မှတ်စုမှတ်တမ်း အုန်းနိုင် ဖြစ်ရပ်များ၊ အမှတ်တရများ

ရေးခဲ့မိသော မှတ်တမ်းများ (၇)

အုန်းနိုင်
ဒီဇင်ဘာ ၂၄၊ ၂၀၁၂
  ● ဦးအောင်ကြီးနဲ့  လမ်းခွဲခြင်း

ကျနော်တို့နှစ်ယောက်လည်း တခြားသူတွေနဲတွေ့ခဲ့စဉ်ကလိုပါပဲ ဦးအောင်ကြီးပြောစကားတွေကို သေချာလိုက်မှတ်ထားရပါတယ်။ ဒါမှ  ကိုယ့်နယ်ပြန်ရောက်ရင် အခြေအနေတွေကိုပြန်ပြောနိုင်မှာမို့လား။

ဦးအောင်ကြီးက “ငါခွင့်ယူပြီး စည်းရုံးရေးလုပ်တာ အပြစ်ပြောတယ်။ ဒါ နိုင်ငံရေးပရိယါယ်ကွ။ ခွင့်ယူပြီး မေမြို့ မှာနားချင်တယ်လို့ စစ်တပ်ကိုပြောတော့ စစ်တပ်ကဓာတ်ဆီတစ်ပေပါရတယ်။ ကြုံကြိုက်ရင် တပ်နဲ့ ကျောင်းသား နားလည်မှုလွဲတာလေးတွေဖြေရှင်းပေးမယ်ပြောပြီး မန္တလေးတက်တယ်။ ငါအစည်းအဝေးတရာကျော်လုပ်ခဲ့တယ်။ လူငါး ဆယ်တွေဘာတွေဂရုမစိုက်ဘူး။ လူနှစ်ထောင်သုံးထောင် အစည်းအဝေးတွေလုပ်တယ် စစ်တပ်နဲ့စကားများတယ်။ ငြိမ်ပိကို ဆိုင်းဘုတ် တင်ဖို့ ခွင့်တောင်းမနေဘူး။

ငါကိုယ်တိုင် ဆိုင်းဘုတ်ဆယ်ခု ဆယ့်ငါးခုဇွတ်တင်ခဲ့တယ်။ ကြောက်တဲ့နေရာတွေမှာ ငါကစစ်တပ်ကိုဆဲဆို ပြောလို့ လူတွေရဲလာတယ်။ ဖမ်းထားတဲ့သူတွေလွှတ်ပေးတယ်။ ငါအဲဒီလိုလုပ်တာကို အဖွဲ့ချုပ်ဌာနချုပ်က ငါ့ကို  အခွင့်မရှိပဲ လုပ်တယ်။ အဖွဲ့ချုပ်ကို ပြန်ပြီးအစီရင်ခံစာမတင်ဘူး။ ဘာဘူးပြောတယ်။ မနေ့တနေ့ကမှ နိုင်ငံရေးလာလုပ်တဲ့ နို့နံ့တောင်မစင်သေးတဲ့သူတွေဆီ  ငါက အစီရင်ခံရမလား။ ငါအလကားလုပ်နေတာမဟုတ်ဘူး။ အဖွဲ့ချုပ်စည်းရုံးရေးလုပ်နေတာ။ ဒါကို စစ်တပ်က တပ်မှူးဟောင်းတွေ ငတုံး တွေကလည်း နိုင်ငံရေးနားမလည်ဘဲနဲ့ ငါ့ကိုပြောတယ်။ နိုင်ငံရေးဆိုတာ ပရိယာယ်ရှိရတယ်။ အနားယူရအောင်သွားတယ်ဆိုပြီး စည်းရုံးရေး  လုပ်တော့ရော ဘာပြုလဲ။ တို့အဖွဲ့ထဲကို ဘယ်တုံးကမှလူရာမ၀င်တဲ့ကွန်မြူနစ်သူတောင်းစားတွေက တို့ရွှေထီးရိပ်ကိုခိုပြီး ငါ့ကို ဘာလေး ညာလေးပြောတယ်။ ငါက ဘာလို့သူ့အမေလင်တွေဆီ အစီရင်ခံစာ တင်နေရမှာလည်း။ ကျောင်းသားတွေတောခိုအောင် မြှောက်ပေးထား ပြီးတော့ သူတို့ဘယ်သူပြန်ခေါ်နိုင်လဲ။ ငါ မြ၀တီကို လူလွှတ်ခေါ်လို့ တချို့ပြန်လာတယ်။

ကျောင်းသားသုံးထောင်လောက် လက်နက်ကိုင် တိုက်တော့ ဘာဖြစ်မလဲ။ မဲသဝေါဘာညာပြောနေတာ။ ဖားအံသိမ်းနိုင်သလား။ ကျောင်းသားသုံထောင်မကဘူး။ တသောင်းဖြစ်လည်း  မနိုင်ဘူးကွ။ တို့က ရွေးကောက်ပွဲနည်းနဲ့ဖြုတ်ချရမှာ။ ဟိုအရင်က ကွန်မြူနစ်တွေ တပြည်လုံးသိမ်းထားတာတောင်တို့ လဲဗီးတို့၊ ယူအမ်ပီ  တို့နဲ့ပြန်ချတာ။ အေး..အဲဒါဘဲ။ ကွန်မြူနစ်ဆိုတဲ့ကောင်တွေက အခုအဖွဲ့ ညချုပ်ထဲဝင်လာပြီး  ရောက်တဲ့နေရာတွေမှာ သူတို့အမာခံဆဲ(လ်)  (cell) တွေ ဖွဲ့တယ်ကွ။ တဖြည်းဖြည်းမျိုမှာ။ ငါမခံနိုင်ဘူး။ ငါကတော့ သုညကဘဲ ပြန်စမယ်။ ကွန်မြူနစ်ဆန့်ကျင်ရေးပဲ။ သူတို့က အရင်က ကွန်မြူနစ်ဖြစ်ဖူးတယ်။ အခု မဟုတ်တော့ပါဘူးတဲ့။ ကွန်မြူနစ်ဆိုတာ (Once a communist is always communist) တခါဖြစ်ဖူးသွားရင် အမြဲကွန်မြူနစ်ပဲ။ အဲဘယ်ကောင် ကွန်မြူနစ်ကပြောင်းသွားတယ် ပြောင်းမသွားဘူး။ ငါအသိဆုံးပေါ့ကွ။ ငါက တသက်လုံးကွန်မြူနစ်တိုက် လာတာ” တောက်လျှောက် မတ်တပ်ရပ်ပြီး ပြောတာပါ။ လက်ကတော့ စားပွဲပေါ်က  ဟိုစာရွက်ကိုင်လိုက် ဒီစာရွက်ကိုင်လိုက်။ ကျနော်တင် ထားတဲ့ ဆေးပြင်းလိပ်တိုကလေးကိုင်မိတော့ လွှင့်ပစ်တယ်။ ကြားဖြတ်မေးလို့ကို မရဘူး။ နဲနဲ စကားပြတ်တယ်ထင်လို့ မေးမယ်ပြင်ရင် ပြန် ဆက်ပြန်တာပဲ။ ကြားထဲမှာ ကျနော်မေးချင်တာလေးတွေရှိပါတယ်။ တပ်က  ဓာတ်ဆီတစ်ပေပါရတယ်ဆိုတာ အလကားရတာလား။ ထုတ် ဈေးနဲ့ရောင်းတာလား။ ကျောင်းသားသုံးထောင်မပြောနဲ့ တစ်သောင်းလက်နက်ကိုင်တော့ ဘာဖြစ်မှာလဲလို့ သူကပြောတော့။ အခု  ရှစ်လေး လုံးအရေးတော်ပုံကြီးဟာ ဒီကျောင်းသားတစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်ကစခဲ့တာ  မဟုတ်ဖူးလားဆိုတာမျိုးတွေ ပြန်မေးချင်တာပါ။

ဒါပေမယ့် ကျနော်ပါးစပ်ဟလို့ အသံထွက်လိုက်ရင် သူကလက်ကာပြီး ဆက်ပြန်တော့တာပဲ။ အခုလဲ ဆက်ပြန်တယ်။ “ အောင်လွင်ဆိုတဲ့ ကောင်က ဘာနိင်ငံရေးရှိလို့လဲ။ ပဲ။ မိုးသူဆိုတာ ဘာအကျင့်စာရိတ္တမှမရှိဘူး။ မင်းတို့ ရန်ကုန်မြို့ထဲ လိုက်မေး။ အေး..တို့ကတော့ စာရိတ္တ ပြည့်ပြည့်၀၀နဲ့ လုပ်တယ်။ သုညက စလုပ်မယ်။ အခု ဟိုလူငွေတစ်ထောင်၊ ဒီလူက နှစ်ထောင်၊ ငါကနှစ်သောင်းထည့်ပြီး ပြူးဝါး(Pure) ဘဲ။ သူတို့ရံပုံငွေက တရုတ်တန်းက ငါးသိန်း၊ ကုလားမှောင်ခိုတကောင် ကတစ်သိန်း၊ ဒါတွေက စစ်လိုက်ရင်ဒုက္ခရောက်မှာ။ မောင်ကိုယုဆိုတာ ဘာနိုင်ငံရေးခေါင်းဆောင်မှ မဟုတ်ဖူး။ ဒီကောင် အရွေးခံရင်တရုတ်တန်းက သွားအရွေးခံမဲ့ကောင်။ အခုနိုင်ငံရေးက  ကျောင်းသားလည်း မလိုတော့ဘူးကွ။ အခုမုဖ်မင့် (Movement) ပြန်လုပ်လို့မရတော့ဘူးကွ။ နိုင်ငံရေး အတက်အကျအရ  အတက်ဆုံးရောက်ပြီးသွားပြီ။ အခု နိုင်ငံရေးက နိမ့်နေတယ်။ ဒီအချိန်မှာ လူကြီးတွေ လုပ်ရဲတဲ့သူတွေနဲ့လုပ်ရမှာ။ ငါ့ကို ဘယ်သူမှမဖမ်းရဲဘူး။ ဦးနေ၀င်းကပဲ ဖမ်းရင်ဖမ်းမယ်။ ငါက ဒီအထဲမှာ ရဲရဲလုပ်ရဲတယ်။ အောင်ဆန်းစုကြည်တို့ သွားသလို ဟိုငြိမ်ပိအကြောင်းကြား။ ဒီငြိမ်ပိအကြောင်းကြား လုပ်စရာမလိုဘူး။ ငါ့ ကားနဲ့ ဆယ့်ရှစ်ရက် နယ်လှည့်စည်းရုံးခဲ့တာ ငါ့စရိတ်နဲ့ငါ။ ဘယ်အဖွဲ့ချုပ်စရိတ်မှ မယူဘူး။ မင်းသမီးဘုရားဖူးထွက်သလို  အလှပြထွက်တာ  မဟုတ်ဘူးကွ” “ စစ်မှူးကြီးဟောင်းဆိုတဲ့ကောင်တွေ ငါစာတွေဝေတုန်းက ဒီကောင်တွေဖတ်ပြီး ထောက်ခံရဲတာမဟုတ်ဘူး။ ဟိုဖွက်ဒီဖွက် နဲ့။ စစ်အုပ်ချုပ်ရေးသိမ်းတော့မှ သတ္တိရှိလာတဲ့ကောင်တွေ။ အောင်ဆန်းစုကြည်လည်း (၂၆) ရက်နေ့မှ လူထုအစည်းအဝေးကြီးလုပ်တာ။ လူသုံးသိန်းကျော် တက်တယ်။ အဲဒီတုန်းက သူ့အနားမှာ ကွန်မြူနစ်မဟုတ်တဲ့ကောင် ဘယ်ကောင်ပါသလဲ။ အခမ်းအနားမှူးလုပ်တဲ့ မင်း သားထွန်းဝေဆိုတာ ကွန်မြူနစ်သိန်းဖေ တပည့်။ သိန်းဖေတရုတ်ပြည်က  ခေါ်လာတဲ့ကောင်။ စင်ပေါ်မှာ ထိပ်ပြောင်ပြောင်နဲ့  သွားလာနေတဲ့ ကောင်က သခင်တင်မြ။ အောင်ဆန်းစုကြည်က သူ့ကို အဖွဲ့ချုပ်ထဲသွင်းလာသေးတာ။ ငါလုံးဝ လက်မခံလို့။ ဒီအစည်းအဝေးမှာ ကွန်မြူနစ် မဟုတ်တဲ့ကောင် တကောင်မှမပါဘူး။ အောင်ဆန်းစုကြည်ကို စင်ပေါ်တင်ပေးလိုက်ပြီး ထမိန်ရိပ်ခိုလိုက်လာတာ” “အေး..မင်းတို့က  ပေါင်း တည်ကဆိုတော့ ဟိုကျ ပြန်ပြီးဆွေးနွေး၊ ဆုံးဖြတ်လုပ်ပေါ့ကွာ။ မင်းတို့ အဖွဲ့ချုပ်ပဲ  ဆက်လုပ်မယ်ဆိုရင်တော့ ရှင်းရှင်းလုပ်၊ ငါကတော့ ငါ့ မြို့ ဘဲ။ ငါလာထောင်မှာဘဲ။ ဟိုလိုလို ဒီလိုလိုတော့ မလုပ်နဲ့။ ဒါဘဲ။ အပေါ်မှာ ငါ့ကို ကျောင်းသားတွေ စောင့်နေတယ်” ဆိုပြီး ပြန်လှည့်မှပဲ စစချင်း သူ့လူတယောက်လာပေးထားတဲ့ စာရွက်တွေကိုပြပြီး ဒီစာတွေကိုယူသွားပြီးဖြန့်လို့ ရမလားဆိုတော့မှ စာရွက်တွေယူကြည့်ပြီး အေး.. အေး ဖြန့်ချင်လည်း ဖြန့်ပေါ့ကွာလို့ ပြောပြီး လှည့်ထွက်သွားပါတယ်။

ကျနော်တို့နှစ်ယောက်လည်း နောက်နေ့ရထားလက်မှတ်ယူပြီးသားမို့ ဘူတာမှာတွေ့ကြမယ်ဆိုပြီး လူချင်းခွဲလာတယ်။ အိမ်ကျတော့ တွေ့ ခဲ့တဲ့လူတွေနဲ့ ပြောတာဆိုတာတွေကို ထုံးစံအတိုင်း မှတ်မိသလောက်ပြန်ရေးတယ်။ နောက်နေ့ ရထားပေါ်ကျမှ ဦးအေးသန်းကို  ပေးဖတ်ပြီး လိုတိုးပိုလျှော့ လုပ်ရမယ်။ အဓိကကျတဲ့ အချက်တွေထဲက ကျန်နေတာရှိရင် ဖြည့်စွက်၊ ဖျက်စရာရှိလည်းဖျက်ဆိုတော့ ဦးအေးသန်းက  ဖတ်ကြည့်ပြီး ဦးအောင်ကြီးပြောတာတွေမှာ ရိုင်းရိုင်းစိုင်းစိုင်း သုံးထားတာတွေပါနေတယ်။ ဒါတွေ ချန်ပစ်ခဲ့ရင်ကောင်းမယ်လို့ ပြောပါတယ်။ ကျနော်က ”ဒီလိုလုပ်ကွာ။ ဒါတွေကို ကွင်းကွင်းထားလိုက်။ ဒါပေမယ့် သူမပြောပဲနဲ့ ငါက အပိုထည့်ထားတာဆိုရင်တော့ ခြစ်ပစ်လိုက်”လို့ ပြောလိုက်တယ်။ သူလည်း ဘောပင်ထုတ်ပြီး ပြန်ဖတ်တယ်။ ပြီးတော့ ပြောပြန်တယ်။ ဒီစကားလုံးတွေက သူတကယ်ပြောခဲ့တာတွေဘဲ။ အပိုထည့်ထားတာ မပါဘူး။ သူ့အသုံးအနှုန်းတွေဖတ်ရတော့လည်း သူ့သဘောကို ပိုပြီးသိရတာပေါ့။ အသံနေအသံထားပါသိရအောင်  ကက်ဆက်နဲ့ဖမ်းထားရရင် ပိုကောင်းမှာလို့ပြောပြန်ပါတယ်။ ဒီစာကို နှစ်ဦးသဘောတူပြီမို့ ပေါင်းတည်ကော်မတီမှာ တင်ပြဖို့အတည်ပြုပါ တယ်။

ရောက်ပြီးနောက်တနေ့မှာ ကော်မတီအစည်းအဝေးခေါ်ပါတယ်။ ပျက်ကွက်သူမရှိပါ။ ကော်မတီစုံညီ တက်ပါတယ်။ အစည်းအဝေးမစခင်    စောစောရောက်နှင့်သူတွေကို ကျနော်တို့နှစ်ဦးသဘောတူ အတည်ပြုထားတဲ့မှတ်တမ်းကို ပေးပြီးဖတ်စေပါတယ်။ လူစုံလို့အစည်းအဝေး စတော့ ဒီမှတ်တမ်းကိုဖတ်ပြပြီး ခဏဆွေးနွေး။ မေးစရာရှိတာ မေးပြီးရင် မဲခွဲမယ်ဆိုတော့။ ဦးအောင်ကြီးရဲ့အမျိုး ဦးမြမောင်က မဲခွဲစရာမ လိုပါဘူး။ ဆုံးဖြတ်ချက်ကြပြီးသားပါလို့ ပြောပါတယ်။ ဒီမိုကရေစီနည်းကျအောင်တော့ လုပ်ရမှာပဲဆိုပြီး တံဆိပ်တုံးရိုက်ထားတဲ့ နှစ်လက်မ ပတ်လည်လောက် စာရွက် တရွက်စီဝေပေးပါတယ်။ စာရွက်ထဲမှာ ဦးအောင်ကြီး (သို့) အဖွဲ့ချုပ်လို့တခုခုကို ရွေးပြီးရေးပါ။ ဦးအောင်ကြီး မဲများရင် ဒီရုံးနဲ့ပရိဘောဂကို ဦးအောင်ကြီးအဖွဲ့ကို အပ်ခဲ့ရမယ်။ အဖွဲ့ချုပ်ကမဲများရင် ဦးအောင်ကြီးရဲ့လူများက နှုတ်ထွက်လွှာတင်ပြီး တ ခြားမှာသွားပြီး အဖွဲ့ခွဲထောင်ပါ။ အားလုံးနားလည်ပြီဆိုရင် စာရွက်မှာရေးပြီး အလယ်မှာချထားတဲ့ဖလားထဲကို စာရွက်တွေထည့်ပါတယ်။ ဖလားထဲမှာ စာရွက်(၂၂) ရွက် ပြည့်ပြီဆိုတော့မှ ဦးအောင်ကြီးဆွေမျိုးဦးမြမောင်နဲ့ ဦးဌေးလွင်ကို မဲရေတွက်စေပါတယ်။ ဦးအောင်ကြီးလို့ ရေးထားတဲ့စာရွက် တရွက်မျှမရပါ။ (၂၂) ရွက်စလုံး အဖွဲ့ချုပ်လို့ပဲ ရေးပါတယ်။ အားလုံး မှတ်တမ်းတင်ပြီးတော့ ကော်မတီဝင်လူငယ် တ ယောက်က နောက်ဖက်အခန်းထဲက ဦးအောင်ကြီးပုံတူ ပိတ်ကားကြီးကိုထုတ်လာပြီး ဘရိတ်ဒါးနဲ့ ထိုးခွဲလိုက်ပါတယ်။ ဟယ်..သူ့ အမျိုးတွေ ပြန်ပေးလိုက်ပါလို့ ပြောတာတောင်မရပါ။ အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပြီး လက်ခုတ်ဝိုင်းတီးလိုက်ကြပါတယ်။

နောက်နှစ်ရက်လောက်ကြာတော့မှ  ဦးအောင်ကြီးနှုတ်ထွက်တဲ့ကိစ္စ မှတ်တမ်းစာအုပ်ထွက်လာပါတယ်။ ဒီစာအုပ်မှာတော့ (၂၅.၁၁.၈၈) မှာ ဦးအောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဆီပေးတဲ့စာ၊ ဦးအောင်ကြီးရဲ့အရေးပေါ် သုံးသပ်ချက်၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့မှ ဒေါ် အောင်ဆန်းစုကြည်သို့ပေးစာ၊ စွပ်စွဲခြင်းဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း။ (၂.၁၂.၈၈)ရက်စွဲပါ  ဒေါ်အောင်ဆန်းစုကြည်မှ ဦးအောင်ကြီး သို့ပေးစာ။ (၂.၁၂.၈၈) နေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဦးဝင်းတင်၏တင်ပြချက်၊ (၃.၁၂.၈၈) နေ့ ဗဟိုဦးစီးအဖွဲ့တွင်  ဦး အောင်ကြီး၏စွပ်စွဲချက်၊ စွပ်စွဲခံရသူ ဒေါ်မြင့်မြင့်ခင်၏ဖြေရှင်းချက်အကျဉ်း၊ ဦးမိုးသူ၏ဖြေရှင်းချက်၊  ဦီးကိုယု ၏ဖြေရှင်းချက်အကျဉ်း၊ ဦးတင် ရွှေ (မုံရွာ)၏ဖြေရှင်းချက်အကျဉ်း၊ ဦးထွန်းတင်၏ဖြေရှင်းချက်အကျဉ်း၊ ဦးအောင်လွင်ကိုယ်စား ဦးမိုးသူ၏ဖြေရှင်းချက်၊ ဦးချမ်းအေး၏ဖြေ ရှင်းချက်အကျဉ်း၊ အမျိုဒသားဒီမိုကရေစီ အဖွဲ့ချုပ်သတင်းကြေညာချက်(၄)။ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့က အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ ဦးအောင်ကြီးနှုတ်ထွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ ပါဝင်ပါတယ်။ အဲဒီစာအုပ်ထွက်တော့  ပိုရှင်းသွားတာပေါ့။
+++++

● ဗဟိုအလုပ်အမှုဆောင်သစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်သစ်မှာ ဦးအောင်ကြီးဘက်ကလေးယောက်ထဲက ဦးကြည်မောင်ကျန်ခဲ့ပါတယ်။ သူ တို့အတော်ကြာလက်တွဲခဲ့ကြတဲ့ တကယ့်မိတ်ဆွေကြီးများ လမ်းခွဲခဲ့တာပါဘဲ။ ကျန်တဲ့ ဦးအောင်ကြီးအဖွဲ့ဝင်တွေကတော့ ဦးအောင်ကြီးနဲ့ ပါသွားပြီး ပြည်ထောင်စုအမျိုးသားများပါတီကို ဖွဲ့စည်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုတော့ အောက်ပါပုဂ္ဂိုလ်များနဲ့ ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။
၁။ ဦးတင်ဦး                        ဥက္ကဌ
၂။ ဒေါ်အောင်ဆန်းစုကြည်      အထွေထွေ အတွင်းရေးမှူး
၃။ ဦးဝင်းတင်                     အတွင်းရေးမှူး
၎။ ဦးချစ်ခိုင်                       အတွင်းရေးမှူး
၅။ ဦးအောင်ရွှေ                  စည်းရုံးရေးမှူး
၆။ ဦးကြည်မောင်               သုတေသနဌာနမှူး
၇။ ဦးလွင်                        ဘဏ္ဍာရေးမှူး
၈။ ဒေါ်မြင့် မြင့် ခင်            လူထုလုပ်ငန်းဌာနမှူး
၉။ ဦးအောင်လွင်              ပြန်ကြားရေး ဌာနမှူး

ဗဟိုဦးစီး  အဖွဲ့   (စီစီ)
၁၀။ ဦးလွန်းတင်
၁၁။ ဦးထွန်းတင်
၁၂။ ဦးလှမော်
၁၃။ ဦးသော်က
၁၄။ ဦးရွှေ
၁၅။ ဦးကိုယု
၁၆။ ဦးမျိုးအောင်
၁၇။ ဦးမိုးသူ
၁၈။ ဦးအောင်ပွင့် 
၁၉။ ဦးချမ်းအေး
၂၀။ ဦးလှဖေ
၂၁။ ဒေါက်တာတင်မျိုးဝင်း
၂၂။ ဦးစိုးသိမ်း
၂၃။ ဒေါက်တာသက်မင်း
၂၄။ ဦးတင်အေး
၂၅။ ဦးဝင်းခက်
၂၆။ ဦးတင်ဦး
၂၇။ ဦးတင်ရွှေ
၂၈။ ဦးသန်းထွန်း
၂၉။ ဦးခင်မောင်ဆွေ တို့ပါဝင်ပါတယ်။

မျိုးချစ်ရဲဘော်ဟောင်းက စီစီအဟောင်းလေးယောက်သာ ပြန်ပါလာပြီး။ ဦးသောင်းဒန်၊ ဦးစောမြင့်၊ ဦးအေးမောင်၊ ဗိုလ်ရဲထွဋ်၊ ဦးချိန်ပိုး၊ ဦးလှမောင်တို့ ခြောက်ယောက်ကို လူစားလဲလိုက်ပါတယ်။ ဦးအောင်ကြီးနဲ့ကွဲပြီးချိန်မှာ ဒီလိုလူစားလဲ တာရှိတော့ ဦးအောင်ကြီးနဲ့ သံယောဇဉ်မကင်းလို့လားလို့ ထင်စရာဖြစ်လာပါတယ်။ တခြားသူတွေတော့ မသိဘူး။ ဦးစောမြင့်ကတော့ သူ ထုတ်ဝေနေတဲ့ မဂ္ဂဇင်းကို ဖိအားပေးလာလို့ ထွက်လိုက်ရတယ်လို့ သတင်းထွက်လာပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

One thought on “ရေးခဲ့မိသော မှတ်တမ်းများ (၇)

Comments are closed.