မှတ်စုမှတ်တမ်း သတင်းဆောင်းပါး သန်းဝင်းလှိုင်

မြင်သာမြင် မကြင်ရသေးသည့် မြန်မာ့လွတ်လပ်ရေး (Than Win Hlaing)

မြင်သာမြင် မကြင်ရသေးသည့် မြန်မာ့လွတ်လပ်ရေး

သန်းဝင်းလှိုင်၊ ဇန်န၀ါရီ ၄၊ ၂၀၁၃

          နိုင်ငံတစ်နိုင်ငံ၏ လူမျိုးတစ်မျိုး၊ တိုင်းပြည်တစ်ပြည်အတွက် အရေးကြီးဆုံးအရာကား လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ရေးပင် ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ သူ့ကျွန်ဘ၀တွင် နှစ်ပေါင်းရာကျော် နွံနစ်ခဲ့ရသော နိုင်ငံအဖို့ကား လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ရေးသည် မည်မျှအရေးကြီးကြောင်း လူတိုင်းသိကြလေသည်။ လူ့ဘ၀တွင် လွတ်လပ်မှုဆုံးရှုံး၍ သူ့ကျွန်ဘ၀ဖြစ်ရခြင်းထက် ဆိုးရွားသော အရာသည် မရှိပေ။ လွတ်လပ်ရေးဆုံးရှုံးသော် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှုံးရ၏။ သူတစ်ပါး၏ လက်အတွင်းဝယ် သွန်လိုသွန် မှောက်လိုမှောက်ခံခဲ့ကြရ၏။ အမျိုးသားစီးပွားရေးမှာ အောက်ဆုံးသို့ ကျဆင်းရ၏။ ဘာသာရေး၊ သာသနာရေး၊ ပညာရေးဆုံးရှုံးချို့တဲ့ရ၏။ နောက်ဆုံး အမျိုးသားယဉ်ကျေးမှုသည်ပင် အဖျော်ဖြေခံအဆင့်သို့ နိမ့်ကျ ကျဆင်းခဲ့ရပေသည်။

          မြန်မာ့လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခုအခါ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် (၆၅) နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ် သည်။ မြန်မာ့လွတ်လပ်ရေးသည် လွယ်လွယ်နှင့် ရရှိခဲ့သည်မဟုတ်ပေ။ တိုင်းရင်းသားပြည်သူတရပ်လုံး၏ အသက်သွေးပေါင်း များစွာ စတေး၍ ခက်ခက်ခဲခဲ ရုန်းကန်တိုက်ပွဲဝင်ကြိုးပမ်းခဲ့သောကြောင့် ရရှိခဲ့လေသည်။

          သို့ဖြစ်ရာ အသက်သွေးချွေးတို့ဖြင့် ခက်ခက်ခဲခဲ ရယူခဲ့ရသော လွတ်လပ်ရေးကြီးကို တည်တံ့ခိုင်မြဲရန်အတွက် ကာကွယ်စောင့်ရှောက်ရန်နှင့် ထိန်းသိမ်းရန် လူတိုင်း၏ အဓိက တာဝန်ဖြစ်ပေသည်။ ထို့အပြင် နောင်လာနောက်သားမျိုးဆက် သစ်လူငယ်များလေးစားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ မြန်မာ့လွတ်လပ်ရေး၏ အထိမ်းအမှတ်သင်္ကေတ ကျောက်တိုင်ကြီး ကို စိုက်ထူရန် လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာပင် မဟာဗန္ဓုလပန်းခြံ၌ ၀န်ကြီးချုပ်သခင်နု ကိုယ်တိုင် အုတ်မြစ်ချခဲ့ပေသည်။

          လွတ်လပ်ရေးကျောက်တိုင်ကြီးပုံသဏ္ဍာန်မှာ အလယ်မှ ကြယ်ကြီးတစ်ပွင့်ကို ကြယ်ငါးလုံးဝိုင်းရံထားလေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ၌ ပြည်နယ်အားလုံး စည်းလုံးညီညွတ်ခြင်း၏ အဓိပ္ပါယ်ကိုဆောင်၍ ကြယ်ကြီးတစ်လုံးကို ကြယ်ငါးလုံးဝန်းရံထားသည့် သဏ္ဌာန်ကိုယူ၍ တည်ဆောက်ထားခြင်း ဖြစ်လေသည်။ လွတ်လပ်ရေးကျောက်တိုင်ကြီး၏ ကုန်ကျစားရိတ်မှာ ထိုစဉ်က ငွေကျပ် ၇ သိန်းခွဲကျော် ဖြစ်၍ အလယ်မှ ကြယ်ပွင့်သဏ္ဌာန် ထောင့် ၅ ထောင့်ချိုး၊ တိုင်မကြီးမှာ အမြင့်ပေပေါင်း ၁၅၅ ပေ (ဆူးလေစေတီတော်ထက် အနည်းငယ် နိမ့်ထားသည်) ရှိ၏။

          အရံကြယ်သဏ္ဌာန်တိုင်လေးများမှာ တိုင်မကြီး၏ ငါးပုံတစ်ပုံ အမြင့်ရှိသည်။ ငလျင်ဒဏ်မှအစ ခံနိုင်ပြီး ခိုင်မြဲရေးအတွက် အောက်ခြေခံမြေအနက် ၁၀ ပေခန့်၊ အချင်းပေ ၅၀ ခန့် တွင် ရထားသံလမ်းများကို ထီးခရိုင်ဖွဲ့သကဲ့သို့ ဖွဲ့စည်းအခြေခံကာ ကျောက်တိုင်များအတွင်းသားတွင်လည်း သံထည်များထည့်ပြီးမှ ကျောက်ပုံစံ သွင်းခဲ့ခြင်းဖြစ်လေသည်။

          လွတ်လပ်ရေးကျောက်တိုင်ကြီး ဆောက်လုပ်ရေးကို အေစီမာတင်ကုမ္ပဏီက ကန်ထရိုက်ယူ၍ လုပ်ကိုင်ခဲ့လေသည်။ လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်ရေးကော်မတီက ကြီးကြပ်ပြီး အင်ဂျင်နီယာနှင့် မြန်မာ့ဗိသုကာပညာရှင်ဦးအုန်းကြိုင် နှင့်အတူ အခြားမြန်မာအင်ဂျင်နီယာများဖြစ်ကြသော ဦးကျော်စိန် (အငြိမ်းစားပြည်သူ့အိုးအိမ်အဖွဲ့အင်ဂျင်နီယာ)၊ စည်သူဦးတင် (ရန်ကုန်မြူလမ်းနှင့်အဆောက်အဦအင်ဂျင်နီယာ) တို့ အကူအညီဖြင့် တည်ဆောက်ခဲ့ကြသည်။

          လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချပွဲ၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက မိန့်ခွန်းပြော ကြားရာတွင်-

          `ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူမျိုးစုတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ ကချင်၊ ကရင်၊ ကယား (ကရင်နီ)၊ ရခိုင်၊ ရှမ်း၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်းပြည်ထောင်စုသားလူမျိုးစုအားလုံးတို့ စည်းစည်း လုံးလုံးကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ သွေးချင်သားချင်း ပြည်ထောင်စုသားလူမျိုးစုအားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။

          ယခုရရှိတဲ့လွတ်လပ်ရေးဟာ လူတန်းစားတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်၊ ပြည်ထောင်စုတစ်ခုလုံးမှာရှိကြတဲ့ လယ်သမား၊ အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသားကျောင်းသူ၊ အမှုထမ်း၊ အရာထမ်းများမှစ၍ တော်လှန်ရေးသမားများ အထိ ပါဝင်သော လူတန်းစားအားလုံးတို့က ညီညီညာညာ စွန့်စွန့်စားစား အုံကြွကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားအမှုထမ်းအရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိ ပါဝင်သော လူတန်းစားအားလုံးရဲ့ လွတ်လပ်ရေးဖြစ်ပါတယ်။

          ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ အသင်းအဖွဲ့တစ်စုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမားအလုပ်သမားအစည်းအရုံး၊ သမဂ္ဂအစရှိတဲ့ အသင်းအဖွဲ့အသီးသီးက ကိုယ့်ဆိုင်ရာ နယ်နိမိတ်အတွင်းမှနေပြီး နယ်ချဲ့စနစ်ကြီး ၀ိုင်းအုံတိုက်ခိုက်ခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေး ဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား အလုပ်သမားအစည်းအရုံးသမဂ္ဂအစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။

          ယခုလို တစ်နိုင်ငံလုံးရှိ သွေးချင်းသားချင်းပြည်ထောင်စုသား လူမျိုးစုအသီးသီး၊ လူတန်းစားအသီးသီး၊ အသင်းအဖွဲ့အသီးသီးတို့က အပြင်းအထန် ကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ဤ လွတ်လပ်ရေးကို သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံး လူတန်းစားအားလုံး အသင်းအဖွဲ့အားလုံးတို့က ရိုသေကြရမယ်။ ဒီလွတ်လပ်ရေးကို တိုက်ရိုက်နည်းအားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်တဲ့နည်းအားဖြင့်သော်လည်းကောင်း၊ ထိပါးလာမယ်ဆိုလျှင် ပြည်ထောင်စုသားအားလုံးသည်လည်းကောင်း၊ လူတန်းစားအားလုံး၊ အသင်း၊ အဖွဲ့အားလုံးသည်လည်း ကောင်း ရင်မြေကတုတ်လုပ်၍ ခုခံကာကွယ်စောင့်ရှောက်ကြရမယ်။

          ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူမျိုးစုတစ်ခုတည်းအတွက် အသုံးချရန်မဟုတ်၊ ပြည်ထောင်စုသမ္မတက မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့သွေးချင်း သားချင်း ပြည်ထောင်စုသားလူမျိုးစုအားလုံးအတွက် မျှမျှတတ အသုံးချရန် ဖြစ်တယ်။

          ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူတန်းစားတစ်ခုတည်းအတွက် အသုံးချရန်မဟုတ်၊ လူ့အခွင့်အရေးများကို ဘယ်အခါကမျှ တင်းပြည့်ကျပ်ပြည့် မရရှိခဲ့ကြဘူးတဲ့ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်ပြည်ထောင်စုသား လူတန်းစားအားလုံးအတွက် မျှမျှတတ အသုံးချရန် ဖြစ်တယ်။

          ယခုရရှိတဲ့လွတ်လပ်ရေးဟာ အသင်းအဖွဲ့တစ်ခုတည်းအတွက် အသုံးချရန်မဟုတ်၊ ပြည်ထောင်စုရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုက်နာရိုသေသော အသင်းအဖွဲ့အားလုံးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။

          ပြည်ထောင်စုသမ္မတက မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုကြီးတရပ်လုံးအတွက် အကျိုးအများဆုံး ရရှိနိုင်အောင် ယခုရရှိတဲ့ လွတ်လပ်ရေးကို ခိုင်ခိုင်ခံ့ခံ့အုတ်မြစ်ချလျက် သမ္မတနိုင်ငံသစ်ကြီးကို ကျွန်တော်တို့အားလုံး အင်အားရှိသလောက် တည့်တည့်မတ်မတ်ခိုင်ခိုင်ခံ့ခံ့တည်ဆောက်ကြတော့မယ်။

          ဒီသမ္မတနိုင်ငံသစ်ကြီးကို အပြီးသတ်တည်ဆောက်ပြီးတဲ့အခါမှာ နိုင်ငံအတွင်း၌ လူအချင်းချင်းလူညွန့်ခူးစားနေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လူညွန့်ခူးစားခြင်းခံနေရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လက်ဝါးကြီးအုပ်နေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လက်ဝါးကြီးအအုပ်ခံနေရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ နဖူးက ချွေးခြေမအထိကျအောင် ရွှံ့ဗွက်တွေထဲမှာ စက်ရုံတွေထဲမှာ တောအထပ်ထပ် တောင်အထပ်ထပ်တွေထဲမှာ သတ္တုတွင်းတွေထဲမှာ နေပူမရှောင် မိုးရွာမရှောင် တကုန်းကုန်းတရုန်းရုန်း နှင့် အလုပ်လုပ်ကြရပြီး လူတန်းစေ့ဘ၀ကလေးကိုမှ မရရှိကြတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ ဒီလူတန်းစားကို ဒီလိုလူညွန့်တုံးအောင် နှိပ်ကွပ်ထားတဲ့ လူတန်းစားလည်း မရှိတော့ဘူး။

          ဒီသမ္မတနိုင်ငံသစ်ကြီးမှာ ရှိရှိသမျှ လူတွေဟာ ကိုယ့်အစွမ်းရှိသရွေ့ ကိုယ်စွမ်းတဲ့ဘက်မှာ ၀င်ပြီး အမှုထမ်းကြ၊ လယ်လုပ်တတ်တဲ့လူတွေက လယ်လုပ်ကြ၊ စက်မောင်းတတ်တဲ့လူတွေက စက်မောင်းကြ၊ သတ္တုတွင်းတူးတတ်တဲ့လူတွေက သတ္တုတွင်းတူးကြ၊ ငြိမ်ဝပ်ပိပြားရေးကိုဆောင်ရွက်တတ်တဲ့လူတွေက တရားရုံးတွေ၊ ရာဇ၀တ်ဌာနတွေမှာ ဆောင်ရွက်ကြ၊ ကာကွယ်ရေးမှာ ကျွမ်းကျင်တဲ့လူတွေက စစ်တပ်တွေမှာ အမှုထမ်းကြ၊ အအုပ်အချုပ်အစီအမံမှာ လိမ္မာတဲ့လူတွေက အစိုးရဌာန အသီးသီးမှာ ၀င်ရောက်ဆောင်ရွက်ကြ၊ ဒီနည်းအလယ်မှာ လူတန်းစေ့စေ့နေနိုင်အောင် ကျွန်တော်တို့အားလုံး ၀ိုင်းပြီး ကြိုးပမ်းကြရမယ်။

          ကျွန်တော်တို့ရဲ့ သမ္မတနိုင်ငံသစ်ကြီးနှင့် အခြားနိုင်ငံတွေ နှိုင်းစာကြည့်မယ်ဆိုလျှင် မြေဆီမြေနှစ်တွေက အင်မတန် များပြားနေတာကို တွေ့ရမယ်။ ဒါကြောင့် ခေါင်းဆောင်တွေကလည်း သစ္စာမဖောက်ဘဲ၊ ခြေလှမ်းမမှားဘဲ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် လူထုကလည်း မိမိတို့ ထမ်းဆောင်ရမည့်တာဝန်တွေကို မပျက်မကွက်ဘဲ ၀ါးအစည်းပြေသလို မပြေဘဲ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် ကျွန်တော်ပြောခဲ့တဲ့ သမ္မတနိုင်ငံသစ်ကြီးကို မနှေးအမြန် တည်ဆောင်ဖြစ်မြောက် ရမယ်လို့ ကျွန်တော်အတိအလင်း ကြေညာရဲပါတယ်။

          ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ခေါင်းဆောင်တွေ၊ သစ္စာဖောက်လျှင်၊ ခြေလှမ်းမှားလျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် သစ္စာဖောက်နေသော ခေါင်းဆောင်များကိုလည်း ခြေလှမ်းမှားနေသော ခေါင်းဆောင်များကိုလည်းကောင်း အချိန်မီသတိပေးနိုင်သည် ဖြစ်ပါစေသတည်။

          ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ဖျက်လိုဖျက်ဆီးလုပ်လိုသော ပြည်တွင်းပြည်ပရန်သူများ ပေါ်ပေါက်လာလျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် ထိုရန်သူများကို အပြီးတိုင် ချေမှုန်းနိုင် သည်အထိ ဇာတိသွေး၊ ဇာတိမာန် တခဲနက် တက်ကြွလာအောင် ပြည်ထောင်စု ပြည်သူလူထုကြီးတရပ်လုံးအား အချိန်မီစွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း´ ဟူ၍ ပြောကြားသွားသည်။

          ထို့နောက် မြင့်မြင့်မားမားငွားငွားစွင့်စွင့် အသရေတင့်သော ဤလွတ်လပ်ရေးကျောက်တိုင်ကြီးကို နှစ် ၁၀ လ အကြာ ၁၉၅၀ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံတော် ယာယီသမ္မတကြီး စ၀်ရွှေသိုက်ကိုယ်တိုင် ကြွရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

          လွတ်လပ်ရေးကျောက်တိုင်ကြီး၌ လွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လပ်ရေးသစ္စာအဓိဌာန်ကိုးချက်ကိုလည်း ရေးထိုးထားခဲ့သည်။ သစ္စာအဓိဌာန်ကိုးချက်မှာ-

          အောင်စေသတည်း…. မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလပြည့်ကျော် (၉) ရက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက် တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌ ဤငါတို့မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်စေသတည်း။

၁။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသွေမတိမ်း ချီတက်မည်။

၂။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည်စောင့်ထိန်း မည်။

၃။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ၊ လွတ်လပ်သော နိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ထမ်းဆောင်မည်။

၎။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လ ဥဿဖဖြင့် ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းသည်။

၅။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်သားဟူသရွေ့ကို ကြီး/ငယ်/နီး/ဝေး မခြား တစ်သွေးတစ်သားတည်းပြု၍ နည်း/များ/နိမ့်/မြင့် မရှိစေရ၊ ညီတူညီမျှ ပြုမည်။

၆။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့အား မတရားပြုသည်ကိုလည်း မခံ အသက်နှင့်လဲ၍ ကာကွယ်မည်။

၇။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။

၈။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။

၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည်တည်မြဲရေးတာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေးနောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။

          ဤ ငါတို့ သစ္စာအဓိဌာန်မှန်သည့်အတိုင်း ငါတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည် တည်စေသတည်း။

          သို့သော် လွတ်လပ်ရေးကျောက်တိုင်ကြီး၌ ကမ္ဗည်းထိုးထားသည့် လွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လပ် ရေးသစ္စာအဓိဌာန်ကိုးချက်ပါအတိုင်း တိုင်းရင်းသားပြည်သူလူထုကြီးသည် လွတ်လပ်ရေး၏ အသီးအပွင့်ကို မည်သူမျှ တင်းပြည့်ကျပ်ပြည့် မခံစားရသေးချေ။

     မြင်သာမြင် မကြင်ရသည့်ဘ၀ကဲ့သို့ လွတ်လပ်ရေးရပင်ရသော်လည်း လူတစုသာ လွတ်လပ်ရေးအရသာကို ခံစား စံစားနိုင်ကြပေးသည်။ စေ့စေ့တွေးလျှင် အလွန်ရင်နာစရာကောင်းလှပါ သည်။ လွတ်လပ်ရေးရရှိပြီး ၆၅ နှစ်တိုင် ကမ္ဘာနှင့်မဆိုထားနှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ယှဉ်လိုက်လျှင်ပင် မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးမှု အနိမ့်ဆုံး၊ ဥပဒေအမဲ့ဆုံး၊ လူအခွင့်အရေးအချိုးဖောက်ဆုံး၊ ပညာရေးအနိမ့်ကျဆုံး နိုင်ငံဖြစ်သည့်အပြင် ယနေ့တိုင် ပြည်တွင်းစစ်မီးသည် တောက်လောင်နေဆဲဖြစ်သည်။ 

    


သယံဇာတအမွေအနှစ် ပေါကြွယ်လှသည်ဟု နာမည်ကြီးခဲ့သော မြန်မာနိုင်ငံသည် မြန်မာနိုင်ငံသည် နိုင်ငံတော်အာဏာသိမ်းပိုက်ထားသော မသမာသူစစ်အာဏာရှင်အဆက်ဆက် ကြောင့် ဧရာဝတီမြစ်ကြီးကောစပြုသလို အင်းလေးကန်ကြီးလည်း တိမ်လာပြီဖြစ်သည်။ ကမ္ဘာတွင် ၀ံ့ကြွားခဲ့သော အဖိုးတန်သစ်တောများလည်း ပြောင်သလင်းခါနေသလို၊ တူးဖော်ဖြိုချထား၍ မွစာကြဲနေသော ကျောက်မျက်ရတနာ၊ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ရွှေ၊ ငွေဓာတ်သတ္တု၊ ကြေးနီအဆုံး ကုလား၊ ပေါက်ဖော်၊ ယိုးဒယား၊ စင်ကာပူ၊ ကိုရီးယား အစရှိသော နိုင်ငံများသို့  ရသမျှဈေးနှင့် အရ ချိုင်ခဲ့ကြသည်။ ဤသည်တို့ကား အိပ်ယာဝင်နတ်သမီးပုံပြင်မဟုတ် တကယ့်ဇာတ်လမ်းဖြစ်သည်။ တနည်းဆိုရသော် ခေတ်သစ်မြန်မာ့သမိုင်းဟု ဆိုရပေမည်။

          မြန်မာ့လွတ်လပ်ရေးအနှစ် ၆၀ ကျော်အတွင်း လွတ်လပ်ရေး၏ အရသာကို စစ်အာဏာရှင်လူတစ်စုနှင့် ယင်းတို့နှင့် ပေါင်းစားနေသော ခေတ်ပျက်သူဌေးခရိုနီလူတန်းစားတို့သာ ကြီးစိုးခံစားနိုင်ကြသည်။ ပြည်သူလူထုတရပ်လုံးသည် နေစရာအိမ်မရှိ လုပ်ကိုင်စားသောက်စရာ ငွေမရှိဖြစ်ကာ၊ ဆင်းရဲမွဲတေမှုက ကမ္ဘာ့စံချိန်ချိုးလျက်ရှိသည်။ ၂ နှစ်ကျော်သက်တမ်းရှိပြီဖြစ်သော အရပ်ဝတ်လဲထားသည့် လက်ရှိအစိုးရကလည်း လူထုတရပ်လုံး ကြုံတွေ့နေရသော ပြဿနာအ၀၀ကို မိုးကြိုးပစ်ထန်းလျက်ကာ၊ ထမင်းရည်ပူလျှာလွှဲ လုပ်၍ လွှတ်တော်တွင် ခုံဖိနပ်စုတ်ဆေးသုတ်မည့် မူဝါဒများကိုသာ တင်ပြနေပေသည်။

          မည်သို့ဆိုစေ…. တိုင်းရင်းသားပြည်သူတရပ်လုံးပိုင်ဆိုင်သော ဘိုးဘွားအမွေအနှစ်များကို တဦးတည်း တဖွဲ့တည်း ပိုင်ဆိုင်ထားသလို ထင်သလို ရောင်းချစားသောက်နေသည့် တဘို့တည်းသမားတိုင်းပြည်သစ္စာဖောက် အာဏာရှင်များနှင့် ယင်းတို့တဖက်သတ် ရေးဆွဲထားသော ၂၀၀၈  နာဂစ်ဖွဲ့စည်းပုံဖြင့် မြန်မာနိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီကို မည်သို့မျှ မတည်ဆောက်နိုင်ကြောင်း (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စေတနာကောင်းဖြင့် တင်ပြလိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts