချထားခြင်း၊ နေ့ခင်းများပင်တွင်   လူထုအပြင်မထွက်ရဟု  တားမြစ်ပိတ်ပင်ခြင်း၊ ဈေးဆိုင်များကို ပိတ်စေခြင်း၊ ပုသိမ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို  ရေနှင့်လျှပ်စစ်မီး ဖြတ်တောက်ထားခြင်း ခရီးသွားလာရေး၊ လှေ၊ သမ္မာန်မော်တော်ယာဉ် စသည်တို့ကို ဖြတ်တောက်တားဆီးထားခြင်း၊ စသည့်လုပ်ရပ်များ ပြုမူခဲ့ကြပါသည်။
(၂) ယင်းလုပ်ရပ်များနှင့်စပ်လျဉ်းပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု အဖွဲ့ဥက္ကဌ နှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥက္ကဌထံသို့ (၂၀. ၁. ၈၉) တွင် တကြိမ်၊ (၂၃. ၁. ၈၉) တွင် တကြိမ်ကန့်ကွက်စာရေးထားပြီး၊  ယင်း လုပ်ရပ်များကို ရပ်ဆိုင်းပေးရန်နှင့် ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားခဲ့ပါသည်။
(၃) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် (၂၂. ၁. ၈၉) တွင် ပုသိမ်မြို့ အနောက်ဖက်ကမ်း သဘောင်္ကျင်းရပ်ကွက် သို့ နေ့လည် (၁) နာရီတွင် သွားရောက်ပြီး  အဖွဲ့ချုပ်ရုံးရှိ  စည်းရုံးရေးမှူးများ၊ အဖွဲ့ဝင်များနှင့် ရင်းနှီးစွာတွေ့ ဆုံခဲ့ပါသည်။ ထိုသို့သွားရောက်ရာ ခရီးလမ်းတွင် အဟန့်အတား အနှောင့်အယှက်များမရှိကြောင်း သတင်းရရှိပါသည်။
(၄) အထွေထွေအတွင်းရေးမှူး အနောက်ဖက်ကမ်း သင်္ဘောကျင်းရပ်ကွက်သို့သွားရောက်ရာတွင်   ကြိုဆိုဧည့်ခံရေး၊ ကြိုဆိုရေး  စာတမ်း များချိတ်ဆွဲကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူး  ကိုစိုးမိုး၊ ကိုသန်းမြင့်၊ ကိုဝင်းမော်နှင့် အခြားအမည်မသိ နှစ်ဦးစုစုပေါင်း ငါးဦးကို နံနက် (၁၁) နာရီခွဲတွင် ဗိုလ်ကြီး ကိုကိုနိုင် (ရေ) နှင့် တပ်ကြပ်တဦးခေါင်းဆောင်ပြီး   ပါးနားရိုက်ခြင်း၊ ခြေနှင့်ကန်ခြင်း၊ ဆိုင်းဘုတ်ကို ခြေဖြင့်နင်းခိုင်းပြီး၊ ထမ်းခိုင်းခြင်း” မင်းတို့က  ဒီမိုကရေစီတောင်းရအောင်..သေနတ်ရှိလို့လား” ဟု ပြောခြင်းတို့ကို ပြုမူခဲ့ပါသည်။ လမ်းများ ဖုန်မထအောင် ရေဖျန်းပေးသူများကိုလည်း  ကြိမ်းမောင်းခြိမ်းခြောက်ခဲ့ပါသည်။
(၅) ယင်းသို့ တရားလက်လွတ်ပြုမူမှုအတွက် အလျှင်အမြန်  အရေးယူဖြေရှင်းပေးရန်  အထွေထွေအတွင်းရေးမှူး  ဒေါ်အောင်ဆန်းစုကြည်က  တ.၀.တသို့  ကန့်ကွက်တိုင်ကြားထားကြောင်း  သတင်းရရှိပါသည်။
(၆) (၂၃.၁.၈၉) နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ဧရာဝတီတိုင်း စည်းရုံးရေးခရီးလှည့်လည်ရေး  မူလအစီအစဉ်အတိုင်း  ပု သိမ်မြို့ မှ  ဆက်လက်ထွက်ခွါခဲ့ပါသည်..။
(၇) အထွေထွေ အတွင်းရေးမှူးသည် (၂၇.၁.၈၉) နေ့တွင်  ကွယ်လွန်သူမိခင်ကြီး ဒေါ်ခင်ကြည်အတွက် လလည်ဆွမ်းသွပ်ပွဲ အမီ  ရန် ကုန်မြို့ သို့ ရောက်ရှိမည်ဟု သတင်းရရှိပါသည်။
(၈) ရခိုင်ပြည်နယ်သို့  စည်းရုံးရေးခရီးလှည့်လည်ခဲ့သော  အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဌ ဦးတင်ဦးသည် (၂၃.၁.၈၉) နေ့တွင်  ပဲခူးတိုင်း ပြည်မြို့ မှတဆင့် ရန်ကုန်မြို့ သို့   ပြန်လည်ရောက်ရှိပါသည်။
(၉) ဧရာဝတီတိုင်းအတွင်း မြို့ နယ်အချို့ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့၏ စည်းရုံးရေးခရီးစဉ်နှင့်ဆက်စပ်လျှက် မတရားဖမ်းဆီးခြင်း  ခံနေကြရသော  တိုင်းစည်းရုံးရေးမှူးများနှင့် အဖွဲ့ဝင်များ  ပြန်လည်လွတ်မြောက်မှုမရှိသေးရာ။ ယင်းကိစ္စကိုဆောင်ရွက်ရန် အဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦးနှင့်အဖွဲ့သည် ရန်ကုန်မြို့ မှပုသိမ်မြို့ သို့ထွက်ခွာရန် စီစဉ်လျှက်ရှိကြပါသည်။
(၁၀) ဧရာဝတီ တိုင်းခရီးစဉ်တွင် ဖမ်းဆီးခံထားရသူများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရှိရပါသည်။
● ၁၄.၁.၈၉ နေ့တွင်  အဖမ်းခံရသူများ
၁။ ဦးစိုးမြင့်
၂။ ဦးကျော်ဇော
၃။ ဦးမြင့်ဦး (ခေါ်) ဦးအောင်နိုင်
၎။ ဦးစောရယ်ဖူး
၅။ ဦးစိုးနိုင်
၆။ ဦးနိုင်ဦး
၇။ ဦးရဲအောင် (လူ့ဘောင်သစ်)
၈။ဦးလှမြင့် (လူ့ဘောင်သစ်)
(ကျွဲတုံးမှ တဦးဖမ်းထားပြီး နံမယ်မသိရသေးပါ)
● ပုသိမ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ အဖမ်းခံရသူများ
၁။ ဒေါက်တာသက်မင်း
၂။ ဦးမြရှိန်
၃။ဦးထွန်းဝင်း
၎။ ဦးသန်းဝင်း (ခ) ဦးအောင်ဝေး
၅။ ဦးဝင်းနိုင်
၆။ ဦးရဲသန်း
၇။ ဦးနိုင်လင်း
၈။ ဦးသက်နိုင်
၉။ ဦးတင်မောင်ဌေး
● ပုသိမ် အနောက်မြို့ နယ်မှ အဖမ်းခံရသူများ
၁။ ဦးလှသန်း
၂။ ဦးအောင်ခင်
၃။ ဦးလှအောင်
၎။ ဦးမြင့်သိန်း
● ပုသိမ် အရှေ့ မြို့ နယ်မှ အဖမ်းခံရသူများ
၁။ ဦးဇော်ဝေ
● ငပုတောမြို့ နယ်မှ အဖမ်းခံရသူများ
၁။ ဦးအောင်စိန်
● ကျောက်ချောင်းရွာမှ အဖမ်းခံရသူများ
၁။ ဦးတင့်လွင်
● ကျုံကူးရွာမှ အဖမ်းခံရသူများ
၁။ ဦးချစ်ရီ
၂။ ဦးသန်းလွင်
၃။ ဦးရွှေအောင်
၎။ ဦးတင်မျိုးဦး
၅။ ဦးသန်းကြွယ်
၆။ ဦးကျော်စိုး
၇။ ဦးစိုးမင်း
၈။ ဦးသိန်းဝင်း
၉။ ဦးသန်းထိုက်
၁၀။ ဦးမျိုးထွန်း
(အဖမ်းခံရသူအားလုံးကို  ပုဒ်မ ၅ (ည)ဖြင့် ဖမ်းဆီးထားသည်ဟု သိရပါသည်)
မှတ်တမ်းလွှာအဖွဲ့
အဲဒီလို အခြောက်အလှန့်၊ အပစ်အခတ်၊ အရိုက်အနှက် အဖမ်းအဆီးတွေ ရှိလာပါတယ်။ မြို့ တွေ  ရွာတွေမှာ ခရီးသွားလာနေတဲ့ကားတွေ  မော်တော်တွေကို  အပိတ်ခံရတယ်။မြို့ လူထုကို  မြို့ ထဲ မထွက်ဖို့အထိ ပိတ်ပင်ထားလို့  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်  ပုသိမ်မြို့ ထဲ  စက်ဘီးစီးပြီး ထွက်လှည့်ရတဲ့အဖြစ်မျိုးတွေ ဖြစ်လာပါတယ်။ လူထုကလည်း လှေတွေ မော်တော်တွေမထွက်ရဘူးဆိုရင် ငှက်ပျောတုံးတွေ ဖောင်ဖွဲ့ပြီးကူးလာတာတို့၊ အ၀တ်အစားတွေ အိုးထဲထည့်ပြီး အိုးကိုဖက်ပြီး ရေကူးလာတာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို  ကြိုဆိုခဲ့ကြပါ တယ်။ အဲဒီလိုနဲ့  ဧရာဝတီတိုင်းကို အရှေ့ ဖက် မအူပင်ကနေ၀င်ပြီး  အနောက်တောင်ထောင့် စွန်း  ဟိုင်းကြီးကျွန်းအထိ သွားခဲ့တယ်။ အဲဒီ ကမှ ဧရာဝတီတိုင်း  အနောက်ဖက်ခြမ်းအတိုင်းမြောက်ဖက်ဆုံး  မြန်အောင် ကြံခင်းထိ   ထောင်တက်ပြီးမှ  ဧရာဝတီမြစ်ရဲ့  အနောက်ဖက်ကမ်း က  ပဲခူးတိုင်းထဲမှာရှိတဲ့ ပန်းတောင်းအထိ  ရောက်လာပါတယ်။ မိုင်အရှည်ကို မြေပုံပေါ်မှာ ထောက်ကြည့်ရင်တောင်  မိုင် (၇၀၀ )ကျော်ပါတယ်။အနီးအနားရွာကလေးတွေ  လှည့်လည် စည်းရုံးတာနဲ့ ဆိုရင် (၁၄) ရက်အတွင်းမှာ မိုင် (၁၀၀၀) လောက်  လှည့်ခဲ့တဲ့ခရီးပါ။ ဒီမိုင် (၁၀၀၀) အတွင်း ဧရာဝတီတိုင်းရဲ့ စစ်တိုင်းမှူးမြင့်အောင် ကိုယ်တိုင်တိုက်ရိုက် ကြီးကြပ်ကွပ်ကဲပြီး  နှောက်ယှက်ဟန့်တား ခြိမ်းခြောက် မှုတွေပြုလုပ်ခဲ့တာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဗိုလ်ချုပ် မြင့်အောင်ရဲ့ စမ်းသပ်ချက်ကြောင့်   ဒေါ်အောင်ဆန်းစုကြည်ဟာ  မြန်မာတပြည်လုံးက အသည်းစွဲသွားရတဲ့ ခေါင်းဆောင်၊ အဖေ့ ခြေရာနင်းနိုင်တဲ့ ခေါင်းဆောင်တယောက်ဆိုတာ ပေါ်လွင်သွားခဲ့ပါတယ်။
မြို့ အ၀င်မှာရော  အဖွဲ့ရုံးကိုလာရာမှာရော  မြို့ ကနေ အထွက်မှာရော   လမ်းဘေးဝဲယာ နှစ်ဖက်လုံးကလူထုကြီးက   ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့  အော်ဟစ် နှုတ်ခွန်းဆက်ပြီး  ကြိုဆိုကြပါတယ်။ ပေါင်းတည်နဲ့  နတ်တလင်းနယ်စပ်  ဘိုးသာအောင်ကုန်းတံတားအထိ  ကားငါးစီးနဲ့လိုက်ပို့ ကြပါတယ်။ကျောင်းသားလူငယ်တွေက နတ်တလင်းအထိ လိုက်ချင်ကြသေးတာ ကျနော်ကခွင့်မပြုလို့ သိပ်မကျေ နပ်ကြပါ။ သူများမြို့ မှာ  တခုခုမဖြစ်စေချင်လို့ပါ။ ကိုယ့်မြို့ အတွက်ကတော့  တဖက်က အာဏာပိုင်အဖွဲ့အထိလိုက်ပြီး  ပြောနိုင်ဆိုနိုင်တယ်လေ။ ထင်တဲ့အတိုင်းပါပဲ နတ်တလင်းမြို့ မှာ  အဖမ်းအဆီးတွေ ရှိခဲ့ပါတယ်။  ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
Similar Posts
One thought on “ရေးခဲ့မိသောမှတ်တမ်းများ (၁၁)
  1. ကျေးဇူးတင်ပါတယ် ဦးအုန်းနိုင်ရယ်။ တချိန်က ဧရာဝတီတိုင်းမှ စစ်ဗိုလ်ကြီးများ (တိုင်းမှူးကွယ်လွန်ကတော့ ထားပါတော့) အခုအသက်ရှိထင်ရှားနေတဲ့ အတ္တသမားကြီးများ ရှက်တပ်ရင်ထွက်ခဲ့ပါ။ ဦးအုန်းနိုင်ရယ် ကျနော် မ၀တ ဥက္ကဌ ဘက်ကလိုက်ပြောတာမဟုတ်ပါဘူး ဦးအုန်းနိုင် ညွှန်ပြတဲ့ – “ဤရုံး ဥပစာအတွင်း နွားလှည်းများ မဖြုတ်ရ” ဆိုတဲ့ဆိုင်းဘုတ်ကို က နွားလှည်းလို့ ဆိုထားတာကြောင့်၊ နွားကို မှ ညွှန်ပြလိုက်ထာကိုးးး ၊ သူမှ မဖတ်တပ်လို့ မ၀တ ဥက္ကဌဖြစ်နေတာ – – – ခွင့်လွှတ်လိုက်ပါဗျာ –
Comments are closed.