သန်းဝင်းလှိုင်

ရွှေနန်းထက်မှ ဧကရီသုံးပါး

ဗြိတိသျှ ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီး
သန်းဝင်းလှိုင်
ဒီဇင်ဘာ ၁၇၊ ၂၀၁၂

ဗြိတိသျှထီးနန်းကို ယနေ့တိုင် စိုးစံလျက်ရှိသော ဧကရီဘုရင်မကြီးမှာ ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မဖြစ်သည်။ ခမည်းတော် ဆဋ္ဌမမြောက် ဂျော့ဘုရင် သည် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နတ်ပြည်စံခဲ့ပြီးနောက် ဗြိတိသျှထီးနန်းကို ဆက်ခံခဲ့သော သူဖြစ်သည်။ သို့သော် နန်းသိမ်းပွဲ ရာဇဘိသေကကို ခမည်းတော် နတ်ပြည်စံလွန်ပြီး ၁ နှစ်အကြာ ၁၉၅၃ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယမြောက် အယ်လစ်ဇဘက်ဘုရင်မကြီးသည် ခမည်းတော် ဆဋ္ဌမမြောက် ဂျော့ဘုရင် (King George VI) နှင့် မယ်တော် အယ်လစ်ဇဘက် မိဘုရား (Elizabeth Bowes – Lyon) တို့မှ ၁၉၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် လန်ဒန်မြို့၌ ဖွားမြင်သည့် မွေးချင်းနှစ်ဦးအနက် အကြီးဆုံးသမီးတော်ဖြစ်သည်။ ညီမတော်မှာ မာဂရက်မင်းသမီးဖြစ်သည်။ ခမည်းတော်မှာ ပဉ္စမဂျော့ဘုရင်၏ ဒုတိယသားတော်ဖြစ်ပြီး နောင်တော်မှာ နောင်တွင် နန်းစွန့်ဘုရင်ဟု ကျော်ကြားခဲ့သော အဋ္ဌမမြောက်အက်ဒွပ်ဘုရင် ဖြစ်သည်။ အယ်လစ်ဇဘက်မင်းသမီးသည် မွေးစအရွယ်မှ ၁၀ နှစ်သမီးအထိ နန်းစံရမည့် ဧကရီဘုရင်မအဖြစ် ခန့်မှန်း၍ မရသေးပေ။ သာမာန် ၀င်ဆာမင်းသမီးတစ်ပါးမျှသာ ဖြစ်သည်။ ဘကြီးတော် အဋ္ဌမအက်ဒွပ်ဘုရင်သည် အချစ်အတွက် ထီးနန်းကို စွန့်၍သာ ခမည်းတော် ယော့မြို့စားသည် ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဗြိတိသျှ ထီးနန်းကို ဆက်ခံခွင့် ရခဲ့သည်။

ဤသို့ဖြင့် ၁၀ နှစ် သမီးအရွယ်သာ ရှိသော အယ်လစ်ဇဘက် မင်းသမီးသည် အလိုအလျောက် နန်းလျာမင်းသမီး ဖြစ်လာခဲ့လေသည်။ အယ်လစ်ဇဘက်မင်းသမီး၏ နာမည်အပြည့်အစုံမှာ အယ်လစ်ဇဘက် အလက်ဇန်ဒရားမေရီ (Elizabeth Alexandra Mary) ဖြစ်သည်။

မယ်တော်ကိုယ်တိုင် အယ်လစ်ဇဘက် မင်းသမီး၏ ပညာရေးကို ကြီးကြပ်၍ သင်ရိုးဘာသာရပ်များအပြင် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေ၊ သမိုင်းဆိုင်ရာ ပညာရပ်တို့ကို နန်းတွင်းအကျော်အမော်များတို့ဖြင့် သင်ကြားစေခဲ့သည်။ မင်းသမီးသည် မြင်းစီးအတတ်၊ ရေကူးတို့၌ ကျွမ်းကျင်၍ မက္ကင်းနစ်စက်မှုအတတ်ပညာကိုပါ တတ်ကျွမ်းသည်။ ကိုယ်တိုင် မော်တော်ယာဉ်မောင်းနှင်တတ်ပြီး မော်တော်ယာဉ်စက်ပြင် မက္ကင်းနစ်ပညာကိုပါ တတ်ကျွမ်းသည်။ အနုပညာ၌ စာပေ၀ါသနာထုံ၍ စန္ဒရားကို ကောင်းစွာတီးနိုင်သည်။ ရုပ်ရှင်၊ ပြဇာတ်၌လည်း စိတ်ဝင်စားသည်။ ခွေး နှင့် မြင်းကိုလည်း ချစ်မြတ်နိုးသည်။

၁၉၃၇ ခုနှစ်တွင် အယ်လစ်ဇဘက်မင်းသမီးသည် အမျိုးသမီးကင်းထောက်အဖွဲ့သို့လည်းကောင်း၊ ၁၉၄၂ ခုနှစ်တွင် ပင်လယ်ကင်းထောက်အဖွဲ့သို့လည်းကောင်း ၀င်ရောက်၍ လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ထိုနှစ်အတွင်း ခမည်းတော် ဆဋ္ဌမမြောက်ဂျော့ဘုရင်က သမီးတော်အား ဂရင်းနားဒီးယား အစောင့်တပ်ဖွဲ့ (Grenadier Guards) တွင် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး (Colonel – in – Chief) အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမျိုးသမီးများ အရန်တပ် (Women’s Auxiliary Territorial Service) တွင် ၀င်ရောက်အမှုထမ်းခဲ့ရာ ၁၉၄၅ ခုနှစ် တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရသည်။ သူ၏ ကိုယ်ပိုင်အမှတ်မှာ ၂၃၀၈၇၃ ဖြစ်သည်။

၁၉၄၇ ခုနှစ် နှစ်ဦးတွင် အယ်လစ်ဇဘက်မင်းသမီးသည် ခမည်းတော်မယ်တော်တို့နှင့်အတူ ပထမဆုံး ခရီးစဉ်အဖြစ် တောင်အာဖရိကသို့ ခရီးထွက်ခဲ့သည်။ သူ၏ ၂၁ နှစ် ပြည့် မွေးနေ့တွင် မင်းသမီးသည် ဗြိတိသျှ ဓနသဟာယနိုင်ငံများ (British Commonwealth) အကျိုးကို တစ်သက်လုံးသယ်ပိုးဆောင်ရွက်ပါမည်ဟု အသံလွှင့်ကြေညာခဲ့သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ ယခင်က ဂရိ နှင့် ဒိန်းမတ် မင်းသားဖြစ်သည့် ဘုရင့်ရေတပ်မှ ဗိုလ် ဖိလစ်မောင့်ဘက်တန် (Lieutenant Philip Mountbatten) နှင့် စေ့စပ်ကြောင်းလမ်းကြေညာခဲ့သည်။ အယ်လစ်ဇဘက်မင်းသမီးသည် အသက် ၁၃ နှစ် အရွယ်ကပင် ဖိလစ်မင်းသား ဒတ်မောင့် (Dartmouth) မြို့၌ တော်ဝင်ရေကြောင်းတက္ကသိုလ်တက်နေစဉ်ကပင် မေတ္တာမျှခဲ့သည်။ ချစ်သူရည်းစားဘ၀၌ အပြန်အလှန် စာသ၀ဏ်လွှာ ပါးကာ နောက်ဆုံးယခုကဲ့သို့ စေ့စပ်ကြောင်းလမ်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူတို့နှစ်ဦး၏ ချစ်ခရီးလမ်းကား မေတ္တာမပျက်၊ သစ္စာဖက်ပြီး ရွှေလက်မြဲမြဲတွဲနိုင်သည်အထိ ခိုင်မြဲခဲ့လေသည်။

 

ယင်းနောက် ထိုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာပင် အယ်လစ်ဇဘက်မင်းသမီးနှင့် ဖိလစ်မင်းသားတို့သည် လန်ဒန်မြို့ ၀က်စမင်စတာအက်ဗေးဘုရားရှိခိုးကျောင်း၌ ထိမ်းမြားလက်ထပ်ခဲ့ကြသည်။ လက်မထပ်မီ အကြိုနေ့၌ ဆဋ္ဌမမြောက် ဂျော့ဘုရင်က သမက်တော် ဖိလစ်မင်းသားအား အက်ဒင်ဗရာ မြို့စားဘွဲ့ ချီးမြှင့်ပေးခဲ့ လေသည်။

အရှေ့တောင်အာရှ မဟာတပ်ပေါင်းစု၏ သေနာပတိ လော့ဒ်လူဝီမောင့်ဘက်တန်၏ တူလည်း ဖြစ်သည်။ ဒိန်းမတ်နှင့် ဂရိနိုင်ငံတို့၏ မင်းသားအဖြစ် ၁၉၃၄ မှ ၁၉၃၇ အထိ ထမ်းရွက်ခဲ့သည်။ ယင်းနောက် သူ၏ အရိုက်အရာကို နောင်တွင် ဒိန်းမတ်ဘုရင်ဖြစ်လာသည့် န၀မမြောက် ခရစ်တီယန် အား လွှဲပြောင်းပေးခဲ့သည်။ ဖိလစ်မင်းသားသည် ဂရိမင်းသား အင်ဒရူး၏ သားတော်ဖြစ်ပြီး ဂရိနိုင်ငံ ကော့ဖူးကျွန်းတွင် ၁၉၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဖိလစ်မင်းသားသည် ငယ်စဉ်က ပါရီမြို့ရှိ အမေရိကန် မူကြိုကျောင်း၊ ပြင်သစ်နိုင်ငံ စိန့်ကလို့မြို့ရှိ အမေရိကန်ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှရေတပ်ဗိုလ်ကလေးအဖြစ် စတင်အမှုထမ်းရင်း မြေထဲပင်လယ်ရေတပ်စခန်းတွင် တာဝန်ကျခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ရေကြောင်းဗိုလ်ကြီးဖြစ်လာပြီး ၁၉၄၄ ခုနှစ်အထိ ပစိဖိတ်သမုဒ္ဒရာ ဗြိတိသျှရေတပ်စခန်း၌ ထမ်းရွက်ခဲ့သည်။

ဖိလစ်မင်းသား၏ နာမည်အပြည့်အစုံမှာ ဖိလစ်မောင့်ဘက်တန်ဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ်အတွင်းရှိ

ထို့နောက် အယ်လစ်ဇဘက်မင်းသမီးနှင့် ထိမ်းမြားပြီးနောက် ၁၉၅၃ ခုနှစ်တွင် တော်ဝင်ရေတပ်မတော်၌ ရေကြောင်းဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။

အယ်လစ်ဇဘက်မင်းသမီးသည် ကြင်ယာတော် အက်ဒင်ဗရာမြို့စား ဖိလစ်မင်းသားနှင့်အတူ ပြင်သစ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးထွက်ခဲ့ သည်။ ထိုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သားဦးဖြစ်သော ချားလ်ဖိလစ်အာသာဂျော့ချားလ်မင်းသား ဖွားမြင်ခဲ့သည်။ သားတော်သည် ယခုအခါ ဗြိတိသျှနန်းလျာ အိမ်ရှေ့စံ ဝေလမင်းသား ဖြစ်နေပြီဖြစ်သည်။

ယင်းနောက် ၁၉၅၀ ပြည့်နှစ် သြဂုတ်လ ၁၅ တွင် အဲန်အယ်လစ်ဇဘက်အဲလစ်လူဝီမင်းသမီး ဖွားမြင်သည်။ နောင် အယ်လစ်ဇ ဘက်ဘုရင်မကြီးသည် သမီးတော်အား တော်ဝင်မင်းသမီးဘွဲ့ (Princess of Royal) ကို ၁၉၈၇ ခုနှစ် ဇွန်လတွင် ချီးမြှင့်ပေးခဲ့သည်။ အဲန်းမင်းသမီးသည် တော်ဝင်အမျိုးသမီးရေတပ်မတော်၏ တပ်မှူးချုပ်၊ အမျိုးသမီးသယ်ယူပို့ဆောင်ရေးတပ်၏ တပ်မှူးချုပ်နှင့် မြို့တော် အမျိုးသမီးများအဖွဲ့၏ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၈ ခုနှစ်မှစ၍ ဆဋ္ဌမဂျော့ဘုရင်၏ ကျန်းမာရေးချွတ်ယွင်းလာခဲ့ရာ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆဋ္ဌမဂျော့ဘုရင်ကြီးသည် နတ်ပြည်စံခဲ့လေသည်။ ထို့ကြောင့် အာဖရိကတိုက် ကင်ညာနိုင်ငံသို့ ရောက်ရှိနေသော နန်းလျာ အယ်လစ်ဇဘက်မင်းသမီးသည် အင်္ဂလန်ပြည်သို့ ချက်ချင်းပြန်၍ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ခမည်းတော်၏ အရိုက်အရာ ဗြိတိသျှထီးနန်းကို ဆက်ခံရသည်။ နန်းစံစဉ်ကပင် အသက် ၂၅ နှစ်သာ ရှိသေးသည်။ သို့သော် ရာဇဘိသေက နန်းတက်မင်္ဂလာပွဲသဘင်ကို ခမည်းတော်နတ်ပြည်စံပြီး ၁ နှစ်ကျော် အကြာမှ ၀မ်းနည်းအောက်မေ့ဖွယ်ကာလလွန်ပြီးမှ ပြုလုပ်ခဲ့သည်။ ယခုအခါ ဗြိတိသျှ ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီး၏ နန်းသက်သည် အနှစ် ၆၀ ပြည့်ပြီဖြစ်သလို သက်တော်မှာလည်း လာမည့် နှစ် ၂၀၁၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ၈၇ နှစ် ပြည့်ပြီဖြစ်သည်။ သူ၏ နန်းသက် နှစ် ၆၀ ပြည့် စိန်ရတု ရာဇဘိသိက်ခံယူပွဲသို့ ဗြိတိသျှ ကိုလိုနီ ၁၆ နိုင်ငံမှ နိုင်ငံ့အကြီးအကဲများ၊ ဗြိတိသျှ ဓနသဟာယနိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ဥရောပ၊ အမေရိကန်ပြည်ထောင်စုမှ နိုင်ငံတော်အကြီးအကဲသမ္မတများ၊ ၀န်ကြီးချုပ်များ၊ ဘုရင်၊ ဘုရင်မများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဒုတိယသားတော် အင်ဒရူးအဲလဗတ် ခရစ္စတီယန် အက်ဒွပ် ကိုလည်းကောင်း၊ ၁၉၆၄ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အထွေးဆုံးသားတော် အက်ဒွပ်အန်တိုနီရစ်ချတ်လူဝီမင်းသားကိုလည်းကောင်း ဖွားမြင်ခဲ့သည်။

အယ်လစ်ဇဘက် ဘုရင်မကြီး၏ ညီမတော်မှာ မာဂရက်မင်းသမီးဖြစ်ပြီး သူသည် ဘုရင့်သမီးတော်ဖြစ်သော်လည်း ပကာသနကို ရှေ့တန်းမတင်၊ ဂုဏ်ဒြပ်ကို မမှုဘဲ အချစ်ရေးကို ဦးထိပ်ထားမိသဖြင့် ကြေကွဲဖွယ်ရာ အချစ်ပုံပြင်တစ်ပုဒ်ဖြင့် ဘ၀နိဂုံးချုပ်ခဲ့ရသည်။

အယ်လစ်ဇဘက်ဘုရင်မကြီး၏ နိစ္စဓူဝလုပ်ဆောင်ချက်များကိုလည်း ရှုပါဦး၊ နေ့စဉ်လုပ်ငန်းဆောင်တာ များ သည် နံနက် ၈ နာရီ ထိုးသည်နှင့် အစပျိုးတော့သည်။ နံနက်စာအဖြစ် လက်ဖက်ရည်၊ ပေါင်မုန့်ကင်နှင့် သစ်သီးစုံယိုတို့ကို စားသုံးပြီးသည်နှင့် နေ့စဉ်ထုတ်သတင်းစာများ၊ လစဉ်၊ အပတ်စဉ်ထုတ် မဂ္ဂဇင်းများ၊ ဂျာနယ်များ ဖတ်ရှုလေ့လာသည်။ ဘုရင်မကြီးသည် ဂန္တ၀င်စာပေများကို မလွတ်တမ်းဖတ်ရှုလေ့ရှိသည်။ နံနက် ၉ နာရီတွင် ဘက်ကင်ဟမ်နန်းတော်ရင်ပြင်၌ ဘုရင်မ စစ်တီးဝိုင်းမှ တီးမှုတ်သော နံနက်ခင်းအလံတင် တီးမှုတ်သံများကို နားသောတဆင်တော်မူရသေးသည်။

၁၀ နာရီထိုးသည်နှင့် အယ်လစ်ဇဘက်ဘုရင်မကြီးသည် သူ၏ ရုံးခန်းအတွင်း၌ အသင့်ရောက်ရှိနေသော အနီရောင်သေတ္တာငယ်အတွင်းမှ ထိပ်တန်းလျှို့ဝှက်အဆင့် (လ၀-၁)၊လျှို့ဝှက်အဆင့် (လ၀-၂)၊ အတွင်းရေး (လ၀-၃) သ၀ဏ်လွှာများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့သော သံကြိုးစာများ၊ ၀န်ကြီးဌာနအသီးသီးမှ အစီရင်ခံစာများကို ဖတ်ရှု၍ လက်မှတ်ရေးထိုးခြင်း၊ မှတ်ချက်ရေးခြင်း ပြုလုပ်ပေးရသည်။

နေ့လည်စာစားချိန် ရောက်သည်နှင့် နေ့လည်စာ ပွဲတော်တည်၍၊ ၁ နာရီတွင် ရုံးပြန်တက်သည်။ ရုံးချိန်ပြီးသည့် သူ၏ နားနေခန်း၌ ရုပ်မြင်သံကြား ကြည့်ရှုသည်။

အင်္ဂါနေ့ ညနေ ၆ နာရီခွဲတိုင်း ဘုရင်မကြီးသည် ၀န်ကြီးချုပ်အား လက်ခံတွေ့ဆုံလေ့ရှိသည်။

ဗြိတိသျှပြည့်ရှင်ဘုရင်မကြီးမှာ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်ရာ ဗြိတိန်နိုင်ငံ ဆန်းဒေးတိုင်းမ်စ် မဂ္ဂဇင်း နှင့် အမေရိကန်နိုင်ငံထုတ် ဖော့စ် (Forbes) မဂ္ဂဇင်း၌ ဖော်ပြချက်များအရ လက်ရှိဘုရင်မကြီး သုံးဆောင်နေသော အ၀တ်တန်ဆာ၊ သရဖူ၊ သန်လျက်၊ ရာဇလှံတံ စသည်တို့၌ တပ်ဆင်ထားသော နန်းစဉ်သုံးကျောက်သံပတ္တမြား များ၊ ရဲတိုက်များ၊ တော်ဝင်လှေသင်းတိုက်များ၊ ပြိုင်မြင်းများ မပါဝင်ဘဲ ၂၀၁၁ ခုနှစ် အထိ ဗြိတိသျှ စတာလင်ပေါင် ၇ ဒဿမ ၃ ဘီလီယံ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ (တစ်ဘီလီယံ တွင် သန်းတစ်ထောင် ရှိသည်။)

အယ်လစ်ဇဘက်ဘုရင်မကြီးသည် သူရရှိခံစားထိုက်သော ၀င်ငွေများကို အများနည်းတူ ထုံးစံအတိုင်း အကောက်အခွန်ကောက်ယူခွင့်ပြုထားသည်။

ဗြိတိသျှဘုရင်မကြီးသည် ဗြိတိန်နိုင်ငံ၌ နန်းသက် ဒုတိယအရှည်ဆုံးသော ဧကရီဘုရင်မကြီးဖြစ်ပြီး၊ သူ၏ နန်းသက် အနှစ် ၆၀ အတွင်း ၂၀၁၂ ခုနှစ် တွင် နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ရုပ်ရှင်ကားတို့ကို နောက်ဆုံး ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရစ်နှင့်အတူ ပါဝင်သရုပ်ဆောင်ပေးခဲ့သည်။

မည်သို့ဆိုစေ… ဗြိတိသျှထီးနန်းဆက်ခံရေးတွင် ဗြိတိသျှဘုရင်မကြီးပြီးနောက် သားတော် ဝေလမင်းသား ချားလ်မှာ ဦးစားပေးနေရာတွင် ရှိနေပြီး၊ ၄င်း၏သားတော် ၀ီလျံမင်းသားသည် ဒုတိယဦးစားပေးနေရာတွင် ရှိသည်။ သို့သော် ဗြိတိန်ထီးနန်းဆက်ခံရေးတွင် အမျိုးသားများကိုသာ ဦးစားပေးရမည်ဟူသော ရာစုနှစ်ပေါင်းများစွာမှ ကျင့်သုံးလာသည့် ရိုးရာအစဉ်အလာ ဥပဒေနှင့် ထီးနန်းဆက်ခံ သူများမှာ ကက်သလစ်ဘာသာဝင်များအား လက်ထပ်ပိုင်ခွင့်အား တားမြစ်ထားသော အခြေခံဥပဒေပါ တားမြစ်ချက်များကို ပယ်ဖျက်ပေး ခဲ့သည်။ သို့သော် ထီးနန်းဆက်ခံရေး အပြောင်းအလဲမှာ လက်ရှိ ထီးနန်းဆက်ခံရေးတွင် လတ်တလော အကျိုးသက်ရောက်မှုရှိမည် မဟုတ်ဘဲ ၀ီလျံမင်းသား၏ သားသမီးများ လက်ထက်မှ စတင်၍ အကျိုးသက်ရောက်မှု ရှိမည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts