ကဗျာ

ရန်ငါ စည်းခြားဖို့ ဖြစ်လာခဲ့တယ်

မောင်စိုးချိန်
ဒီဇင်ဘာ ၂၁၊ ၂၀၁၂
ဆာဟာရ သဲကန္တာရ ငါတို့မှာ
စိမ်းမြ စိမ်းလန်း ငြိမ်းချမ်းရေးအပင်တွေ
တပင်မှ ပေါက်မလာခဲ့ဘူး။

ဂိုဘီသဲကန္တာရ ငါတို့မှာ
မြရည်စိုလန်း ဘဝ တိုးတက်ရေး အပင်တွေလဲ
တပင်မှ ပေါက်မလာရဲဘူး ။

လွင်တီးခေါင် ငါတို့ ဘဝထဲ
လွတ်လပ်ခြင်း အမြဲစိမ်းသစ်တော
ဆယ်စုနှစ်များစွာ
တခါဘူးမျှ မထူထပ် မပေါက်ရောက်ခဲ့
ငြိမ်းအေး တည်ငြိမ် အနာဂါတ်မျိုးစေ့
တစေ့တလေတောင်
မပျိုးထောင်နိုင်ခဲ့ ။

မိစ္ဆာက
ဟောဒါတွေကိုပဲ ပျိုးထောင်နေခဲ့
ပြန်လည်ရေတွက်ကြည့်ပါ
ဖိနှိပ်မှု ခုခံစစ်မီးတောင်
လူ့သိက္ခာ ကျဆုံးမှုအတွက်
ဆယ်ယူရေး ခုခံမီးတောင် ။

ခြယ်လှယ်သွေးစုတ်မှုအတွက်
မိစ္ဆာဖက်ဆစ်အား
တိုက်စားချေဖျက်ရေး မုန်တိုင်းတွေ
ဒီရေလှိုင်းသစ် အလိပ်လိပ်
တရိပ်ရိပ် တိုးပွားလာစေခဲ့
မိစ္ဆာရဲ့ ခြေရာ လက်ရာတွေပေါ့ ။

(၂၀၁၂ – လယ်သမား၊ အလုပ်သမား၊ သံဃာတော်များနှင့် ကျောင်းသား လူငယ်တို့၏ လူထုတိုက်ပွဲများသို့ အမှတ်တရ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts