ကဗျာ

(၆၅) လွတ်လပ်ရေးမှသည် …

ကျော်ဟုန်း
ဒီဇင်ဘာ ၃၊ ၂၀၁၂
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ
ကမ္ဘာတည်သရွေ့ 
မြန်မာပြည်တည်သရွေ့
မြန်မာတနိုင်ငံလုံး
မြန်မာနိုင်ငံသားအားလုံးအတွက်
လွတ်လပ်ရေး (ဖခင်)။

အို…ဖခင်
ဘဝတခုလုံးနေခဲ့ရတာ
၃၂ နှစ်၊ ၅ လနဲ့  ၆ ရက်ထဲနော်
လူငယ်ဘဝမှာ လူငယ်လိုမပျော်ရဘဲ
လူရွယ်ဘဝမှာ သူရည်ရွယ်တာက
မြန်မာပြည်လွတ်လပ်ဖို့ တဲ့။

စိတ်၊ နှလုံး၊ ဘဝင်
ချွေး၊ သွေး၊ အသက်ရင်း
ကျွန်သားပေါက်ဘဝက ကယ်ထုတ်
ပေးဆပ်ခဲ့တဲ့ ဖခင်သခင်
မြင်လှည့်စေချင်ခဲ့ပေါ့
ခုချိန်တိုင်၊ (၆၅) နှစ်တိုင်ခဲ့လဲ
ပေးကားပေး၏..မရပါဖခင်။

ဖခင်ပြုခဲ့ လွတ်လပ်ရေးနဲ့ 
ထုဆစ်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်ကိုလဲ
ခနိုးခနဲ့ လုပ်သူတွေလဲ ရှိရဲ့
ရိုးမယ်ဖွဲ့တဲ့သူတွေလဲရှိခဲ့
အစွန်းရောက်သူတွေလဲ ရှိသနဲ့ 
ပင်လုံစိတ်ဓာတ်တွေ အရောင်စုံစွန်း
သေနတ်သံတွေကြားနေရဆဲ လွတ်လပ်ရေး
ပြေးမြင် တိုင်ချင်နေပါတယ် ဖခင်။

ဝါးအစည်းပြေနေတဲ့ လွတ်လပ်ရေးမှာ
ချိတ်-ချိတ်ချင်းတွေ ငြိနေကြပုံများ
တောင်တန်းတွေကလဲ နှင်းမြူကြားမှာ မျက်ရည်စို
တောတန်းတွေ ရိုးမြေတန်းမှာလဲ သွေးညှီလွှမ်း
နိုင်ငံရဲ့နံရံမှာ ကျည်ဆန်ကာပေါက်တွေ ဝေတုန်းပေါ့
မျိုးဆက်သစ်ရတနာတွေနဲ့ ကြီးပွားရေးမှန်သမျှကို
ကျည်ဆံတွေက ပြန်စားနေတယ် ဖခင်။

အို…ဖခင်
မြန်မာပြည်အတွက်တော့
နှစ်သစ်တွေ ပြောင်းတိုင်းပြောင်းတိုင်း
မင်္ဂလာနှစ်သစ်ပါလို့  မပြောရဲခဲ့
နှစ်သစ်မှာပျော်ရွှင်ပါစေလို့ မဆိုရက်နိုင်တဲ့
မလွတ်လပ်ရေးနဲ့ ခရီးဆက်ခဲ့ရတာ ကြာလှပေါ့ဖခင်..။

မြန်မာ့လွတ်လပ်ရေးသက်တမ်းနဲ့ မကွာ
ပြည်တွင်းစစ်မီးတောက်ခဲ့တာလဲ ခုထိ
ဗမာစစ်သားလေးတွေပဲ ဆုံးဆုံး
တိုင်းရင်းသားစစ်သားလေးတွေပဲ သေသေ
နှစ်ဖက်လုံးအတွက် ဝမ်းနည်းနေရတဲ့ လွတ်လပ်ရေး
ဂျပန်ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေးထက်ဆိုးပေါ့
အဖြေရှာမရနိုင်သေးဘူး ဖခင်။

ခုချိန်မှာတော့
ခရိုနီတွေအတွက်ပဲ လွတ်လပ်ရေး
အာဏာရှင်တွေအတွက်ပဲ လွတ်လပ်ရေး
ဖောက်ပြန်လူတန်းစားတွေအတွက်ပဲ လွတ်လပ်ရေး
ကြားညှပ်ပြည်သူတွေအတွက်တော့
မမြင်နိုင်တဲ့ အဝေးဆုံးအမှတ်တနေရာမှာပါ ဖခင်..။

တိုင်းပြည်ကတော့ လွတ်လပ်နေတယ်
တိုင်းပြည်သားတော့ မလွတ်လပ်ဘူး
မှားနေမှန်းသိတဲ့ တခုခုအတွက်
ဝိုင်းဝန်းအဖြေရှာသင့်ပြီ သိလဲ
ညာဆဲ၊ ဝါဆဲ၊ အခါမလဲ (နှစ်ဘက်စလုံး) ။

ရှေးလူတွေတော်သလောက်
နှောင်းလူတွေ ညံ့တယ်ပြောရင်ဖြင့် ခံရန်အသင့်
ဝေလေလေ လွတ်လပ်ရေးကြီးကို ဓာတ်ခွဲဖို့ 
စိတ်ဓာတ်အဆိုးအညစ်တွေကို လျှော်ဖွတ်ဖို့ 
ဖက်တီးအက်ဆစ်နဲ့ ဦနှောက်တွေကို ဓာတ်ပြုရဦးမယ်
လုံးဝဖြူစင် လွတ်လပ်ရေးအတွက်ပါ
(၆၅) နှစ်မှသည် ….    ….   …..
ဘယ်၍ ဘယ်မျှ ဘယ်ကာလ …။      ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts