ဖွတ်ကလေး၊ လောပန်တောင်းတောင်၊ ဠင်းတ ၆ ကောင်နှင့် လေယာဉ်ပျံတိုက်ခြင်း

December 30, 2012

အီကြာအော်
ဒီဇင်ဘာ ၃၀၊ ၂၀၁၂
  ဖွတ်ကလေးတစ်ယောက် ယုန်ကန်ဆေးရုံကြီးတွင် လူနာရုံစောင့်အလုပ်ရပြီးကတည်းက ပြောင်ပြောင်ရောင်ရောင် ဖြစ်နေတော့သည်။

မကြာသေးမီက မသထာရေစာများဖြင့် ဆိုင်ကယ်တစ်စီးဝယ်သည်။

အခုလည်း စီးတော်စက် ဆိုင်ကယ်ကို ခွတော်မူ၍ အီကြာအော်ဆီသို့ မဟားဒယား ပေါက်လာတော့သည်။

“ဟေ့ကောင်ဖွတ်ကလေး၊ မင်းလည်း ဆိုင်ကယ်ဝယ်ပြီးကတည်းက တဖွတ်ဖွတ်နဲ့ကို မရပ်တော့ပါလား၊ ဒါနဲ့ မင်းက ဘာလို့ ဆိုင်ကယ်ဦးထုပ်ကို မဆောင်းရတာလည်း”

“ဆိုင်ကယ်ဦးထုပ်လည်း လေယာဉ်ပျံနဲ့ တိုက်ခံရရင် မတတ်နိုင်ပါဘူး ဆရာအော်ရယ်” ဟု ဖွတ်ကလေးက ခက်သေးရွာသားတို၏့ ထုံးစံအတိုင်း ကြံကြံဖန်ဖန် ဆင်ခြေပေးတော့သည်။

ဆရာအော်လည်း မကျေမနပ်ဖြင့် “မင်းတို့ မဟုတ်တဲ့ ဆင်ခြေတွေပေးပြီး ပေါက်ကရတွေလုပ်လို့ အရိုးကုဆရာဝန်တွေ တိုက်ဆောက် နိုင်ကြတာပေါ့” ဆိုကာပြန်ပြောလိုက်သည်။

“မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုတဲ့ စကားတောင် ” “ဆိုင်ကယ်တိုက်လေ ဆရာကြိုက်လေ”လို့ ပြောင်းရမလိုတောင် ဖြစ်နေပြီ”  ဟု ဆရာအော်က ရွဲ့  ပြောလိုက်သည်။

သူ့ဆရာ စိတ်ဆိုးသွားမှန်း သိသဖြင့် ဖွတ်ကလေးက စကားလွှဲပြီး

“ဆရာအော၊် လင်းတ ၆ ကောင် ဘုရားပေါ်မှာနားသွားတာ ကြားသေးလား”

ယောက်ျားတို့ အတင်း သတင်း၊ ဆိုသည်းအတိုင်း မဟုတ်သည့် သတင်းဆိုလျှင် အရမ်းစိတ်ဝင်စားသော အီကြာအော်မှာ ချက်ခြင်း စိတ်ပြေသွားပြီး “အေး ကြားလိုက်သကွ၊ ဘာထုးသေးလည်း” ဟုမေးလိုက်သည်။

“အဲဒါ တလောက လော်ပန်တောင်းတောင်မှာ ဖြစ်တာနဲ့ ဆက်စပ်နေတယ်ပြောတယ်”

“လက်ပံတောင်းတောင်” မဟုတ်ဘူးလား  ဖွတ်ကလေးရဲ့ ”

“အတူတူပါပဲ ဆရာရယ်၊ အဲဒီတောင်ကို လော်ပန်တွေပဲ တောင်းတောင်းနေတာ မဟုတ်ဘူးလား”

“အေး ဟုတ်တော့ဟုတ်သကွ၊ ပြောပါဦး”

“လောပန်တောင်းတောင်မှာ လုံထိန်းတွေက လောင်မီး လောင်ချာတွေပစ်လို့ လောင်ကျွမ်းပြီး ဘုန်းဘုန်းတွေလည်း လူနာတွေဖြစ်ကုန်တာလေ”

“ဘုန်းကြီးက လူမှမဟုတ်တာ လူနာလို့ မသုံးသင့်ပေဘူး”

ဆရာအော်က အကွက်ရသဖြင့် ၀င်၍ ထောက်လိုက်သည်။

“အဲဒီလိုပဲ မီဒီယာမှာ ရေးတာလေ ဆရာအော်ရဲ့ ”

ဖွတ်ကလေးက မီဒီယာကို ပုံချလိုက်လေတော့သည်။

“အဲဒါနဲ့ လင်းတတွေက ဘာလို့ တို့ခက်သေးရွာက ဘုရားကိုမှ ရွေးပြီး လာနားရတာလည်း၊ ကျက်သရေ ယုတ်သကွာ”

“အဲဒါကိုပဲ ရွာထဲမှာ နမိတ် မကောင်းဘူး ဆိုပြီးတော့ ပြောဆိုနေကြတာပေါ့ ဆရာအော်”

“အခုမကြာခင်မှာ နောက်ဆက်တွဲတွေ ဖြစ်တော့တာပဲ”

“ဘာတွေဖြစ်လို့လည်း ပြောစမ်းပါဦးကွ”

အီကြာအော်လည်း သိချင်ဇောဖြင့် အငမ်းမရ မေးလိုက်သည်။

“လေယာဉ်ပျံတိုက်တာကို ၀ိုင်းပြီးပြောနေကြတာပေါ့”

“လေယာဉ်ကွင်းထဲမှာ လေယာဉ်က လမ်းချော်ပြီး လယ်ကွင်းထဲဝင် လူနှစ်ယောက်ကိုတိုက်လို့် လုံမလေးတစ်ယောက် လောင်ကျွမ်းပြီးဆုံးပါး လူမျိုးခြားတွေလည်း လူနာတွေဖြစ်ကုန်တာပေါ့”

“အေးကွာ လူတွေလည်း သနားပါတယ်”

“ဒါနဲ့ မင်းသတင်းကလည်း တောင်ပေါ်က ဘုန်းကြီးတစ်ပါးပုံပြင်လို ဖြစ်နေပြီ”

“ဘာပုံပြင်လည်း ပြောပါဦး ဆရာအော်”

“တောင်ပေါ်က ဘုန်းကြီးတစ်ပါး အောက်ပြည် အောက်ရွာ သွားလည်ရင်း ဒေသ အခေါ်အဝေါ်တွေကို မေးတော့ မေးသမျှ “လ” နဲ့စတဲ့ ဟာတွေချည်းပဲ၊ ငှက်က “လတ (လင်းတ)”၊ တောကလည်း “လမုတော” စသည်ဖြင့်ပေါ့”

“အဲဒါနဲ့ ဆရာတော်လည်း ဒီအရပ်က လူတွေက ဘာပြောပြော “လ” နဲ့ စပြီးပြောရတယ်ဆိုပြီးတော့ ဆွမ်းဘုန်းပေးဖို့ အချိန်လည်းရောက်ရော”

“ဒီမှာ လဒကာကြီး လဘုန်းကြီး လဆွမ်း လဘုဉ်းပေးမယ်လေလကွယ်”လို့ ပြောသတဲ့

ဖွတ်ကလေးလည်း သဘောကျသွားပြီး

“ဟုတ်တာပေါ့၊ အခု ကျုပ်တို့ခက်သေးရွာမှာတော့ လာဘ်စားထားတဲ့ လူကြီးတွေ လင်းတနားလို့ လန့်ပြီးတော့ လုပြီး လှူကြမယ် လုပ်နေတယ်”

“လုပြီးလှူတာတော့ ဘယ်ကောင်းမလည်း ဖွတ်ကလေးရာ”

“လုပြီးလှူတယ်ဆိုတာ အပြိုင်အဆိုင် လှူကြတာကို ပြောတာပေါ့ ဆရာအော်ရဲ့ ”

“အေးလေ၊ တို့ရွာလူကြီးတွေ ရတဲ့လခနဲ့ သူတို့တတွေ ဘုရားတွေ၊ ကျောင်းတွေမှာ လှူတာတွေက မမျှတတော့ ငါက လုလို့ဝှက်လို့ရတာတွေပဲ လှူတယ်ချည်း ထင်နေတာ”

“ဖွတ်ကလေးရေ၊ မင်းက “လ” အကြောင်းတွေပြောတာနဲ့ ငါတောင် လေအောင့်သလိုလို လေလည်ချင်လာသလိုလိုပဲ”

“ဆရာလေလည်ရင်တော့ ကျွန်တော်သွားပြီးမှသာ လည်တော့ ဆရာရေ၊ ကျွန်တော်တော့ သွားပြီ”

ဖွတ်ကလေးလည်း လုယက်ပြီး လုပ်နေရသော လူနာရုံစောင့်အလုပ်ရှိရာ ယုန်ကန်ဆေးရုံကြီးဘက်သို့ မော်တော်ဆိုင်ကယ် တဖွတ်ဖွတ်ဖြင့် လစ်ထွက်သွားလေ တော့သတည်း။ ။

ခက်သေးရွာသားများ ဘေးရန်အပေါင်းမှ ကင်းရှင်းကြပါစေ။

သဗ္ဗေသတ္တာ ကမ္မသကာ

သရုပ်ဖော် – လိုင်လုဏ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

Archives