ခေတ်ပြိုင်အတွေ့အကြုံ

ဆိုးတယ် စနိုးရယ် (Maung San (Sitagu))

ဆိုးတယ် စနိုးရယ်

မောင်စံ (သီတဂူ၊ ဖလော်ရီဒါ)၊ ၊ ဇန်န၀ါရီ ၂၊ ၂၀၁၃

            Snow တဲ့ ဖြူဖြူဖွေးဖွေး ရေခဲခြစ်မွမွလေးလိုပဲလို့ စာထဲမှာလည်း ဖတ်ဖူးတယ်၊ ဓာတ်ပုံတွေထဲမှာလည်း မြင်ဘူးတယ်။ ဒါပေမယ့် အပြင်မှာတကယ်လက်တွေ့တော့ မမြင်ဘူးသေးလို့ သိပ်မြင်ဘူးချင်ခဲ့တယ်၊ ဘယ်လောက် အေးလဲ၊ ကိုင်ကြည့်တဲ့အခါ ဘယ်လိုခံစားမှုမျိုးရရှိမလဲလို့ဆိုတာကို သိပ်သိချင်နေခဲ့တယ်။ အမေရိက ချင်းတူပေမယ့် ကိုယ်နေတဲ့နေရာက မြန်မာပြည် ရန်ကုန်ရာသီဥတုနဲ့ အတူတူပဲဆိုတော့ စနိုးမကျဘူးလေ။ ဒါကြောင့် စနိုးအတွေ့ အကြုံယူရင်း ပဋ္ဌာန်းပွဲကိုကူညီစီစဉ်ပေးဘို့ မီနီဆိုးတာ သီတဂူဓမ္မဝိဟာရကို ထွက်ခဲ့တယ်။

            လေယာဉ်က နှစ်ဆင့်စီးရမယ်၊ Texas, Dallas လေဆိပ်မှာ လေယာဉ်ပြောင်းပြီး ဆက်ထွက်ရမယ်ပေါ့။ ဖလော် ရီဒါက နေ့လည် (၁း၅၀) ထွက်ပြီး ဒါးလတ်စ်ကို (၄း၅၀) ရောက်၊ ဒါးလတ်စ်က ညနေ (၅း၅၅) ပြန်ထွက်ပြီး မီနီဆိုး တားကို ည (၈း၂၀) ရောက်ရမှာ။

            ဖလော်ရီဒါက စထွက်ကတည်းက မိနစ် (၅၀) နောက်ကျထွက်ဖြစ်တယ်။ ကောင်တာမှာ စုံစမ်းလိုက်တော့ နောက်လေယာဉ်ကို ကောင်းကောင်းမီပါတယ်ဆိုတာနဲ့ စိတ်ထဲမှာ ပေါ့ပါးသွားတယ်။ လေယာဉ်ပေါ်ရောက်တော့ လက် ပ်တော့လေးဖွင့်ပြီး သီတဂူဆရာတော့်မွေးနေ့ပူဇော်ပွဲအတွက် ဆောင်းပါလေးရေးရင်းလိုက်လာခဲ့တယ်။ လေယာဉ်က (၃) နာရီလောက်ပျံသန်းရမှာဆိုတော့ အချိန်ရတယ်လေ။ ပျင်းလည်းမပျင်းတော့ဘူးပေါ့။ ဆောင်းပါးလည်းအပြီး လေယာဉ်ဆင်းဘို့ကြေငြာချက်လည်းထွက်လာတာနဲ့ လက်ပ်တော့ပိတ်ပြီး အပြင်ကို ကြည့်လိုက်တယ်၊

            “အား ပါးပါး… စနိုးတွေကျနေတာ တပြင်လုံးဖွေးလို့ဖြူလို့ပါလား”

            ဒီတခါတော့ စနိုးကို အပြင်မှာ တကယ်မြင်ဘူးပြီဆိုပြီး စိတ်ထဲမှာပျော်သလိုလိုတော့ရှိသား။ ဒါပေမယ့် ကြာကြာမပျော်လိုက်ရပါဘူး၊ လေယာဉ်ပြေးလမ်းပေါ်ဆင်းပြီးတာနဲ့ စနိုးနဲ့ပတ်သက်တဲ့ ဒုက္ခကို စတင်တွေ့ရှိတော့တာ ပါပဲ။ လေယာဉ်ပြေးလမ်းနဲ့ Terminal တွေမှာ စနိုးတွေကို စက်ယန္တယားကြီးတွေနဲ့ ဖယ်ထုတ်နေတာမို့ ဆင်းလာတဲ့ လေယာဉ်တွေ Terminal Tube တွေကိုမကပ်ရသေးဘူး။ ကွင်းထဲမှာပဲ တန်းစီပြီးစောင့်နေကြရတာ အကြာဆိုမှ တကယ့်ကိုအကြာကြီးပဲ။ လေဆိပ်ကဝယ်လာတဲ့ ရေဘူးလည်းသောက်လို့ကုန်ပြီ၊ (မရိုသေ့စကား) ရှူရှူးလည်း ခဏ ခဏ ထပေါက်ရတယ်။

            စောင့်ရင်းစောင့်ရင်း တဖြည်းဖြည်း နေရောင်ပျောက်သွားပြီး လျှပ်စစ်မီးတွေလင်းလာကြတယ်။ ကွင်းပြင် ကြီးကတော့ စနိုးဖြူတွေကြောင့် အရမ်းကြီးမည်းမှောင်မသွားပဲ မှုံပျပျ ဖြူလွလွဖြစ်နေတယ်။ လေယာဉ်ထဲမှာမို့ အအေးဓာတ်တော့ မခံစားရသေးဘူးပေါ့။ ဒါပေမယ့် ကြာတော့ထိုင်ရတာ ခါးငြောင်းလာတယ်။ လူတွေလည်း လှုပ်လှုပ်ရွရွနဲ့ ငြီးငြူ မြည်တမ်းလာကြတယ်။ လေယာဉ်မယ်တွေက နှစ်သိမ့်တဲ့အနေနဲ့ သောက်ရေနဲ့ မြေပဲယို ထုပ်လေးတွေ လိုက်ဝေတယ်။ ရေတွေသောက်ကြတယ်၊ ပြီးတော့ ရှူးတွေပေါက်ကြတယ်၊ လေယာဉ်ပေါ်မှာ ဒီအလုပ်ပဲ ရှိတော့တယ်လေ ဟင်းဟင်း။

            ဒီလိုနဲ့ ည (၈း၀၀) နာရီမှာ Terminal ကိုကပ်ခွင့်ရပြီဖြစ်တဲ့အကြောင်းကြေငြာတော့ ခရီးသည်တွေဝမ်းသာ အားရ ဟစ်အော်ပြီး လက်ခုပ်ထတီးကြတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ နောက်လေယာဉ်အတွက်တော့ လုံးဝနောက်ကျ သွားပါပြီ။ နောက်လေယာဉ်ရဲ့ ထွက်ချိန်ကို information board မှာကြည့်လိုက်တော့ သူလည်းနောက်ကျတယ် (၈း၀၀) နာရီမှာထွက်မှာ၊ ဒါပေမယ့်အခု (၈း၀၅) နာရီရှိပြီ၊ မီလိုမီငြား ဂိတ်နံပါတ် C-31 ကိုအပြေးသွားလိုက်တယ်။

            “ဘုရား တရား မ လို့  မီပါစေဗျာ…”

            အတော်ဝေးဝေးသွားလိုက်ပြီး Gate C-31 ကိုတွေ့တယ်။ ဟုတ်ပြီ မြန်မြန် မြန်မြန်။ မြှားညွှန်ထားတဲ့အတိုင်း C-31 ထဲကို ရောက်ဘို့ ဆုံလည်တံခါးပေါက်အတိုင်း တွန်းပြီးဝင်သွားလိုက်တယ်။

            “ဟာ… သွားပါပြီ”

            ဖြစ်ချင်တော့ အဲဒါ အဝင်မဟုတ်ပဲ C-31 Baggage claim ထွက်ပေါက်ဖြစ်နေတယ်။ ကောင်းရော။ စိတ်လော ပြီးထွက်လိုက်မိတာ မှားသွားတယ်၊ ဒါကတော့ ကိုယ့်အမှားပါ။

             အဲဒါနဲ့ Security Check in ကနေပြန်ဝင်ရတယ်။ ထုံးစံအတိုင်း လိုင်းစီ အိတ်တွေပြန်စစ်ဆေးခံပြီးဝင်ရတာ ပေါ့။ အထဲရောက်တော့ နောက်လေယာဉ်တစီးစီး ရလိုရငြား C-31 ကောင်တာမှာ လက်မှတ်ပြပြီးစုံစမ်းဘို့ တန်းစီ လိုက်တယ်။ ကိုယ့်အလှည့်ရောက်ဘို့ နာရီဝက်ကျော်ကျော်လောက် စောင့်လိုက်ရတယ်။ လေဆိပ်ထဲမှာ စနိုးဒုက္ခ သည်တွေ အများကြီးပဲလေ။ ကောင်တာရှေ့ရောက်တော့-

            “လေယာဉ်ထွက်သွားပါပြီရှင်”

            “ဟုတ်ကဲ့၊ ဒါဆို တခြားလေယာဉ် တစီးစီးနဲ့ စီစဉ်ပေးနိုင်မလားခင်ဗျာ”

            “ဆောရီးပါပဲ ဒီနေ့အတွက်တော့ မီနီဆိုးတားသွားတဲ့လေယာဉ် ကုန်သွားပါပြီရှင်၊ မနက် (၇း၀၀) နာရီမှ ပဲရှိပါ တော့မယ်”

            “ဟာ ဟုတ်လား၊ ဒါဆို ဘယ်လိုလုပ်ရပါ့မလဲ”

            “ဒီည ဟိုတယ်တခုခုမှာ အိပ်လိုက်ပါ၊ မနက်ဖြန် အစောဆုံးလေယာဉ်နဲ့ ထည့်ပေးပါမယ်”

            ဟူး…. ပြောလည်းထူးမှာမဟုတ်တော့လို့ သူစီစဉ်ပေးတဲ့ Homestead Suite ဆိုတဲ့ဟိုတယ်မှာ ညအိပ်ဘို့ သဘောတူလိုက်တယ်။ ပြီးတော့ သူညွှန်တဲ့အတိုင်း လေဆိပ်အပြင်ကိုထွက်သွားပြီး လာကြိုမယ့်ကားကို သွားစောင့် တယ်။

            အဲဒီမှာ စနိုးနဲ့ စတွေ့ခဲ့တာပဲ။ ရုပ်ရှင်တွေထဲက စနိုး၊ အိပ်မက်ထဲက စနိုး၊ စိတ်ကူးထဲက စနိုးဟာ ခုမိမိကို တကယ် လာရောက်ပွတ်သပ်နေပြီ၊ ပုခုံးပေါ်ကို ဖြုတ်ကနဲရောက်လာတဲ့ ဖြူဖြူလေးကလည်း စနိုး၊ ပါးပြင်ကို တိုးဝှေ့ ထိ နမ်းသွားတာကလည်း စနိုးပါပဲ။ ဒါပေမယ့် စိတ်ကူးထဲကလို နွေးထွေးမှုမရှိ၊ နူးညံ့မှုမသိ၊ တကယ်သိလိုက်ရတာက တော့ အသည်းထဲထိ ခိုက်သွားအောင် အေးစက်ထုံကျင်သွားတာကိုပဲ။

            ကားတွေတစ်စီးပြီး တစ်စီးလာကြတယ်၊ ဒါပေမယ့် ကိုယ်တည်းမယ့်ဟိုတယ်ကကား တစ်စီးမှပေါ်မလာသေး၊ ရပ်စောင့်ရတာလည်း တစ်နာရီခွဲလောက်ရှိပြီ၊ ဟိုတယ်နံပါတ်ကို ဖုန်းဆက်တယ်၊ အသံသာမည်နေတယ် ကိုင်မယ့်သူ မရှိ၊ နောက်တော့ ကိုယ့်လိုပဲ ကားစောင့်နေတဲ့ အမျိုးသမီးကြီးတယောက်ကို အကူအညီတောင်းလိုက်တယ်။ သူလည်း ကူညီဆက်ပေးတာပဲ ဒါပေမယ့် အဆင်မပြေ။

            လူက အတော်လေးကို ခိုက်ခိုက်တုန်နေပြီ၊ ခြေဖျားလက်ဖျားတွေလည်း ထုံကျင်နေပြီ၊ အသက်ရှူလိုက်တိုင်း အအေးလုံးကြီးက ဗိုက်ထဲထိဝင်ရောက်သွားတယ်။ လေကတိုက်တော့ နှင်းဖတ်တွေက တဖွဲဖွဲလွင့်ပျံပြီး တိုးဝှေ့လာ တယ်။ ပါးပြင်မှာလည်း တင်းကြပ်ကြပ် စပ်ဖျင်းဖျင်းဖြစ်လာခဲ့တယ်။ နှာခေါင်းကို ကိုင်ကြည့်တော့ လက်နဲ့ထိတယ် တောင်မထင်မိတော့၊ အဲဒီလောက် အေးစက်ထုံကျင်တဲ့ ဝေဒနာကို ခံစားလာရတယ်။ အဲ့ဒါ စနိုးပေါ့။

            စိတ်မလျှော့ပဲ ဖုန်းဆက်ခေါ်နေလိုက်တာ နောက်ဆုံးတော့ အမျိုးသမီးတယောက် ဖုန်းကိုင်လာတယ်၊ စောစော က အမျိုးသမီးကြီးက ကူညီပြီး ဝင်ပြောပေးတယ်။ စကားမဆုံးခင်မှာပဲ အမျိုးသမီးကြီးစောင့်နေတဲ့ကားက ရောက်လာ လို့ တက်လိုက်သွားတယ်။ ကိုယ်ပဲ ဖုန်းတလုံးနဲ့ ကျန်ရစ်ခဲ့တယ်။

            အတော်လေးကြာတဲ့အခါမှာ ကားတစ်စီးရောက်လာကာ ကားစောင့်နေသူတွေအားလုံးကို သိမ်းကျုံးခေါ်တင်ပြီး ဟိုတယ်တွေကို လိုက်ပို့ပေးတယ်၊ အဲဒီကားနဲ့မှပဲ ကိုယ်လည်းပါသွားတော့တယ်။ ရက်စက်လိုက်တာ စနိုးရယ်။ ကားလေးက မီနီဘင်လေးဆိုတော့ လူများများမဆန့်၊ ကားပေါ်မှာ သူတို့အချင်းချင်း နေရာလုရင်း စကားများကြသေး တယ်။ သြော် အပြင်မှာ နာရီပေါင်းများစွာစောင့်လာရတော့ ရတဲ့ကားနဲ့ပဲ လိုက်ချင်ကြတော့တာပဲလေ။

            ဟိုတယ်ရောက်တော့လည်း Check in ဝင်တာ လူကအများကြီး၊ ကောင်တာမှာ အမျိုးသမီးတယောက်တည်း ဟိုဘက်ဖုန်းပြောလိုက် ဒီဘက်လှည့်လုပ်လိုက်နဲ့  အတော်စောင့်လိုက်ရတယ်။ ဒါပေမယ့် ဟိုတယ်ထဲရောက်နေပြီမို့ အအေးတော့ သက်သာသွားပြီပေါ့။ ကိုယ့်အလှည့် အခန်းနံပါတ် ရတဲ့အခါ၊ မနက် (၅း၃၀) လေဆိပ်ဆင်းဘို့ ကားထွက် တဲ့ အချိန်စာရင်းဇယားထဲမှာ အခန်းနံပါတ် ရေးပေးထားလိုက်တယ်။ ပြီးတော့ညအိပ်တယ်ပေါ့။

            မနက် (၅း၀၀) နာရီထ မျက်နှာသစ်၊ ပစ္စည်းတွေသိမ်းပြီး လေဆိပ်သွားဘို့ (၅း၃၀) မှာ Lobby ကိုသွားလိုက် တယ်။ Lobby တစ်ခုလုံး မှောင်လို့ မည်းလို့၊ တံခါးလည်းပိတ်ထားတယ် လူလည်းမရှိ။ အချိန်လည်းရောက်နေပြီ ကြိုတဲ့ ကားလည်းမလာသေး၊ Lobby မှာ ကိုယ်တစ်ယောက်တည်း။ ဘေးမှာ အပြင်ထွက်ပေါက်တွေတော့ရှိတယ်၊ စွပ်ထွက် သွားလို့လည်းမဖြစ်၊ အပြင်မှာက နှင်းမိုးတွေရွာပြီး အေးစက်နေတာ၊ ထွက်ပြီးမှပြန်ဝင်မရရင် အခက်။ အဲဒါနဲ့ ကဒ်ထဲက နံပါတ်နဲ့ ကောင်တာကိုဖုန်းခေါ်လိုက်တယ်။ ညကအမျိုးသမီးထင်ပါတယ် ဖုန်းဖြေလာတယ်။ ပြီးတော့ ကားကြိုတဲ့သူကို လှမ်းပြောသံကြားတယ်၊ ကားကြိုတဲ့သူက သူလာကြိုတုန်းက ဘယ်သူမှမရှိလို့ထွက်သွားပြီဆိုပြီး ပြန်အော်သံကို လည်းကြားတယ်၊ သူတို့အချင်းချင်း အပြန်ပြန်အလှန်လှန် အော်ဟစ်ကြပြီး ခဏအကြာမှာ ကားပြန်ရောက်လာတယ်။

            ကားရောက်လာတော့ Lobby ထဲကဖြတ်သွားလို့မရတာနဲ့ ဘေးထွက်ပေါက်ကနေ အိတ်ဆွဲပြီးထွက်လိုက် တယ်။

            “ဝှီး….ဗိုင်း”

            “အား….”

            ထွက်ပေါက်ဆင်ခြေချောလေးအတိုင်း အိတ်ဆွဲပြီးအထွက်မှာ စနိုးတွေက ရေခဲဖြစ်ပြီးချောနေတော့ ဘယ်လိုမှ ထိန်းမရတော့ဘဲ အိတ်ရောလူရော ဝက်တစ်ကောင်ပစ်ချလိုက်သလို ဗိုင်းဆို လျှော်လဲပါလေရော။ တော်သေးတယ် လက်နဲ့ထောက်ထားလို့ ခေါင်းနဲ့မရိုက်မိတာ။ ကိုယ်လဲတာ ဘယ်သူမှမသိလိုက်ဘူး။ ကားဒရိုင်ဘာကလည်း ရှေ့ဆင်ဝင် အောက်မှာကားရပ်ထားတာဆိုတော့ မမြင်လိုက်ဘူး။ အဲဒါနဲ့ပဲ ကိုယ့်အိတ်ကိုပြန်ကောက် ဖြည်းဖြည်းချင်းထိန်းဆင်းပြီး ထွက်လာခဲ့ရတယ်။ အတော်ကို ဆိုးပါတယ် စနိုးရယ်။

            ဒီလိုနဲ့ မီနီဆိုးတားရောက်ခဲ့တယ်။ ဦးတိက္ခ နဲ့ ဦးဇဝန (ကုန်းဇောင်း) တို့လာကြိုကြတယ်။ ကျောင်းရောက် နေ့ဆွမ်းစားပြီး ချီကာဂိုကို ခရီးဆက်ကြတယ်။ ကိုယ်ရယ်၊ ဦးတိက္ခရယ်၊ ဦးဇဝနရယ်၊ ဦးအနိရုဒ္ဓရယ်၊ ဦးနန္ဒိယရယ် ဘုန်းကြီးငါးပါးကို ဒကာလေး ကိုအောင်ဆန်းဦးက ကားမောင်းပြီးလိုက်ပို့တယ်။ လမ်းဘေးဝဲယာတလျှောက်မှာ စနိုး တွေက ပင်လယ်ပြင်ကြီးလိုပဲ တမျှော်တခေါ်၊ ရေကန်တွေ မြစ်ချောင်းတွေလည်း မလှုပ်ရှားမစီးဆင်းနိုင်ကြတော့ဘူး ရေတွေခဲပြီး အားလုံးရပ်တန့်နေကြပြီ။ အဲဒီရေခဲတွေပေါ်မှာလည်း စနိုးတွေက အစုလိုက် အပုံလိုက်။

            လမ်းတလျှောက်မှာ စလစ်ဖြစ်လမ်းလျှော်ပြီး တိမ်းမှောက်နေတဲ့ကားတွေ၊ အချိန်ထိန်းမရဘဲ အဆင့်ဆင့်တိုက် မိကုန်တဲ့ကားတွေ၊ စနိုးအရည်ပျော်အောင် ဆားဖြန်းရတော့ ဆားဒဏ်ထိထားပြီး တကားလုံးသံချေးစားခံနေရတဲ့ကား တွေ၊ စနိုးကျတာကြာတော့ ရေခဲဖြစ်ပြီး အလေးချိန်ကြောင့် အမိုးပြိုကျထားတဲ့အဆောက်အဦးတွေ၊ ကျိုးကျကုန်တဲ့ သစ်ပင်သစ်ကိုင်းတွေ အိုး….အများကြီး အများကြီး၊ ဒါတွေအားလုံးဟာ စနိုးကြောင့်ချည့်ပဲ၊ ဆိုးပါ့ စနိုးရယ်။

            ချီကာဂိုမရောက်ခင် မိုးချုပ်သွားလို့ Wisconsin ပြည်နယ်က Milwaukee မြို့မှာရှိတဲ့ စာရေးဆရာ ဘုန်းကြီး ကံထွန်းသစ် ကျောင်းမှာဝင်အိပ်ကြတယ်။ ဆရာတော် ကံထွန်းသစ်က ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံစောင့်ရှောက် နေရာပေးပါတယ်။ စားသောက်စရာတွေလည်း ကျွေးမွေးတယ်။

            နောက်တနေ့ မနက်စာစား၊ မယ်ဝေါကီးမြို့ထဲလည်ပြီး ချီကာဂိုဆက်ထွက်လာကြတယ်။ လမ်းမှာ နှင်းမိုးတွေ တဖွဲဖွဲရွာနေလို့ ဖြည်းဖြည်းချင်းမောင်းလာခဲ့ရသေးတယ်။ မြို့အဝင်က ကားသိပ်ကြပ်တာပဲ။ မြို့ထဲကိုရောက်ကာနီးမှ ဆွမ်းချိန်ကလည်းနီးလို့ ဖုန်းထဲမှာ တရုတ်စားသောက်ဆိုင်ကို ရိုက်ရှာလိုက်ပြီး ညွှန်တဲ့အတိုင်း နောက်ရင်းကိုပြန် မောင်းလိုက်တာ၊ (၄၅) မိနစ်လောက်လှည့်ပတ်မောင်းပြီးမှ ဆိုင်ကိုရှာတွေ့တော့တယ်၊ ချီကာဂိုနဲ့ဝေးပြီး မယ်ဝေါကီးနား ကိုပြန်ရောက်သွားတယ်။ အဲဒါလည်း အမှတ်တရတစ်ခုပဲ။

            စားပြီးတော့ ခရီးပြန်ဆက်ကြတယ်။ လာလမ်းအတိုင်း ပြန်မောင်းသွားပြီး ချီကာဂိုကို နေ့လည် (၃း၀၀) နာရီ လောက်ရောက်တယ်။ ကားကို လမ်းဘေး မီတာပါကင်မှာ ရပ်ထားပြီး ချီကာဂိုရဲ့ ပြရုပ်ဖြစ်တဲ့ ပြဒါးလုံးကြီးမှာ သွားပြီး ဓာတ်ပုံရိုက်ကြတယ်။ ဟိုဟိုသည်သည် လျှောက်ရင်းလှမ်းရင်းနဲ့ နှစ်နာရီလောက်ကြာတော့ ကားဆီကိုပြန်ကြတယ်။

            “ဟိုက် ကား မရှိတော့ဘူး”

            “ဟင် ဟုတ်လား၊ ဒီနေရာမှာ ထားတာသေချာလား”

            “သေချာတယ်၊ ဒီနေရာမှာပဲ”

            “Tow ဆွဲခံရတာများလား”

            “ဟုတ်လိမ့်မယ်၊ ပိုက်ဆံထည့်ထားတာက နာရီဝက်စာလောက်ပဲရှိတယ်”

            “ဟာ .. သေလိုက်ပါတော့”

            တယောက်တပေါက်ပြောရင်း ယောင်ခြာခြာဖြစ်နေကြတဲ့မိမိတို့အဖွဲ့ကို မိမိတို့ကားနေရာမှာ ကားရပ်ထားတဲ့ အမေရိကန်စုံတွဲက အကူအညီပေးတယ်။ စက်ထဲမှာ Tow Company ရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာနဲ့ကို ရှာပြီး လမ်းညွှန်ပေး တယ်။ ငိုက်စိုက် ငိုက်စိုက်နဲ့ တဖွဲ့ကြီး ချီတက်သွားကြတာပေါ့။

            ညွှန်လိုက်တာကတော့ အမှန်ပဲ၊ ဒါပေမယ့် အောက်ထပ်ထဲကို ဆင်းသွားရမယ်ဆိုတဲ့နေရာမှာ အောက်ထပ်ကို ဆင်းဘို့ အပေါက်ကို ရှာမတွေ့ကြဘူး။ ဒါကြောင့် တဖွဲ့လုံး ဟိုတယ်တွေထဲဝင်ပြီး ဓာတ်လှေခါးတွေနဲ့ အောက်ထဲကို ဆင်းလိုက်၊ ကားပါကင်တွေကိုသာတွေ့ပြီး ထွက်ပေါက်မတွေ့တာနဲ့ ပြန်တက်လာလိုက်၊ ဘယ်ဘက်ချိုးလိုက်၊ ညာဘက် ပြန်လာလိုက်နဲ့ အချိန်တွေအတော်ကုန်၊ ခြေတွေအတော်ညောင်းတဲ့အထိ Tow ကုမ္ဗဏီကိုရှာလို့မတွေ့ကြဘူး၊ နောက် ဆုံးတော့ ဟိုတယ်ထဲက မုန့်ဆိုင်တဆိုင်က အမဲမလေးတယောက်က Front Deskကိုခေါ်သွားပြီး မိမိတို့ကို ကူညီဘို့ ပြောပေးတာနဲ့ ထွက်ပေါက်နဲ့ ဆင်းပေါက်တွေကို အတိအကျ ရလာခဲ့ကြတယ်။

            စလျှောက်ကတည်းက ရောက်တဲ့ထိ တစ်နာရီခွဲလောက်အချိန်ကြာသွားတယ်။ ရောက်ပြန်တော့လည်း ချော ချောချူချူမပြီးပြန်ဘူး၊ ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဟိုဟာတောင်း ဒီဟာတောင်းနဲ့ အများကြီးထပ်ကြာနေ တယ်။ Registration စာရွက်တဲ့၊ ကားထဲမှာပါမလာဘူး၊ အဲဒါမရှိရင် ဘယ်လိုမှကားကို ပြန်မပေးနိုင်ဘူးတဲ့၊ အဲဒါမှ ဒုက္ခ၊ အိမ်မှာရှာခိုင်းဘို့ကလည်း နောက်ပိုင်းမှာလူမရှိ။ Car Registration Office ကိုဖုန်းခေါ်ပြီး ဖက်စ်ထိုးခိုင်းဘို့ဆိုပြန်တော့ လည်း ညရောက်ပြီမို့ ရုံးပိတ်သွားပြီ။ ကားက ဒီနေ့ပြန်ရွေးမှ ၂၀၀ လောက်နဲ့ပြီးမှာ၊ မရွေးနိုင်သေးလို့ တစ်ညအိပ်သွား ရင် (၁၀၀၀) ကျော်ပေးရမှာ။ အဲဒါမှ အကြီးအကျယ် ဒုက္ခ။

            မိမိတို့ ဘုန်းကြီးတွေ ဝိုင်းပြီးတယောက်တပေါက် တောင်းဆိုကြတယ်။ ဘယ်လိုမှမရ၊ စာရွက်စာတမ်း အဓိကထားတဲ့တိုင်းပြည်ဆိုတော့ စာရွက်ပဲ အတင်းတောင်းနေတယ်။ တာဝန်ကျတဲ့အကောင်ကြီးက အတော် အပေါက်ဆိုး တယ် ။ ဘယ်လိုမှပြောလို့မရဘူး။ နောက်တော့ ဟိုဖုန်းဆက် ဒီဖုန်းဆက်နဲ့ အကြံတွေတောင်းကြရ တာပေါ့။ အဲဒီရုံးမှာတင် နှစ်နာရီလောက် ထပ်ကြာသွားတယ်။ မတ်တတ်တောင် မရပ်နိုင်ကြတော့လို့ တချို့ငုတ်တုတ် ထိုင်ကုန်တယ်။ ကိုယ့်လိုပဲ ကားဆွဲခံထိတဲ့ ကလေးတယောက်နဲ့ အမျိုးသမီးဆိုရင် ရှိုက်ကြီးတငင် ငိုယိုသွားရှာတယ်။

            နောက်တော့ ဖုန်းတွေအပြန်ပြန် အလှန်လှန်ပြောကြရင်း ကားတိုင်တယ်အကြောင်းပါလာတယ်။ ကားတိုင် တယ်ပြနိုင်ရင်လည်း ပြန်ပေးမယ်ဆိုတာသိရတော့မှ၊ လူတယောက်ကို အိမ်သွားခိုင်း၊ ကားတိုက်တယ်ကိုယူပြီး ဖက်စ် ပို့ခိုင်းလိုက်တော့မှ အဆင်ပြေသွားတော့တယ်။ နာရီဝက်လောက်ကြာလို့ ကားတိုင်တယ်ရောက်လာတော့မှ ကားဆွဲက (၁၆၀) နဲ့ ဒဏ်ကြေး (၆၀) ပေးပြီး ပြန်ထွက်လာခဲ့ကြရတယ်။ တညလုံးပြန်မောင်းလာကြတာ ည နှစ်နာရီထိုးမှ ကျောင်းပြန်ရောက်ကြတယ်။ အော် ဒါလည်း နှင်းတောထဲက အမှတ်တရ တစ်ခုပေပဲ။

            နောက်တရက် မနက်မိုးလင်းတော့ ကျောင်းတဝန်းလုံး နှင်းတွေနဲ့ ဖုံးအုပ်ထားတယ်။ မိမိတို့အဖွဲ့ စားသောက်ပြီး စက်တွေနှိုး စနိုးထိုးကြတော့တာပေါ့။ သြော် ဖြူဖြူရွရွ လှလှပပ စနိုးလေးတွေ၊ အားအလွန်ကောင်းတဲ့ စက်ကြီးနဲ့ အတင်းထိုးတာတောင် မရချင်ဘူး၊ ခဏခဏ စက်ရပ်သွားတယ်။ ခြေအိတ် လက်အိတ်တွေ စွပ်ထားပေမယ့် ထိုးရင်း ထိုးရင်း ခြေဖျားတွေလက်ဖျားတွေ အေးစက်လာတယ်၊ ခေါင်းတွေ နထင်ကြောတွေ တင်းကြပ်လာတယ်။

            ဘယ်သူ့မှ အပြစ်မတင်ပါဘူးလေ၊ ကိုယ့်ကိုကိုယ်ပဲ ကြိမ်းမောင်းလိုက်မိတယ် “ချစ်ချင်ဦးဟ စနိုး”

            မောင်စံ (သီတဂူ၊ ဖလော်ရီဒါ)

Dec 29, 2012

            


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဆိုးတယ် စနိုးရယ် (Maung San (Sitagu))
  1. Very true. I lived in South Florida for 10 yrs and always wanted to see snow until I moved to NY. Now snow is No.1 in my unwanted list. In the winter Midwest is far worse than New England I can tell. Thanks for sharing this story and it is painfully funny.

Comments are closed.