ကဗျာ

ရာဇဝင်တောင်တန်းပေါ်က တော်လဲသံ နံပါတ် ၂၉

မောင်စိုးချိန်
ဒီဇင်ဘာ ၂၀၊ ၂၀၁၂

ဟော ရောက်လာခဲ့ပြန်ပြီ
၂၀၁၂ နိုဝင်္ဘာ ၂၉ တောင်တန်းပေါ်မှာ
စစ်ကျွန် ဖွဲ့စည်းပုံ
စစ်ကျွန်ပြု စစ်လွှတ်တော်က
လူထုလွတ်မြောက်ရေး
ပြည်သူ့ဒီမိုကရေစီ လူ့သိက္ခာ
တပြားသားရအောင် လုပ်မပေးနိုင်ခဲ့
ဖိနှိပ် အနိုင်ကျင့်မှုများကို
အံတု ခုခံရေးတိုက်ပွဲ
အရေးတော်ပုံရဲ့ စိတ်ဓါတ်ဝတ်စုံ
ဝတ်ဆင်လိုက်ကြပေါ့…။

ဖက်ဆစ်မိစ္ဆာက
၂၀၀၈ စစ်ဖွဲ့စည်းပုံ
စာတရွက်လို သယ်လာခဲ့တယ်
၂၀၁၀ စစ်ကျွန်ပြုရေးလွှတ်တော်
သစ်ရွက်တရွက်လို သယ်လာခဲ့
လက်ပတောင်း ကြေးနီတောင်ပေါ်က
သပိတ်စခန်းတွေဆီ သယ်ဆောင်လာ
စစ်ပုလိပ် စစ်လက်နက်တွေ
လူထုချေမှုန်းရေး မီးလောင်ဗုံးတွေ
အကောင်းဆုံး သတ်ကွင်းဖန်တီးထား
တောင်ကုန်းတွေပေါ် ထမ်းတင်ခဲ့ကြလေရဲ့…။

မိစ္ဆာက စစ်ကိုမွေးတယ်
စိုက်ပျိုးထားတဲ့ စစ်ကို ရိတ်သိမ်း
သူတို့ရဲ့ အသီးအပွင့်တွေပေါ့
ကျေးလက်တောင်သူလယ်သမား
ဒုက္ခ သုက္ခ အထုပ်အပိုး တိုးပွား
အသက်သွေးကြော လယ်ယာမြေ ပိုလို့ဆုံးရှုံး
ရဟန်းသံဃာ
သေကောင်ပေါင်းလဲ မီးလောင်ဒဏ်ရာ
သပိတ်စခန်းတွေ ကျိုးကြေပြာကျ
မီးလောင်တိုက်များထဲမှာ…။

မိစ္ဆာနဲ့
ကမ္ဘာ့အစိတ်အပိုင်းတချို့က
ဆွဲဆောင်သိမ်းသွင်း
“ပြုပြင်ပြောင်းလဲရေး”  …  တဲ့
ကောက်ကျစ်မှု သကာရည်ဆမ်း
ရေမွှေးဖြန်းထားတဲ့
ချဉ်စူးပုတ်အက် မစင်ထုတ်ပဲ
ဘာမှ ယုံကြည်စရာမရှိ
လူထုနဲ့ သပိတ်တပ်သား
တိုက်ပွဲကိုပဲ ယုံကြည် ဝတ်ပြုခဲ့ကြ
ငါဆိုရင် တိုက်ပွဲကို ဆည်းကပ်ကိုးကွယ်ခဲ့တယ်
တိုက်ပွဲလူထုအား
ဦးညွှတ်ဝတ်တွားခဲ့ပေါ့…။

တိုက်ပွဲက စိုက်ပျိုး
အောင်သီးအောင်နှံ လွတ်လပ်မှု
တိုက်ပွဲက ရိတ်သိမ်းတဲ့လက်
တပ်ဆင်ပေးလိမ့်မယ်
တိုက်ပွဲက ယာယီ ရှုံးနိမ့် ကျဆုံးမှု
ဘာမှုစရာလဲ သမိုင်းထဲမှာ ရှိခဲ့ပေါ့…။

တိုက်ပွဲစိတ်ဓါတ် အတွေးအခေါ်အလင်း
ကျဆုံးခြင်းသာ
တိုက်ပွဲကျဆုံးခြင်းမည်တယ်…။

ပသို့ဖြစ်စေ
သစ္စာကိုချစ် လွတ်လပ်မှုကိုချစ်
တုနှိုင်းမဲ့ အချစ်က
တိုက်ပွဲကို ထုဆစ်
တိုက်ပွဲ အသစ်များ မွေးဖွားလာစေ
မြစ်မရေစီး အလျင်အတိုင်းပဲပေါ့…။

အသင်လက်ပတောင်းတောင်တန်းရဲ့
အံ့မခန်းတဲ့
ရာဇဝင်ရေးဟစ်ကြွေးသံ
ငလျင်တော်လဲသံ
စကြ်ာဝဠာတံတိုင်းအထပ်ထပ်
ပဲ့တင်ထပ်ခဲ့လေရဲ့…။

စစ်အာဏာရှင်စံနစ် ဖျက်သိမ်းပစ်
၂၀၀၈ စစ်ဖွဲ့စည်းပုံသစ် ၊မီးရှို့ ပစ်
ရိုက်ချိုးပစ်၊ နင်းခြေပစ်ကြ
စစ်ကျွန်ပြုရေးလွတ်တော်
မီးရှို့ ပစ်၊ပြာချပစ်
စစ်မိစ္ဆာကောင်တွေ ကျဆုံးပါစေ
တိုက်ပွဲစိတ်ဓါတ် ပျိုးထောင်ကြ
တိုက်ပွဲ အတွေးအခေါ် ခိုင်ကျည်ကြ
တိုက်ပွဲလူထု အင်အားစုကြ
စုစည်းအင်အား သံမဏိသား
ကျောက်သားကျစ်လစ် အင်အားဖြစ်လာ
အောင်ပွဲများစွာ ရိတ်သိမ်းကြဟေ့……။

မောင်စိုးချိန်
ဒီဇင်္ဘာ ၂ ၊ ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts