အတွေးအမြင်

အဲဒီ နိုင်ငံ

ကမာပုလဲ
ဇန်န၀ါရီ ၄၊ ၂၀၁၂
 Art – Roland Hemmert

ကျနော် စိတ်ချလက်ချ ချန်ရစ်ခဲ့တဲ့ အရပ်မှာ
ကျနော့်ရင်မှ လွင့်ကျန်ခဲ့တဲ့ အမှတ်တရများ
ဒုက္ခလို့ သူတို့ခံစားခဲ့ကြတယ် …
အလှည့်ကျ ဗျစ်ရည်ခွက်တွေထဲ
အပိုင်းပိုင်း အစစ ခုတ်ဖြတ်ကျလာတဲ့ လရောင် အစအနများ
ပဲလား … ဆန်မှုန့်လား … ပြောင်းဆန်အမှုန်အစတွေလား
ကလေးတွေ … သူတို့ဆော့ပုံကိုက
မြွေအရေခွံအိပ်တွေနဲ့ … ပလပ်စတစ်အချိုရည် ဗူးခွံတွေနဲ့
ဘိနပ်ကလေးတွေကို လောင်းကြေးထပ်ကစားရင်း
အိမ်မှာ အဖေ အ၀တ်လျှော်နေတယ် … ထမင်းချက်နေတယ် … ၀က်စာကျွေးနေတယ် … အငယ်မလေးကိုထိန်းနေတယ် …
အမေကတော့ ဆေးမအောင်သလိုပဲ … သလိပ်ထပ်စစ်ရမယ်တဲ့ … အမေရိကားတော့ လျှောက်ထားတာပဲ … အော်ရစီကတော့ ပညာရေးကောင်းတယ် … စကင်ဒီဒေးဗီးယားက ရဲဘော်ဟောင်းကြီး … နောက်လကျရင် မုန့်ဖိုးပို့ပေးဦးမယ် … ကလေးတွေ ဒုက္ခရောက်ပါတယ် … အမြန်ဆုံးထွက်နိုင်အောင်လုပ်ကြကွာ … ပညာရေးကလည်း မရှိ … ကျန်းမာရေးကျတော့လဲ စမ်းသပ်ခံသတ်ကွင်း … မီးသွေးက ၅၀ ဘတ် … ခိုးခုတ်ရောင်းတဲ့ ထင်းခြောက်က ဘတ်အစိတ် … တအိတ်ကို တလခံရရင် ကံကောင်း … ငါတို့ပို့မယ့်ငွေ ဇ၀က်သာနဲ့မျှောမပြစ်လိုက်နဲ့ … အဆိပ်ပင် ရေလောင်းမဖြစ်စေနဲ့ကွာ … ကလေးတွေအတွက် အာဟာရဖြစ်မယ့် အစားအစာ ၀ယ်ကျွေးပါ … အရက်တထုပ်ကို အ၀က်သား ပါရင်ကံကောင်း … သကြားနဲ့က ခေါင်းခိုက်တယ်ကွာ … မတုတ်အိမ်က သန့်တယ် … အစိတ်ပဲ … ဒါပေမဲ့လက်ငင်း … စခန်းကထုတ်ပေးတဲ့ ပဲတွေ ယူသွားကွာ … မင်းတို့မြို့ရုံးမှာစားဖို့ … ငါတို့အတွက်လား … ငါတို့ ပဲမစားတော့ဘူးကွ … မီးသွေးမရှိ … ထင်းမတတ်နိုင် … ပဲက ငါတို့ နှုတ်ခမ်းနဲ့ သိပ်အလှမ်းဝေးသွားပြီဟ … ငါ့ကောင်ရ … အေးလေ မင်းတို့ကတော့ ငြိမ်းချမ်းရေးကို တတိယနိုင်ငံကနေ သရော်နေသလား … မျှော်နေသလား … ကချင်မှာ စစ်က အကြီးအကျယ်ဟေ့ကောင်ရေ … အပစ်ရပ်ထားတဲ့ အဖွဲ့တွေလည်း အိမ်မလုံ ခြံမလုံ မျက်နှာငယ်နဲ့ပါ သူငယ်ချင်းရာ … ဒီအချိန် သံလွင်ထဲ ခရုငုတ်လို့ ရပြီကွ … သောင်ရင်းကတော့ ငါးပါ မြင်နေရတယ် … အေးကွာ နိုင်ဂါရာ ရေတံခွန်ပေါ်ကနေလည်း ခုန်မချလိုက်ပါနဲ့ … ငါတို့ လာအောင် စောင့်ဦးကွာ … မုံရွာမှာလည်း သံဃာတွေ အရှင်လတ်လတ် လောင်တိုက်သွင်းခံရ … တရားဥပဒေမှ မလိုက်နာ … ဘုန်းကြီးက ဘုန်းကြီးလို မနေလို့တဲ့ကွာ … ဆုံးမတယ်ပြောကြတယ် … အနောက်တံခါးကလည်း စံနက်တံဖြုတ်ထားတဲ့ ဗုံးတလုံးထက်ကို တထိတ်ထိတ် တလန့်လန့်ပါမောင်ရာ … ဒို့များ … စိုက်ခဲ့ စားခဲ့တဲ့ သောင်ပြင်မှာ ရေကာတာကြီးတွေ ဆောက်တော့မတဲ့ကွာ … အော် ဒါနဲ့ ၁၉၉၀ ရလဒ်က ခေတ်မမီ အသုံးမတည့် လက်တွေ့မကျတော့ဘူးကွ … အဲလို ပြောပြီး … ခုလဲ ထပ်ကြားရတာက နိုင်ငံရေး မလုပ်တဲ့ ပြည်သူတဲ့ … ငါလည်း အဲဒါ လိုက်ရှာနေတာ … အဘိဓါန်တွေလဲ စုံပါပြီကွာ … ဗိုလ်အောင်ဆန်းပြောခဲ့တာ … အရစ္စတိုတယ်ပြောခဲ့တာ မှားနေပြီလား မသိပါဘူးကွာ … ထားပါလေ … ခုက ဒုက္ခသည်စခန်းတွေမှာ လူတွေ လျော့သွားတာ မှန်ပါတယ် … လူတွေတိုးလာတာကလည်း အမှန်ပါပဲကွာ … သည်ကြားထဲ ဒုက္ခသည်ရိက္ခာတွေ လျော့တော့ ဒုက္ခသည်စခန်းမှာ ခွေးဟောင်သံတောင် သိပ်မကြားရတော့ဘူးကွာ … အေးပါကွာ … သိပ်မသောက်တော့ပါဘူး … သောက်စရာကလဲ အဆိပ်တောင် အလကားမှ မရတော့တာ … ငါတို့လည်း မြန်မြန်လာချင်လှပါပြီ … အေးအေး ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်တော့ မင်းတို့လုပ်နိုင်ရင် အဲဒီကနေ ဆွမ်းလေး ဘာလေးကပ် … အမျှအတမ်းလေး ဝေပေးကြပါကွာ … တငှက်တည်းဖျား … တအိုးတည်းစားခဲ့ကြပေမဲ့ … ငါတို့အဖို့တော့ အမှတ်တရ အလွမ်းပဲ တတ်နိုင်တော့သကွာ … တတိယနိုင်ငံတွေကလဲ ခေါ်မှာဖြင့် မြန်မြန်ခေါ်စေချင်တယ်ကွာ … ဒုက္ခက လည်ပင်းနင်းလို့ … သေမင်းက ခေါင်းရင်းခန်းတက်ထိုင်နေပြီကွာ … စိတ်ချပါကွာ … မင်းတို့ပို့မယ့်ပိုက်ဆံ အဆိပ်ပင် ရေလောင်း မဖြစ်စေရပါဘူး … အေးကွ … ငါသွားချင်တဲ့ နိုင်ငံကတော့ နိုင်ငံရေးမလုပ်တဲ့ ပြည်သူတွေ နေတယ်ဆိုတဲ့ တိုင်းပြည်ပဲကွ … ဒီတသက်တော့ ရောက်လိမ့်မယ် မထင်ပါဘူးကွာ …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “အဲဒီ နိုင်ငံ

Comments are closed.