သတင်းပဒေသာ

အမာရီလိုမြို့ မြန်မာတိုင်းရင်းသားများမှ လက်ပံတောင်း ဒဏ်ရာရသံဃာများအတွက် အလှူငွေပေးအပ်လှူဒါန်း

မိုးမခအထောက်တော် (အမာရီလို)
ဒီဇင်ဘာ ၁၇၊ ၂၀၁၂

အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ မြန်မာတိုင်းရင်းသားများ မိသားစုများမှ လက်ပံတောင်း အရေးတွင် အကြမ်းဖက်ဖြိုခွဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှုခံယူနေကြသော ရဟန်းသံဃာများအတွက် အလှူငွေများ ကောက်ခံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အလှူငွေ စုဆောင်းကောက်ခံရာတွင် ဦးဆောင်ပါဝင်သူတစ်ဦးလည်းဖြစ် အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ဥက္ကဌတစ်ဦးလည်းဖြစ်သည့် ဦးညီညီလွင်က မိုးမခသို့ ယခုလို စပြောသည်။

“ကျနော်တို့ မြို့ က မြန်မာတိုင်းရင်းသားများ မိသားစုတွေဟာ လစဉ်လတိုင်းနီးပါးလိုလို ဘာသာရေး သာသနာရေးပွဲတော်တွေနဲ့ အတော် လေး ပင်ပန်းနေကြတဲ့အတွက် အလှူခံဖို့ အတွက်ဆိုပြီးတော့ ကော်မတီသီးသန့် စုဖွဲ့ မှုတွေ မလုပ်တော့ပဲ အမာရီလိုမြို့ မြန်မာထေ ရ၀ါဒ ဗုဒ္ဓဘာသာအသင်းမှ အသင်းသူ အသင်းသားတွေဆီက တတ်နိုင်သလောက် ၀ိုင်းဝန်းပံ့ပိုး စုဆောင်းကောက်ခံခဲ့ကြတဲ့သဘောပါ။ ရွှေည၀ါ ဆရာတော်ကြီး ဦးပညာသီဟ ကျနော်တို့ မြို့ ကို လှည့်လည် တရားဟော ကြွရောက်ခဲ့စဉ်တုန်းကလည်း ကျနော်တို့ မြို့ သူမြို့ သားတွေကို အမျိုးဘာသာ သာသနာအရေးကိစ္စတွေမှာ တတ်စွမ်းနိုင်သလောက် ပံ့ပိုးကူညီထောက်ပံ့ကြဖို့ မေတ္တာရပ်ခံ မိန့် ကြားခဲ့တာလည်း ရှိခဲ့ပါ တယ်။ ခု လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်ပွဲ ဖြိုခွဲခံရမှုမှာ မီးလောင်ဒဏ်ရာရခဲ့ကြတဲ့ သံဃာတွေနဲ့ အတူ ရွှေည၀ါဆရာတော်ကြီး လည်း ထိုင်းနိုင်ငံ ချင်းမိုင် ဆေးရုံကြီးသို့ ခြံရံလိုက်ပါကြွရောက်တော်မူလျက်ရှိပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့ ကျနော်တို့ ဒီက မြန်မာတိုင်းရင်းသားများ မိသားစုတွေက တစ်ညီ တစ်ညွတ် တည်း စည်းစည်းရုံးရုံး တစ်သားတည်းထပ်တူ ရှိနေပါတယ်ဆိုတာ ပြသရာလည်း ဖြစ်တာပေါ့” ဟု ဦးညီညီလွင်က ရှင်းလင်းပြောဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဦးညီညီလွင်က သူ့ ၏ သဘောထားအမြင်ကို မိုးမခသို့ ယခုလို ဆက်လက် သုံး သပ်ပြောဆိုသည်။

“ဒီစီမံကိန်းတွေကြောင်း ဒေသခံပြည်သူလူထုအတွက် အမှန်တကယ် လယ်ယာမြေ နစ်နာဆုံးရှုံးမှု၊ သာသာသာသနာမြေ နစ်နာရှုံးဆုံးမှု ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ ဒီစီမံကိန်းတွေက ထွက်လာမယ့်အကျိုးအမြတ်ရလဒ်တွေဟာ တိုင်းပြည် နှင့် ဘာသာသာသနာလူမျိုးအတွက် အသုံးပြုမှာမဟုတ်ပဲ စစ်အုပ်စုကို သက်ဆိုးရှည်အောင် ကျောထောက်နောက်ခံပေးနေတဲ့ ဦးပိုင်ကစစ်အုပ်စု လူတစ်စုစာ ကောင်းစားရေးအတွက်ပဲဖြစ်ပါတယ်။ ကြေးနီတောင် စီမံကိန်းမတိုင်ခင် မော်ချီး သတ္တုတွင်း၊ ထားဝယ်ရေနက်ဆိပ်ကိမ်း နှင့် ရခိုင် ဂက်(စ်) ပိုက်လိုင်း စီမံကိန်းတွေဟာလည်း စစ်အစိုးရက လက်သင့်ရာ စားတော်ခေါ်သဘောမျိုးနဲ့ နှုတ်ကတိတွေအမျိုးမျိုးပေးပြီး ထင်ထိုင်းလုပ်ခဲ့ကြ တာလေ။ အခု ဦးသိန်းစိန် အစိုးရလက်ထက်မှာ တစိတ်တပိုင်း ပွင့်လင်းလွတ်လပ်လာတဲ့အတွက် ပြည်သူလူထုတွေက ဆန္ဒထုတ် ဖော်ပြကြတဲ့သဘောပါ။ တရုတ်ကလည်း တရုတ်နဂါးကြီးလိုပေါ့ဗျာ၊ အမြည်းလေးကနေစပြီး တဖြည်းဖြည်းချင်း ၀င်ရင်း ၀င်ရင်းက နေပြီးတော့ နဂါးကြီးတစ်ကောင်လုံး ကျနော်တို့ နိုင်ငံထဲကိုရောက်ရှိနေပါပြီ” ဟု သူက သုံးသပ်ပြောဆိုသည်။

ဒဏ်ရာရ ရဟန်းတော်များကို စိတ်ဓာတ်ပိုင်းဆိုင်ရာ နှင့် ငွေကြေးထောက်ပံ့လှူဒါန်းမှုတွေ အားပေးကူညီရပ်တည်ပေးခဲ့ကြသည့် ရခိုင်တိုင်း ရင်းသား ညီအစ်ကို မောင်နှမများ နှင့် ရခိုင် ရဟန်းသံဃာများကိုပါ နှစ်ထောင်းအားကျေနပ်မှုရှိပြီး ကျေးဇူးဥပကာရ အထူးတင်ရှိကြောင်းလည်း ဦးညီညီလွင်က ဆက်လက်ပြောဆိုသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေ ခဲ့ကြသည့် ရဟန်းသံဃာတွေ နှင့် ပြည်သူတွေကို အစိုးရမှ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းလိုက်သည့်အတွက် အထူးဝမ်းနည်း စိတ်ပျက်မိကြောင်း အမာရီလိုမြို့ ဇေယျသုခ ကျောင်းထိုင်ဆရာတော် ဦးနန္ဒ၀ံသက မိုးမခသို့ ယခုလို မိန့် ကြားတော်မူသည်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေကို ဒီမိုကရေစီ ဖော်ဆောင်နေပါတယ်လို့ ကြွေးကြော်နေတဲ့ အစိုးရက ယခုလို အင်အားသုံး အကြမ်းဖက်နှိုင်နှင်း ဖြိုခွဲမှုကြောင့် ဒဏ်ရာ ရရှိသွားသော ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များအတွက် ဘုန်းဘုန်းနဲ့ အတူ ဘုန်းဘုန်း တပည့်တကာတကာမတွေက ထပ်တူထပ်မျှ ကြေကွဲ ၀မ်းနည်းမှုတွေဖြစ်ရပြီး အစိုးရရဲ့ လုပ်ရပ်ကိုလည်း စိတ်ပျက်မိပါတယ်” ဟု ဦးနန္ဒ၀ံသက မိန့် ကြားတော်မူသည်။

အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းမှ အသင်းသူ အသင်းသားများမှ အကြမ်းဖက် နှိမ်နှင်းမူကြောင့် ဒဏ်ရာရရှိခဲ့ကြသော ရဟန်းသံဃာများအတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းကြရာ အမေရိကန် ဒေါ်လာ ( ၁၅၀၀ ) ကျော် ရရှိခဲ့ပြီး ဇေယျသုခ ကျောင်းထိုင် ဆရာတော် ဦးနန္ဒ၀ံသထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေ ဒေါ်လာ ( ၁၅၀၀) ကျော်ကို ရွှေည၀ါ ဆရာတော် ဦးပညာသီဟထံသို့ လွဲအပ် ပေးပို့သွားမည် ဖြစ်ကြောင်း ဆရာတော် ဦးနန္ဒ၀ံသမှ ဆက်လက်မိန့်ကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts