ခင်မြဇင်ရဲ့ ဝတ္ထုတိုတပုဒ် … ဂုဏ်သရေရှိတဲ့ ‘သင်းကွဲငှက်’

December 30, 2012

ခင်မြဇင်ရဲ့ ဝတ္ထုတိုတပုဒ် … ဂုဏ်သရေရှိတဲ့ ‘သင်းကွဲငှက်’ 

ကမာပုလဲ၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၂

ခင်မြဇင်ဆိုတဲ့ စာရေးဆရာမကို စသိ … စတင်ထိတွေ့ခွင့်ရလိုက်တဲ့ ဝတ္ထုတိုကလေးဖြစ်ပါတယ်။ ‘သင်းကွဲငှက်’ လို့ ဆရာမက အမည်ပေးထားတယ်။ စဖတ်တော့ ပြင်းချောက်ချောက်နဲ့မို့ သိပ်မလေးနက်ခဲ့ဘူး။ ဖတ်ရင်းက ဝတ္ထုလည်းဆုံးရော တခါပြန်ပြီး ဖတ်ချင်လာတယ်။ ဒါနဲ့ အစအဆုံး ပြန်ဖတ်ဖြစ်ပါတယ်။ နွေဦးနံနက်ခင်းရဲ့ နေခြည်နွေးမြမြအောက်မှာ ဥသြငှက်သံကလည်း လွမ်းဖွယ်။

ဝတ္ထုတိုကလေးရဲ့ ဇာတ်လမ်းကျောရိုးကလေးက စာပေသမားစစ်စစ်တယောက် အကြောင်းဖြစ်ပါတယ်။ ကဗျာတွေ … ဝတ္ထုတွေ … ဆောင်းပါးတွေ ရေးသားသူဖြစ်တယ်။ နှံ့စပ်သူဖြစ်တယ်။ ကိုယ်ပိုင် အဘိဓမ္မာနဲ့ ရပ်တည်ချက်ရှိသူဖြစ်တယ်။ သူ ရန်ကုန်မြို့တော်ရဲ့ စာပေသမုဒ္ဒရာထဲမှာ ကျင်လည် စီးမျောနေခဲ့တယ်။

သူ့အရည်အသွေးကိုသိတဲ့ မဂ္ဂဇင်းပိုင်ရှင်တယောက်ထံမှာ တာဝန်ခံ အယ်ဒီတာ အလုပ်ရခဲ့တယ်။ မဂ္ဂဇင်းရဲ့ စာပေရပ်တည်ချက်ကလည်း သူ့အကြိုက်နဲ့ ဟပ်မိနေတယ်။ ဒါကြောင့် သူ တာဝန်ခံအယ်ဒီတာ အလုပ်ကို လက်ခံလိုက်တယ်။ ရန်ကုန်ရွှေမြို့တော်ကြီးမှာ သူ့ရပ်တည်ရေးအတွက်လည်း အတိုင်းအတာတခုထိ အဆင်ပြေ၊ သူဝါသနာပါတာကိုလည်း လုပ်ခွင့်ရခဲ့တယ်ပေါ့။


မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာအလုပ်မှာ တာဝန်ကျေရုံတင်မက စာဖတ်ပြည်သူအတွက် စာပေအနုပညာပါပါ စာမူများကို ရွေးချယ်တည်းဖြတ်ပေးခဲ့တယ်။ စာဖတ်သူ ပြည်သူအတွက် အမြိုက်ကိုပေးနိုင်ဖို့ကြိုးစားရင်း အဆိပ်အတောက်တွေကို ရှောင်တယ်။ အသစ်ဖန်တီးမှု အနုပညာတွေကိုလည်း တင်ဆက်နိုင်ဖို့ ငါးမျှားနေတဲ့ တံငါသည် စိတ်ရှည်ပုံနဲ့ အနုပညာအသစ်တွေကို မျှားယူရရှိနိုင်အောင် လုံ့လစိုက်ထုတ်ခဲ့တယ်။ မဂ္ဂဇင်း တာဝန်ခံမလုပ်ခင်ကတည်းက ပိုင်ရှင်နဲ့ နားလည်သဘောတူပြီးဖြစ်တဲ့ မူ၊ ဘောင်ထဲကနေ သူ့မဂ္ဂဇင်းကလေးကို စာဖတ်သူတွေအတွက် တန်ဖိုးအရှိဆုံးဖြစ်အောင် လုပ်တယ်။ ပေါ်ပင်ကိစ္စ၊ ဖက်ရှင်ကိစ္စ၊ အနုပညာအောက်လမ်းကိစ္စတွေကို သူတာဝန်ခံလုပ်နေတဲ့ မဂ္ဂဇင်းထဲ မထည့်မိအောင် တန်ဖိုးရှိတဲ့မိန်းကလေး အိမ်ထောင်ထိမ်းသလိုမျိုး စောင့်ထိန်းလုပ်ကိုင်ခဲ့တယ် …။

ခေတ်လား … အခြေအနေလား …။ တာဝန်ခံ အယ်ဒီတာကလေးနဲ့ မဂ္ဂဇင်းပိုင်ရှင်တို့ကြားမှာ ပဋိပက္ခကလေးတွေ ပေါ်ပေါက်လာခဲ့တယ်။ မဂ္ဂဇင်းပိုင်ရှင်က တာဝန်ခံအယ်ဒီတာကလေးထံမှာ တောင်းဆိုမှုတွေ လုပ်လာတယ်။ ကြော်ညာကိစ္စတွေ … ဖက်ရှင်ကိစ္စတွေ … နာမည်ကျော် အောက်လမ်း စာမူတွေ များများထည့်ပေးဖို့ တောင်းဆိုလာတယ်။ ခံယူချက်တွေ … ယုံကြည်ချက်တွေကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ခေတ်အခြေအနေကပြောင်းနေပြီ။ ပရိသတ်တောင်းဆိုတာတွေက ဘာတွေ ညာတွေပေါ့။ ဒါကို မဂ္ဂဇင်းက အမှီလိုက်ပေးရမယ်ပေါ့။

ဒီတော့ တာဝန်ခံအယ်ဒီတာကလေးက ငြင်းပါတယ်။ သူ မလုပ်နိုင်တဲ့ အကြောင်း၊ မဂ္ဂဇင်း ရပ်တည်ရေးအတွက် ကြိုးစားလုပ်ကိုင်ပေးနေတဲ့အကြောင်း၊ ဖက်ရှင်နဲ့ အနုပညာအောက်လမ်းစာမူကိစ္စတွေတော့ လုံးဝ လက်မခံနိုင်တဲ့အကြောင်း၊ မဂ္ဂဇင်းရဲ့ မူနဲ့ တန်ဖိုးကို လုံးဝ ထိခိုက်မခံနိုင်တဲ့အကြောင်း မဂ္ဂဇင်းကလေးရဲ့ တန်ဖိုးဘက်ကနေ ခုခံဆွေးနွေးပါတယ်။

ဒီမှာတင် မဂ္ဂဇင်းပိုင်ရှင် ခရိုနီနဲ့ စာပေအနုပညာသမား တာဝန်ခံအယ်ဒီတာရဲ့ ပဋိပက္ခဟာ ကြီးမားလာခဲ့တယ်။ အကျိုးစီးပွားချင်း ထိပ်တိုက်ဆန့်ကျင်ဘက်ဖြစ်လာပါတယ်။ ဘယ်လိုမှ စေ့စပ်ဖြေရှင်း မရတဲ့အခါ မဂ္ဂဇင်းပိုင်ရှင်က ပိုင်ရှင်ဆိုတဲ့ ဓနအား၊ လုပ်ပိုင်ခွင့်အာဏာနဲ့ ဖိအားပေးလာပါတယ်။ ဒီတော့ တာဝန်ခံ အယ်ဒီတာကလေးကလည်း သူ့အနုပညာရပ်တည်ချက်ကို သစ္စာမဖောက်၊ လက်နက်မချဘဲ တာဝန်ခံအယ်ဒီတာအဖြစ်ကနေ နှုတ်ထွက်လိုက်ပါတယ်။

တာဝန်ခံ အယ်ဒီတာကလေး သူ့ဇာတိ ကျေးလက်ကို ပြန်သွားပါတယ်။ သူ့အသက်လည်း အိုမင်းလာခဲ့ပြီ။ သူ့ ကိုယ်ခန္ဓာ စွမ်းရည်တွေလည်း ကျဆင်းလာခဲ့ပြီ။ ဒါပေမဲ့ ကျေးလက်မှာ ရပ်တည်နိုင်သမျှ အသက်မွေးဝမ်းကျောင်းအတွက် ကျေးလက်အလုပ်တွေကို လုပ်ရင်း၊ သူချစ်တဲ့ စာပေကို ဖက်တွယ် တန်ဖိုးထားရင်း ဖြတ်သန်းခဲ့ပါတယ်။ ကျေးလက်အလုပ်တွေနဲ့ ရပ်တည်ဖို့မှာ သူ့အတွက် ရုပ်ပိုင်းအရွယ်၊ ကျွမ်းကျင်မှုတွေအရ သူ့အတွက် အစစအရာရာ ခက်ခဲနေခဲ့တယ်။ ရန်ကုန်မြို့တော်ကြီးဆီ ပြန်သွားရမလား။ ဒါလည်းလုံးဝ မဖြစ်နိုင်ဘူး။ သူ့စာပေ အနုပညာကို သစ္စာမဖောက်နိုင်ဘူး။ လက်ရှိစာပေလောကရဲ့ ရေပေါ်ဆီ အနှစ်မဲ့လေထုထဲမှာ သူ့အနုပညာ လက်နက်ချ အညံ့မခံနိုင်ပါဘူး။

ဒီလိုနဲ့ အချိန်တွေကို ခက်ခက်ခဲခဲဖြတ်သန်း၊ ကျေးလက်မှာပဲနေထိုင် ကျေးလက်မှာပဲ သူ့ခန္ဓာ ကွယ်လွန်နိဂုံးချုပ်ခဲ့တယ်။ သူမသေဆုံးမီ သူ့ဆန္ဒနဲ့ပိုင်းဖြတ်ချက်က ဒီဝတ္ထုတိုရဲ့ အသက်ပါပဲ။ ဝတ္ထုတိုကလေးအတိုင်း အတိအကျမဟုတ်ပေမဲ့ ကျနော်ခံစားမှတ်စွဲခဲ့သမျှကို တင်ပြပေးပါ့မယ် …။

“သူ့ ရှင်သန်နေတဲ့ ခန္ဓာကိုယ်ဟာ ကျေးလက်အတွက် သိပ်အသုံးမတည့်သလို ဖြစ်ခဲ့ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ သူသေဆုံးသွားခဲ့တဲ့အခါ သူ့ရဲ့ ကျွင်းကျန်နေတဲ့ ရုပ်ခန္ဓာကို ဟောဒီ လယ်ယာစိုက်ကွင်းတွေထဲ မြုပ်နှံထားလိုက်ပါ။ သူ့ခန္ဓာကနေ နောက်ဆုံးပေးနိုင်တဲ့အရာကို ဒီမြေကြီးကနေတဆင့် စိုက်ပင်၊ ပျိုးပင်ကလေးတွေ စိမ်းလန်းစိုပြေနိုင်ပါစေ” သူ သေတော့ သူ့အလောင်းခန္ဓာကို သူ့ဆန္ဒအတိုင်း မြုပ်နှံပေးခဲ့ပါတယ်။

ဝတ္ထုတိုကလေးရဲ့နာမည်ကို ဆရာမ ခင်မြဇင်က ‘သင်းကွဲငှက်’ လို့ အမည်ပေးခဲ့ပါတယ်။ ခေတ်ဆိုးစနစ်ဆိုး တည်ရှိနေတဲ့ လူ့အဖွဲ့အစည်းထဲက လူသားတွေထဲ ယုံကြည်ခံယူချက်မှာ စွဲမြဲသူ၊ မူ ကို အသက်ပေးရပ်တည်သူတွေ ရှိခဲ့တယ်။ ရှိနေပါတယ်။ သူတို့တွေဟာ ထင်သာမြင်သာရှိနေတဲ့၊ ရှိနေတတ်တဲ့ လူ့ရေပေါ်ဆီ အသိုင်းအဝိုင်းတွေထဲ သင်းကွဲငှက်လို ဖြစ်နေတတ်ပါတယ်။

ဒါပေမဲ့ သူတို့ ကိုယ်စားပြုတဲ့ လူထု၊ လူ့အဖွဲ့အစည်းက အခိုင်အမာကို ထုနဲ့ ထည်နဲ့ တည်ရှိနေပါတယ်။ အဲဒီ လူ့အဖွဲ့အစည်းဟာ ထင်သာ မြင်သာ ရှိချင်မှ ရှိပါမယ်။ လယ်ကွင်းတွေထဲမှာ … စက်ရုံ၊ အလုပ်ရုံတွေမှာ … ဘဝကို ရိုးရိုးသားသား ရုန်းကန်ရှင်သန်နေတဲ့ လူ့ပတ်ဝန်းကျင်မှာ ထုနဲ့ထည်နဲ့ကို တည်ရှိနေကြတာပါ။ ဒါကို ကျနော် တွေ့ရှိခဲ့တယ်။ ဒါ့ကြောင့် ဒေါ်ခင်မြဇင်ရဲ့ ‘သင်းကွဲငှက်’လို လူတွေဟာ လူ့ဂုဏ်သိက္ခာ အပြည့်ရှိတယ်လို့ ကျနော် ယုံကြည်ခဲ့တယ်။ ယုံကြည်နေမြဲဖြစ်တယ်။ ထာဝရ ယုံကြည်နေမယ် ဖြစ်ပါတယ်။

ကမာပုလဲ 
၂၉၊ ၁၂၊ ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကမာပုလဲ, ဝေဖန်ရေးရာ

Comments are closed.

Archives