မှတ်စုမှတ်တမ်း အခန်းဆက်များ အုန်းနိုင် ဖြစ်ရပ်များ၊ အမှတ်တရများ

ရေးခဲ့မိသောမှတ်တမ်းများ (၄)

အုန်းနိုင်
ဒီဇင်ဘာ ၁၈၊ ၂၀၁၂

● ပေါင်းတည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဆိုင်းဘုတ်တင်ပြီ
ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး နောက်တနေ့မှာပဲ အဖွဲ့ရဲ့ဆိုင်းဘုတ်တင်ခွင့်ရပါတယ်။ ဒါကြောင့်  (၁.၁၁.၈၈) နေ့မှာ  ပေါင်းတည် မြို့အုပ်ဖို (၁) ရပ်ကွက် ၃၇ လမ်းက ဦးအောင်ရှိန်၊ ဒေါ်အေးကြည်တို့ရဲ့  အိမ်တခြမ်းမှာ ရုံးခန်းဖွင့်ပြီး  ဆိုင်းဘုတ်တင်ပွဲလုပ်ပါတယ်။ အဲဒီ အချိန်က အဖွဲ့ ဝင်စုဆောင်းရေးကော်မတီ (ယာယီ) က ….
၁။ ဦးစိုင်းနေညွန့်     ကုန်သည်
၂။ ဦးအေးသန်း       ကုန်သည်
၃။ ဦးခင်မောင်ဇော်    ရှေ့ နေ
၎။ ဦးမြင့် စိုး            ငြိမ်း ပြန်/သံ
၅။ ဦးသိန်းလွင်         ပန်းချီဆရာ
၆။ ဦးသန်းထွန်း        ကုန်သည်
၇။ ဦးတင်ဦး           ကုန်သည်
၈။ ဦးဌေးလွင်         ရှေ့ နေ
၉။ ဦးဌေးလွင်        ကျူရှင်ဆရာ
၁၀။ ဦးဖေမြင့်       ကုန်သည်
၁၁။ ဦးတင်ထွဋ်    ကုန်သည်
၁၂။ ဦးအောင်မိုးမြင့်  အင်ဂျင်နီယာ
၁၃။ ဦးအုန်းနိုင်      ငြိမ်းကျောင်းဆရာ
၁၄။ ဦးအောင်တင်  တွင်ခုံ
၁၅။ ဦးတင်အောင်   ကုန်သည်
၁၆။ ဦးဝင်းနိုင်ဦး    ကျောင်းသား
၁၇။ ဦးသိန်း   ဆန်စက်ပိုင်ရှင်
၁၈။ ဦးခင်ထွန်း   ကုန်သည်
၁၉။ ဦးသိန်းလှ     ကုန်သည်
၂၀။ ဦးကြည်ဝင်း    ကုန်သည်
၂၁။ ဦးခင်မောင်    ကုန်သည်
၂၂။ ဦးမြမောင်  ကုန်သည်တို့ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြန်သွားပြီးတော့ စည်းရုံးရေးထွက်ရတာ အခြေအနေ ပိုကောင်းလာပါတယ်။ ကျေးရွာတွေကကိုလာဖိတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာသွားတယ် ဆိုတာကိုက ဂုဏ်တမျိုး ဖြစ်နေပါတယ်။ ကျနော်တို့ အဖွဲ့ လိုက်စည်းရုံးရေးတွေ  ထွက်ပါတယ်။ အ နည်းဆုံး (၁၀) ယောက် (၁၅) ယောက်ပါတယ်။ ကိုယ့်ထမင်းဘူးနဲ့ကိုယ် သွားပါတယ်။ တယောက်နှစ်ယောက်လောက်  ထမင်းဘူးမပါရင် လည်း  ၀ိုင်းမျှစားလိုက်ကြတာပါပဲ။ အဲဒီလောက်ကျတော့လည်း  ရွာခံတွေက  အပမ်းမကြီးပါဘူး။ ဒါကြောင့်လည်း  နေ့စဉ်  ဒါမှမဟုတ် ရက်ခြားလောက်ထွက်ကြပါတယ်။ တစ်စုထဲပဲထွက်ပါတယ်။ အထူးသဖြင့် ပေါင်းတည်မြို့နယ်က အရှေ့ခြမ်းနဲ့အနောက်ခြမ်းဆိုပြီး နှစ်ခြမ်း ရှိပေမယ့် အရှေ့ခြမ်းကိုပိုထွက်ဖြစ်ပါတယ်။ အဓိက ထားပြီးပြောတာကတော့ လယ်ယာကဏ္ဍနဲ့ပတ်သက်လို့ ကိုယ်ကြိုက်နှစ်သက်တဲ့ သီး နှံ ကိုယ်စိုက်နိုင်ရေး။ ကိုယ်ရောင်းချင်တဲ့သူကို  ရောင်းချင်တဲ့အချိန်မှာ ရောင်းနိုင်ရေး စတာတွေ  ပြောပါတယ်။ နောက်တခုကတော့ မ. ဆ.လ စီးပွါးရေးစနစ်ရဲ့ ခွဲတမ်းပုံစံကို ဝေဖန်ရှုံ့ချ ပြောပြပါတယ်။ ကိုယ်ထုပ်တဲ့ငွေစက္ကူကိုယ်ပြန်ပယ်ဖျက်တဲ့ယုံကြည်မှုကင်းမဲ့ဖို့ ကောင်း တဲ့စနစ်ကိုချပြဝေဖန်ပါတယ်။ ပရိသတ်ကို မေးခွင့်ပေးတယ်။ တတ်နိုင်သလောက်ရှင်းလင်းတယ်။ အောင်မြင်ပါတယ်။
+++++++++

● လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
ဒေါ်အောင်ဆန်းစုကြည်  ပေါင်းတည်ကို လာသွားတုံးက သူနဲ့အတူတူ  လူ့ ဘောင်သစ်က ကိုမိုးဟိန်းလည်း  တွဲပါလာတော့  လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီကိုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အရင်းအနှီးဆုံးပါတီအဖြစ်  သတ်မှတ်ထားသလို ဖြစ်နေပါတယ်။ ဒါကြောင့် မြို့ မှာရှိတဲ့ကျောင်းသားလူငယ်တွေက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဖွဲ့ စည်းကြပါတယ်။ ကျနော့်သမီးတွေနဲ့ တူ တူမတွေလည်း လူ့ ဘောင် သစ်ပါတီကိုဝင်ကြတယ်။ သူတို့က  အရှေ့ လမ်းမှာ အခန်းငှားပြီးရုံးခန်းဖွင့်ပါတယ်။ နိုဝင်ဘာလ (၁၁) ရက်နေ့မှာ  ပေါင်းတည်လူ့ ဘောင်သစ် ပါတီရုံးဖွင့်ပွဲလုပ်တယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ (၁) ရက်ဖွင့်တာဆိုတော့ (၁၀) ရက်ပဲခြားပါ တယ်။ ဆိုင်းဘုတ်တင်ပွဲကို ကျနော်တို့တဖွဲ့ လုံး တက်ရောက်အားပေးခဲ့ပါတယ်..။ နှစ်ဖွဲ့ တစ်ဖွဲ့ပေါ့။ သူတို့ကျောင်းသားကလေးတွေနဲ့တွေ့ တော့ ကျနော်တို့တောင်  ငယ်စိတ်ပြန်ပေါ်လာပြီး ၁၉၅၅-၅၆ ခုနှစ်လောက်က ရန်ကုန်တက္ကသိုလ်မှာဆိုခဲ့တဲ့ ကျောင်းသားသီချင်းတပုဒ်ကို ဆိုပြမိပါတယ်။

“ခွပ်ဒေါင်းစုံညီ  ရှေ့ သို့ ချီ”
ရာဇ၀င်သစ်ကို  …တို့ဖွင့်လှစ်ကြမည်..တို့ကျောင်းသူ..ကျောင်းသားစုံညီ….ဇမ္ဘူ ဒီမြေ …သားသမီးဖြစ်သည်..
တကဏ္ဍ  သရုပ်ဆောင် …လူ့ဘောင်ကို .. ပြောင်ရွှန်းစေသည်….
…အရိုင်း အယဉ် အခက်…သမိုင်းစဉ်ဆက်…သိုင်းဆင်လျှက်..(ခုတ်ရှင်းခဲ့သည်) ၂
..အနာဂတ်အရေး..တို့အရေး..တို့မနှေးပိုင်သည်..ဒီမိုကရေစီ
..တက္ကသိုလ်ဆောက်တည်..(တည်ဆောက်ကြမည်) ၂
…ငြိမ်းချမ်းသော ..ပညာရေး..(တောင်းဆိုကြဟေ) ၂
…ခွပ်ဒေါင်းစုံညီ..တွဲ..နွဲ..တွဲတွဲလို့ အညီ..
…အမြဲ..မခွဲ..အမြဲ မခွဲ စို့ အတည်…(ခွပ်ဒေါင်းစုံညီ) ၂….(ရှေ့သို့သာ)၂….ချီတက်မည်…

ကျောင်းသားကလေးတွေဟာ  လွန်ခဲ့တဲ့ နှစ်လကျော်လောက်ကမှ ဒီမိုကရေစီ အုံကြွမှုကြီးနဲ့ တွေ့ခဲ့ ပါဝင်လှုပ်ရှားခဲ့ရတာဆိုတော့  ဒီလို  သီချင်းမျိုးကိုကြားရတဲ့အခါ မျက်လုံးကလေးတွေ  တောက်ပြောင်လာကြတာ  တွေ့ရပါတယ်။ သီချင်းဆိုတဲ့ ကျနော်ကတော့  မျက်လုံးတွေ  တောက်ပြောင်ရုံမက  စိုစွတ်လာပါတော့တယ်။ ဘာကြောင့် မှန်းမသိပါ။ ခုတလော မျက်ရည်လွယ်နေပါတယ်။ ဒေါက်တာမောင်မောင်က  ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ကြေညာလိုက်တော့  ဒီကလေးတွေပဲမြသက်မူရဲ့ ဗိုလ်ရှုခံသီချင်းကိုဖွင့်ပြီး မြို့ကို လှည့် လာကြတုံးက တစ်ကြိမ်၊ ခုတကြိမ်  မျက်ရည်ကျမိပါတယ်။

တတ်သိပညာရှင်များအဖွဲ့  ဖွဲ့ စည်းရေး
နိုဝင်ဘာ လလည်လောက်မှာ လူငယ်နှစ်ယောက် နဲ့အတူရန်ကုန်ကို ဆင်းခဲ့ပြန်ပါတယ်။ လူငယ်တွေလည်း သူတို့အဆက်အသွယ်နဲ့သူတို့ သွားလာလှုပ်ရှားကြတယ်။ ကျနော်လည်း ဌာနချုပ်အခြေအနေကို စနည်းနာကြည့်တယ်။ မျိုးချစ်ရဲဘော် ဟောင်းများဖွဲ့ တာနဲ့ပတ်သက်လို့ တတ်သိပညာရှင်အုပ်စုက မကျေနပ်ကြပါ။ ဌာနချုပ်မှာ ကျနော်နဲ့ ဟိုတုန်းကတည်းက  လက်တွဲခဲ့ကြတဲ့သူတော်တော်များများဟာ တတ် သိနွယ်တွေ  များပါတယ်။ သူတို့ကလည်း  ရန်ကုန်ဌာနချုပ်က သတင်းတွေဖောက်သည်ချပါတယ်။

အခု အချိန်မှာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပျဉ်းမနား၊ တောင်ငူတပတ်စည်းရုံးရေး ခရီးစဉ်အပြီးမှာ ဘယ် သူ့အား ဘယ်လောက်ရှိတယ်ဆိုတာ မှန်းလို့ရပြီ။ ဒီတော့ တပ်မှူးကြီးဟောင်းတွေက  မျိုးချစ်ရဲဘော်ဟောင်းဖွဲ့တာကို  တန်ပြန်ပြီးကိုယ့် ဘက်ကလည်း  တတ်သိပညာရှင်များအဖွဲ့ ဖွဲ့ဖို့ စိုင်းပြင်းကြတယ်။ ဒေါ်စုကလည်း  နယ်စည်းရုံးရေးခရီးဆင်းခဲ့ပြီမို့ သိသင့်သလောက် သိ ခဲ့ပြီ။

ဒီတော့ ဒီမိုကရေစီနည်းကျ  မဲဆန္ဒယူတယ်ဆိုပါတယ်။ တတ်သိပညာရှင် များအဖွဲ့ ဖွဲ့ပြီး  ကော်မရှင်မှာ မှတ်ပုံတင်သင့် မတင်သင့်ပေါ့။ ဒီမဲ ပေးတာမှာ ကျနော်ကိုယ်တိုင်မပါပါ။ တဆင့် ပြန်ပြောလို့သိရတာပါ။ တိုင်းစည်းအဖွဲ့ဝင်တွေ အဆင့်အထိ ပါပါတယ်။ ဖွဲ့သင့်တယ်လို့အား လုံးက မဲပေးပါတယ်။ ဒါပေမယ့် ဒေါ်စုက  စည်းရုံးရေးခရီးစဉ်တွေမှာ တွေ့ခဲ့ရတဲ့ဦးအောင်ကြီးရဲ့ တသီးတခြား လုပ်ကိုင်နေတာတွေကြောင့် ခဏဆိုင်းထားပြီးစောင့်ကြည့်ဖို့ မေတ္တာရပ်ခံတယ်လို့ပြောပါတယ်။ ဒေါ်စုက သူ့အနေနဲ့ အုပ်စုတခုရဲ့ခေါင်းဆောင်အဖြစ်ထက် အဖွဲ့အ စည်းကြီးတခုလုံးရဲ့   ခေါင်းဆောင်အဖြစ်အဖွဲ့ တွင်း  စည်းလုံးညီညွတ်ရေးကို  အရေးထားပုံ ရှိပါတယ်။ ဦးအောင်ကြီးကလည်း  ဒေါ်စုရဲ့ခရီး စဉ်အတိုင်း  ပြောင်းပြန် တပတ် ပြန်ပတ်ပါတယ်။ မန္တလေး၊ မကွေး၊ ပြည်၊ ပေါင်းတည်  ရန်ကုန်လမ်းကြောင်းအတိုင်း  ပြန်လာတယ်လို့ ကြားရတယ်။ ဒါကြောင့် ဦးအောင်ကြီးရဲ့  အခြေအနေကိုလည်း  အကဲခပ်ရအောင်   ရန်ကုန်ကိုဦးအောင်ကြီး ရောက်သည့်တိုင်အောင် စောင့်ကြပါတယ်။ မကြာမီ ဦးအောင်ကြီးပြန်ရောက်ပြီဆိုတာ ဌာနချုပ်ကသတင်းရပါတယ်။ သူကိုယ်တိုင်ကတော့  တက္ကသိုလ်ရိပ်သာလမ်း ဌာနချုပ်ကို မလာသေးပါ။ အဲဒီနေ့ ညနေစမ်းချောင်းက ဦးအောင်ကြီးအိမ်ကို ကျနော်နဲ့ လူငယ်နှစ်ယောက် သွားတွေ့ပါတယ်..။ “ကျနော် တို့ပေါင်းတည်ကပါ။ ဥက္ကဌကြီး ဘာများပြောချင်လဲလို့ လာတွေ့တာပါ” လို့ပြောတော့ ဦးအောင်ကြီးက ကျနော်တို့ (၃) ယောက်ကို ခုံတန်း ရှည်တခုပေါ်မှာထိုင်ခိုင်းပြီး သူကတော့ ထိုင်တောင်မထိုင်ပဲ မတ်တပ်ပဲစကားပြောပါတယ်။

“ငါ ..ဒီနေ့  မင်းတို့ပေါင်းတည်ရုံးကို  ၀င်ခဲ့သေးတယ်။ မင်းတို့ ကျောင်းသားလေးတွေကို ဘာလို့ခေါ်သုံးနေတာလဲ။ သူတို့ကဏ္ဍက ပြီး သွား ပြီ။ နိုင်ငံရေးမှာ အရှိန် အနိမ့် အမြင့် အတက်အကျကိုကြည့်ရတယ်။ သိရမယ်။ ကျောင်းသားလှုပ်ရှားမှုအရှိန်ကကုန်သွားပြီ။ သူတို့အလုပ် က ကျောင်းပြန်တက်ဖို့ပဲ” လို့ပြောပါတယ်။ ကျနော်နဲ့အတူပါလာတဲ့လူငယ်တယောက်က “ဘယ်ကျောင်းသွားတက်ရမလဲ။ ဘယ် ကျောင်း က ဖွင့်လို့လဲ”  လို့ခပ်ဆတ်ဆတ်မေးပါတယ်။ သူက ဒါကိုပြန်မဖြေပါ။

“အထက်ဗမာပြည်မှာလည်း  ကျောင်းသားတွေကို တလွဲမှာအသုံးချနေတယ်။ တိုင်းစည်းရုံးရေးနဲ့ မြို့ နယ်စည်းရုံးရေးကော်မတီတွေထဲမှာ မလိုလားအပ်သူတွေ  ၀င်နေတယ်။ ဆိုင်းဘုတ်တင်ဖို့အခက်အခဲဖြစ်အောင် လုပ်နေတယ်။ ငါက ဆဲဆိုပြီး အတင်း ဆိုင်းဘုတ်တွေ တင်ရတယ်..။မြို့နယ်ကော်မတီတွေ အတင်းဖွဲ့ပစ်ခဲ့ရတယ်။ ဒီပြင်တော့ အထူးမှာစရာမရှိဘူး။ ကျောင်းသားငယ်လေးတွေကို ဆက်မသုံးနဲ့ တော့။ ငါလည်း  ပေါင်းတည်မှာပြောခဲ့ပြီးပြီ။ ဒါဘဲ ..” လို့ပြောလိုက်လို့ စိတ်ထဲက  အောင့်သက်သက်နဲ့ ပြန်ခဲ့ရတယ်.။ အတူပါလာတဲ့လူငယ် ၂ ယောက်လည်း  အတော်စိတ်ပျက်သွားပုံပါဘဲ..။
++++++++

● ထင်ရာလုပ်တတ်တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးများ

အပြန်ကျတော့  မီးရထားပေါ်မှာ အတူပါတဲ့လူငယ်တယောက်ကမေးတယ်။ ဦးအောင်ကြီးနဲ့ ရေရှည်ဖြစ်ပါ့မလား..တဲ့။” အေး..အဲဒါတော့ စောင့်ကြည့်ရမှာဘဲ။ တတ်သိပညာရှင်များဖွဲ့ရေးမှာတောင် ဒေါ်စုက ဦးအောင်ကြီးအခြေအနေစောင့်ပြီး ခဏဆိုင်းထားတယ်။ ဦးအောင်ကြီး က  ရှောင်ဖယ်ဖယ်လုပ်နေတာကိုလည်း  ဒေါ်စုက  အကဲတော့ခပ်နေတယ်။ အားလုံးလည်းပဲ  မင်းပြောသလို ရေရှည်မှာဖြစ်ပါ့မလားလို့ ထင်နေကြတယ်”   လို့ဆိုတော့  ဌာနချုပ်က  ဘာတွေကြားခဲ့လဲလို့မေးကြတယ်။ ကြားခဲ့သမျှ သူတို့ကိုပြန်ပြောပြတယ်။ အထက်ဗမာပြည် ကလာတဲ့သူတွေပြောလို့  သူတို့နယ်တွေမှာ အရေးအခင်းတလျှောက်လုံး ပါခဲ့တဲ့သူတွေကို  ဦးအောင်ကြီးက  ကွန်မြူနစ်တွေလို့စွပ်စွဲပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုအဆင်မပြေတာတွေ ရှိတယ်လို့ကြားခဲ့ရတာတွေကို  ပြောပြရပါတယ်။

ကျနော်တို့ ပေါင်းတည်က ပါလီမန်အတွင်းဝန်ဟောင်း ဦးအေးက ပြောဖူးတယ်။ ဗမာ့နိုင်ငံရေးမှာ  ထင်ရာစွတ်လုပ်တတ်တဲ့ခေါင်းဆောင် ကြီး လေးယောက်ရှိသတဲ့။ သူတို့ဇွတ်တရွတ်လုပ်တဲ့ပမာဏ  အတိမ်အနက်နဲ့ သူတို့ နိုင်ငံရေးအဆင့်အရပြောရရင် တစ်က သခင်စိုး..ဗျ။ နှစ်က ဦးနု၊ သုံက  ဦးနေ၀င်း။ နံပါတ်လေးကတော့  ကျနော် တို့ပေါင်းတည်သားဗိုလ်အောင်ကြီးပေါ့  ..” လို့ ပြောဖူးပါတယ်.” သူတို့က  အ များစုကို  သိပ်ဂရုစိုက်တတ်တဲ့သူတွေမဟုတ်ဘူး။ သူတို့မှ  သူတို့။ ဒီမိုကရေစီနဲတော့  ပြဒါးတလမ်းသံတလမ်းပါပဲ။ ရေရှည်ဖြစ်မယ့်သူတွေ  မဟုတ်ပါဘူး” တဲ့။

ပေါင်းတည် ပြန်ရောက်တော့  ဦးအောင်ကြီးတို့လာသွားတဲ့အကြောင်း ပြောပြကြတယ်။ ဦးအောင်ကြီးနဲ့ သူ့မိသားစုရယ်  ပေါင်းတည်ကို  ပြည်ဖက်ကနေရောက်လာတယ်တဲ့။ မနက် (၁၀) နာရီလောက်ရောက်လာပြီး သူ့ဆွေမျိုးတွေ အိမ်လည်းမတည်း။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးကိုလည်းမလာ။ စံပြခေါက်ဆွဲဆိုင်မှာ ထမင်းစားဖို့ ကားရပ်ထားတာကို တယောက်ကမြင်လိုက်တော့ ကျနော့်အမ ဒေါ်မြင့်အေး ကိုလည်း  အကြောင်းကြား။ ဦးအောင်ကြီးအမျိုးတွေဖြစ်တဲ့ ဦးကြူဝမ်တို့တိုက်ကိုလည်းအကြောင်းကြားလို့ စံပြခေါက်ဆွဲဆိုင်ကို  လိုက်ကြ ရသတဲ့။ ဒေါ်မြင့်အေးက “ ဥက္ကဌကြီးအနေနဲ့ ရုံးကိုဝင်ပါဦး”  လို့ပြောမှ ထမင်းစားပြီးရင်  ၀င်ခဲ့မယ်လို့ပြောသတဲ့။ ဒေါ်မြင့်အေးလည်း  ကဗျာ ကယာ ပြန်ပြီး  အဖွဲ့ဝင်တွေကို  အကြောင်းကြားရတယ်။ အဲဒီနေ့က  မိုးကြွင်းမိုးကျန်ကလည်း  အရမ်းသည်းနေလို့ရုံးမှာ လူသိပ်မရှိပဲ..  ကျောင်းသားတွေပဲ များနေတာတဲ့။ ဒါနဲ့ ရုံးမှာစားပွဲ ကုလားထိုင်တွေပြင်ပြီး အရေးအခင်းတုန်းက  ပေါင်းတည်မှာသုံးခဲ့တဲ့သူ့ပုံတူ ပန်းချီ ပိတ်ကားကြီးကိုချိတ်ပြီး ဧည့်ခံခဲ့ကြသတဲ့။

သူကတော့ ကျောင်းသားလေးတွေကို  မင်းတို့အလုပ်မရှိတော့ဘူး။ မင်းတို့ စာပဲသင်ကြရမယ်.။ ကျောင်းမဖွင့်သေးရင်လဲ ကိုယ့် အိမ်မှာ ကိုယ့်စာကိုဖတ်နေ။ အဖွဲ့ ကလူကြီးတွေကလည်း ကလေးတွေကိုဆက်ပြီးသုံးမနေနဲ့တော့လို့ ပြောသွားတယ်တဲ့။ ပြီးတော့.. “တို့လည်း  လွတ်လပ်ရေးတိုက်ပွဲ တုန်းကကျောင်းသားသမဂ္ဂကနေပြီး တိုက်ခဲ့တာ။ ပေါင်းတည်မှာ ကျောင်းသားသမဂ္ဂကနေပြီး  တို့ဗမာအစည်း အရုံး ၀င်တာ ငါပထမဆုံးပဲ။ ဗိုလ်ချုပ်အောင်ဆန်းထက်တောင်  သခင်ဖြစ်တာစောတယ်..” လို့လဲ  ပြောသွားသေးသတဲ့။ သူ့သားကလည်း  ကင်မ ရာတလုံးနဲ့ သူ့အဖေပုံတူပန်းချီကားကြီးကိုပဲ  ဓါတ်ပုံအမျိုးမျိုးရိုက်ယူပြီး တက်ရောက်တဲ့သူတွေကိုတောင် ဓါတ်ပုံတပုံမှ ရိုက်မယူဘူး..။ စသဖြင့် သူတို့အတွေ့ အကြုံတွေကို  ပြန်ပြောပြကြတယ်။

ပြောပြတဲ့သူတွေလေကိုနားထောင်ရတာကိုယ့်အဖွဲ့ရဲ့ဥက္ကဌ၊ ကိုယ့်မြို့သားမို့သာ ပြောင်ပြောင်တင်းတင်း အပြစ်မပြောကြတာ။ စိတ်ထဲမှာ တော့ မလိုလားတဲ့ပုံပေါက်နေပါတယ်။ ဒေါ်စုလာတုံးက ရိုက်ခတ်တဲ့ဂယက်နဲ့တော့ ကွာလွန်းပါတယ်။

ပေါင်းတည်မှာ နိုဝင်ဘာ (၂၇) ရက်နေ့မှာအမျိုးသားပြန်လည်တည်ဆောက်ရေး တပ်ပေါင်းစုကော်မတီ (၀ိဓူရအဖွဲ့) ကို ၁၅ လမ်းက  ဦး စောမောင်အိမ်မှာ ဖွင့်ပါတယ်။ ဖွင့်ပွဲတက်ဖို့ကျနော်တို့ အဖွဲ့ ကိုလည်းဖိတ်ပါတယ်။ ကျနော်ရယ် ဦးအေးသန်း၊ ဦးသန်းထွန်း၊ ဦးသိန်း နဲ့ဦးမြမောင်တို့ တက်ကြပါတယ်။ သူတို့အဖွဲ့ ကို ဗဟိုဌာနချုပ်က လူတွေလာပေမယ့် ကျနော့်အသိမတွေ့ရပါ။ မိန့်ခွန်းပြောပါဦး..ဆိုလို့“ ရှစ်လေးလုံး ဒီမိုကရေစီ အုံကြွမှုကြီးကို ကျောင်းသားသွေးနဲ့ စတေးခဲ့တာ။ အပြီးသတ် အောင်ပွဲအထိမရောက်သေးပေမယ့်   ဒီမိုကရေစီ ပလက်ဖောင်းလေးအဖြစ်နဲ့ ပါတီတွေ ဖွဲ့စည်းခွင့်ရခဲ့တယ်။ ဒီပလက်ဖောင်းလေးက ကျဉ်းကျဉ်းလေးပါ။ ကျယ်လာအောင်..ခုလို ဖွဲ့ ခွင့်ရလို့ ဖွဲ့စည်းတဲ့ပါတီ   အားလုံးက ကြိုးစားရပါမယ်။ အဲဒီလို  မကြိုးစားပဲ။ ဒီပလက်ဖောင်းကျဉ်းကျဉ်းကလေးပေါ်ကနေ တဦးကို တဦး  တွန်း တိုက်ချနေရင်တော့  လမ်းမှန်မှာမဟုတ်ဘူး” ဆိုတာတော့  ပြောခဲ့မိသေးပါတယ်..။

အဲဒီ အချိန်မှာပေါင်းတည်မှာ..တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း  အရင်..မ.ဆ.လရုံးဟောင်းမှာ ဖွင့်ထားပြီးပြီမို့..ဆိုင်းဘုတ် တင်ထားတဲ့ နိုင်ငံရေးပါတီ  လေးခုရှိနေပါပြီ။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts