ဒီဇင်ဘာ ၂၉၊ ၂ဝ၁၂
ဦးဝင်းတင်ကို သူ့ရဲ့လူ့ငရဲအတွေ့အကြုံစာအုပ်ကတဆင့် ပို၍ ရင်းနှီးရသည်။ ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း – ရေဒီယိုအစီအစဉ်ကတဆင့် ပို၍ သိရှိ နားလည်ရသည်။ ရှင်းလင်းပြတ်သားတဲ့ မီဒီယာအမေးအဖြေတွေကတဆင့် ပို၍ လေးစားရသည်။ ဒီလှိုင်း အာဘော်တွေကတဆင့် ပို၍ပြုံးထေ့ သဘောကျရသည်။ပို၍ လို့ ၀ိဂြိုဟ်ပြုရသည်က၊ ဦးဝင်းတင်ဆိုတဲ့ နာမယ်ကို မနေ့တနေ့ကမှ … ဒီမိုကရေစီမိုးလင်းကာနီးမှ သိဖူးကြားဖူးခြင်း မဟုတ်နေလို့ပါ။ လူ့ငရဲထဲမှာ သူဆီပူထိုးခံနေခဲ့ရတဲ့ ဆယ့်ကိုးနှစ်တာကာလ တလျှောက်လုံးမှာကတည်းက ရင်းနှီးသိရှိလေးစားနေခဲ့ကြတဲ့ မျိုးဆက်တွေထဲက တယောက်မို့ပါ။
ကေသွယ်၊ ဘလော်ဂါ
http://kthwe.blogspot.com/2012/12/blog-post_13.html
ဒီဇင်ဘာ ဒုတိယပတ်
…………………………………..…………………………………..……………………
၁၉၈၈-၂၀၁၂ ခုနှစ် အထိတော့ ကုန်ထုတ်လုပ်မှုမှာ စိတ်မ၀င်စားဘဲ သဘာဝ သယံဇာတ အကြမ်းထည် တူးဖော်ရောင်းစားဖို့နဲ့ စီမံကိန်းတွေ၊ ဈေးကွက်လက်ဝါးကြီးအုပ် အခွင့်ထူးခံ စီးပွားရေး လုပ်ငန်းတွေ၊ Hit and Run ပေါ်ပင် တစ်ပွဲစား စီးပွားရေးတွေသာ ကြီးစိုးခဲ့သလို ငှက်ကုလားအုပ် Ostrich သဲပုံထဲမှာ ခေါင်းစိုက်ထားတဲ့ စိတ်အခြေအနေ Mindset နဲ့ စက်မှုဇုန်ထုတ် မဲဆောက်ကားစီမံကိန်း၊ ရေနက်ကွင်း စိုက်ပျိုးရေး၊ ရော်ဘာနဲ့ ကြက်ဆူပင် စီမံကိန်းတွေ လုပ်ပြီး မိမိကိုယ်မိမိ ပြန်လိမ်ပြီး သာယာနေတဲ့ ကာလမှာ အချိန်တွေ ကုန်ဆုံး၊ လူသား အရင်းအမြစ်တွေ ပျက်ပြုန်း၊ စွန့်စားတီထွင် လုပ်ငန်းတွေ ဒို့မသုံး လုပ်လာခဲ့ကြတော့ … ။
ဒေါက်တာစိုးခိုင်
Messenger ဂျာနယ်၊ ဒီဇင်ဘာ ၂၄
…………………………………..…………………………………..……………………
(သရီးဂျီ ဆင်ကပ်/3G Sim Card တခုကို) တစ်သိန်းခွဲ သို့မဟုတ် တစ်သိန်းအောက်ဖြစ်ဖို့ တင်ပြထားပါတယ်။ စက်တွေလည်း တပ်ဆင်နေပါတယ်။ နှစ်ဦးပိုင်းမှာ သေသေချာချာ စမ်းသပ်ပြီးရင် စရောင်းမှာပါ။
ဦးကျော်စိုး၊ ဆက်သွယ်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး
Open News ဂျာနယ်၊ ဒီဇင်ဘာ ၁၉
…………………………………..…………………………………..……………………
၁၉၄၈ ခုနှစ် ဗမာပြည်ကို အင်္ဂလိပ်တွေ စွန့်ခွာသွားကထဲက၊ နိုင်ငံရေးအာဏာ ရခဲ့သူတွေ နိုင်ငံရေးပါး ၀ခဲ့ကြရင် …။ အချင်းချင်း သတ်ကြဖြတ်ကြရတဲ့ ပြည်တွင်းစစ်ကြီးအတွက် ပိုက်ဆံတွေသာ မကုန်ခဲ့ရင် …၊ ဘ၀ရှင်မင်းတရားကြီးများသာ လူထုထဲမှာ ရှိခဲ့ရင် …။ ဆော်သာဆော်ကွ ဆိုတဲ့ နိုင်ငံရေး ဂိုဏ်းဂဏတွေသာ မရှိခဲ့ဖူး ဆိုရင် ….
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)၊ သရော်စာရေးတဲ့စာရေးဆရာ
Open News ဂျာနယ်၊ ဒီဇင်ဘာ ၁၉
…………………………………..…………………………………..……………………
ဟိုတယ်မင်္ဂလာဆောင်ထက် ဘုန်းကြီးကျောင်းမင်္ဂလာဆောင်က ပိုကုန်တယ်။ တပည့်တစ်ယောက် မင်္ဂလာဆောင်အတွက် လိုက်မေးကြည့်တော့ (ရန်ကုန်က) နာမည်ကြီး ဘုန်းကြီးကျောင်းမှာ ဆောင်ရင် ကုန်ကျစရိတ်က သိန်းနှစ်ဆယ်အထက်ဗျ။ ဒါကြောင့် ဘုန်းကြီးကျောင်း ဆောင်တယ် ဆိုပြီး နှာခေါင်း မရှုံ့ကြပါနဲ့။ အထင်မသေးကြပါနဲ့။
မာဂျေ၊ သရော်စာရေးတဲ့စာရေးဆရာ
ဧရာဝတီ ဂျာနယ်၊ ဒီဇင်ဘာ ၇
…………………………………..…………………………………..……………………
ကျောင်းပြီးလျှင် ကျူရှင်၊ ကျူရှင်ပြီးလျှင် ကလေး သဘာဝအရ ဆော့ကစားချိန် ရပြီဟု ထင်ခဲ့မိသော်လည်း တချို့ကလေးငယ်များမှာ ကျူရှင်ပြီးလျှင် နောက်ထပ် သင်ကြားမှုပုံစံတစ်ခုက အဆင်သင့်အောင် စောင့်ဆိုင်းနေသည် … ထိုအရာကိုကား ခေတ်ရဲ့ အခေါ်အဝေါ်အရ ဂိုက်လို့ ခေါ်ကြသည်။
စုပြည့်၊ ဆောင်းပါးရှင်
The Flower News ဂျာနယ်၊ ဒီဇင်ဘာ ၎
…………………………………..…………………………………..……………………
(ပြည့်တန်ဆာလုပ်ငန်း) လိုင်စင်ထုတ်ပေးရင် ကောင်းတာပေါ့။ အခုဆိုရင် ရဲကို ကြောက်နေရတယ်။ လိုင်းကြေးလည်း ပေးရသေးတယ်။
လိင်လုပ်သားတစ်ဦး၊ ရန်ကုန်
Messenger ဂျာနယ်၊ ဒီဇင်ဘာ ၂၄
…………………………………..…………………………………..……………………
ကျွန်တော်တို့က ဘာပဲပြောပြော ပေါ်ပင်ပေါ့၊ ဟော့ရှော့ပေါ့၊ Brand တွေ အဓိက မထားပါဘူး။ Brand တွေက အရမ်းဈေးကြီးတယ်။ ပြီးတော့ အနုပညာရှင်တွေအတွက် တွက်ခြေကိုက်မှု သိပ်မရှိသေးပါဘူး။ တစ်ခါတစ်လေကျတော့လည်း Brand ၀တ်ထားပေမယ့် Brand မှန်း သိတဲ့ လူတန်းစားက တော်တော်လေး ရှားပါသေးတယ်။ ကျွန်တော်တို့ တိုင်းပြည်က တော်တော်လေး ရှားပါသေးတယ်။
ရာဇာနေ၀င်း
7Day Shopping Guide ဒီဇင်ဘာ ၁၀
…………………………………..…………………………………..……………………
အဆောင်ဖွင့်ရတဲ့ရည်ရွယ်ချက်က အဆောင်နေသူ မိန်းကလေးတွေ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့နဲ့ ပတ်ဝန်းကျင်က အထင်မြင်သေးတဲ့ မျက်လုံးနဲ့ အကြည့်မခံရဖို့အတွက် အဓိက ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဆောင် စစဖွင့်ချင်းက စည်းကမ်းချက် ၇ ခုလောက်သာ ရှိပေမဲ့ နောက်ပိုင်း လိုအပ်ချက်အရ စည်းကမ်းချက် ၃၁ ခုထိ ဖြစ်သွားပြီလို့ ပြောပါတယ်။
ဦးလှမင်း၊ ပန်းခင်း ဘော်ဒါဆောင် အုပ်ချုပ်ရေးအဖွဲ့
အခွင့်အလမ်း ဂျာနယ်၊ ဒီဇင်ဘာ ၁၁
…………………………………………………………………………………………….
ကွန်ပျူတာတက္ကသိုလ်ဆင်း ကျောင်းသားတစ်ဦးနှင့် ခင်မင်ခဲ့ဖူးသည်။ ကလေးမှာ လိုချင်စိတ်ရှိသော်လည်း ဖြတ်သန်းခဲ့ရသော ပညာရေးစနစ်ကြောင့် ၀မ်းစာမပြည့်ရှာပေ။ ကွန်ပျူတာပုံးအခွံတွင် သုံးသည့် ၀က်အူ အမျိုးအစားတွင် Philips, Star တို့ အပြင် Torx ဆိုသည့် ၀က်အူရှိတတ်ကြောင်းကိုလည်း သူမသိ၊ Pentium Dual Core နှင့် Core 2 Dou တို့အကြားက ကွာခြားချက်ကိုလည်း သူမသိ။ ရင်လေးဖွယ်ကောင်းလှသည်။ စာတွေ့၊ လက်တွေ့ နည်းနေသော ဘ၀၊ ကွန်ပျူခန်း ဆိုသည်မှာ သော့နှစ်ထပ် ခတ်ထားရတာ ဆိုသည့် ဘ၀များ အဆင့်မြင့်လာစေဖို့ အမှန်တကယ် ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် အချိန်တန်နေပြီဖြစ်သည်။
Digital Life အယ်ဒီတာ့အာဘော်
Digital Life ဂျာနယ်၊ ဒီဇင်ဘာ ၁၀
…………………………………..…………………………………..……………………
အစိုးရကော NGO ကော ပိုက်ဆံတောင်းခံတာ အတူတူပဲ။ တောင်းပုံတောင်းနည်း မတူဘူး။ အစိုးရက အခွန်ကောက်တယ်။ NGO ကတော့ အလှူရှင်တွေဆီက တောင်းတယ်။
ဒေါက်တာအောင်ထွန်းသက်၊ စီးပွားရေးပညာရှင်
ICT ဂျာနယ်၊ ဒီဇင်ဘာ ၂
…………………………………..…………………………………..……………………
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်က လျှော့လည်း မလျှော့ဘူး ….၊ ကာကွယ်ရေးက တကယ်ကို ဒေသရန်ကို ကာကွယ်နေတာ မဟုတ်ဘူး။ အချင်းချင်းကို သတ်ဖြတ်နေတာတွေအတွက် ကုန်ကျနေတာပေါ့။ … လက်ရှိမှာ ကေအိုင်အေကော တပ်မတော်ကကော သေကျေကြတယ်။
ဒေသခံ (မိသားစုတွေ) သေကျေကြတယ်။ တချို့အောက်ပိုင်းကလာတဲ့မိသားစုတွေ ပါတယ်။ ဒီဟာက ကောင်းတဲ့သမိုင်း မဟုတ်တော့ဘူး။ ကောင်းတဲ့သမိုင်း မဟုတ်တဲ့ နေရာမှာ သုံးတဲ့ ဘတ်ဂျက်ဟာက ကောင်းတဲ့ဘတ်ဂျက် မဟုတ်တော့ဘူး။ ကချင်ပြည်နယ် တစ်ခုတည်းတင် မကဘူး. မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိတဲ့ သားသမီးတွေ ကျရှုံးကြရတယ်။ ဒါကြောင့် ဒီဘတ်ဂျက်က ကျွန်တော်တို့အတွက် လုံးဝ ဆုံးရှုံးရတာပဲ။
ဦးဂျေယောဝူ၊ အထက်လွှတ်တော်အမတ်
မဇ္ဈိမဂျာနယ်၊ ဒီဇင်ဘာ ၁၈
…………………………………..…………………………………..……………………