အင်တာဗျူး

ကိုယ့်ဆန္ဒရှိသလိုလုပ်ပေးနိုင်အောင် ခွင့်ပြုမယ် ဆိုရင်တော့ အကောင်းဆုံး

ကိုယ့်ဆန္ဒရှိသလိုလုပ်ပေးနိုင်အောင် ခွင့်ပြုမယ် ဆိုရင်တော့ အကောင်းဆုံး

အရှင်ဆန္ဒာဓိက (ရွှေ့ပါရမီတောရ)၊ ဖေ့စ်ဘွတ်၊ ခေတ်သတင်း၊ ကောက်နုတ်ချက်

ဒီဇင်ဘာလ ၁၃၊ ၂၀၁၂

လူတစ်ယောက်ကို ရိုက်နှက်ခြင်းထက် ရဟန်းသံဃာကို ရိုက်နှက်သည့် အကုသိုလ်က ပိုကြီးမားကြောင်း ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) မိန့်ဆို

လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းရေးကော်မရှင်က ဆုံးဖြတ်ချက်ကို စိတ်ရှည် လက်ရှည်ဖြင့် စောင့်ဆိုင်း သင့်ကြောင်း ရွှေပါရမီတောရ ဆရာတော်၊ အရှင် ဆန္ဒာဓိက က ဒီဇင်ဘာ ၆ ရက် ၌ မြန်မာအင်ဒီပဲန့်ဒင့်၏ တွေ့ဆုံမေးမြန်းမတွင် မိန့်ကြားသည်။

“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး စုံစမ်းစစ်ဆေး ရေးတွေ လုပ်နေပြီ ဖြစ်တယ်။ တကယ် ဖြစ်သင့် ဖြစ်ထိုက် တာတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ အမှန်တရားနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်မယ့်သူ မဟုတ်သလို၊ ရဟန်းရှင်လူ ပြည်သူတွေက ယုံကြည်ရတဲ့သူ လည်း ဖြစ်နေလို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသင့်သည်နှင့် ပတ်သက်၍ မိန့်ကြားခဲ့သည်။

လက်ပံတောင်းတောင် အရေးကိစ္စတွင် သံဃာတော်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရခြင်းသည် စိတ်မရှည်မှုကို အကြောင်းပြုခဲ့ခြင်း ဖြစ်ကြောင်း၊ စိတ်မရှည် မှုကြောင့် ဖြစ်ခဲ့သော ပြဿနာကို စိတ်မရှည်မှုဖြင့် ထပ်၍ တုံ့ပြန် ခဲ့လျှင် မလိုလားအပ်သည့် ဆိုးကျိုးများနှင့်ကြုံတွေ့ရမည်ကို မလိုလားကြောင်း ၊ ဒေါ်အောင်ဆန်း စုကြည်၏ စုံစမ်းရေးကော် မရှင်က ထွက်ပေါ်လာမည့် ရလဒ်များကို ယုံကြည်မှုဖြင့် စောင့်ဆိုင်းသင့်ကြောင်း မိန့်ကြားခဲ့ သည်။

ထို့နောက် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွဲခြင်းတွင် သံဃာတော်များ ထိခိုက်ခဲ့ ခြင်းကြောင့် ဘာသာရေး ရှုထောင့်က ရှုမြင်ရသည်များအား ဆရာတော် ကို လျှောက်ထား မေးမြန်းရာ “ရတနာသုံးပါးကို ပြစ်မှားတယ်ဆို တာကတော့ အင်မတန်ကြီးကျယ်တဲ့ အကုသိုလ် ဖြစ်ပါ တယ်။ လူအချင်းချင်း ညှဉ်းပန်း နှိပ်စက်တယ် ဆိုရင်တောင် အကုသိုလ်ပဲ။ ရဟန်းသံဃာ ကို ညှဉ်းပန်း နှိပ်စက်တယ် ဆိုတဲ့ အကုသိုလ်ကတော့ ပိုကြီးမားသွား တယ်။ ခြင်တစ်ကောင်ကို ရိုက်တဲ့ အကုသိုလ်ထက် ခွေးတစ်ကောင်ကို ရိုက်တဲ့ အကုသိုလ်က ပိုကြီးတယ်။ ခွေးတစ်ကောင်ကို ရိုက်တဲ့ အကုသိုလ်ထက် လူတစ်ယောက် ကို ရိုက်တဲ့ အကုသိုလ်က ပိုကြီးတယ်။ လူ တစ်ယောက်ကိုရိုက်တဲ့ အကုသိုလ် ထက် ရဟန်းသံဃာကိုရိုက်တဲ့ အကုသိုလ်က ပိုကြီးတယ်” ဟု မိန့်ကြားပြီး ရဟန်းတို့၏ အကျင့်တရား မြင့်မားမှုနှင့် အသွင်သဏ္ဌာန်အရ သင်္ကန်းဝတ်ဆင် ထားသောကြောင့် လေးစားထိုက်သည့် ဂုဏ်သရေ ဖြစ်နေသောကြောင့် ယခုကဲ့သို့ သံဃာများကို အကြမ်းဖက်ခြင်းသည် အပြစ်ကြီးကြောင်း မိန့်ကြားခဲ့သည်။

“ကမ္ဘာပေါ်မှာ ထေရဝါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံးပါဆိုတဲ့ ဦးဇင်းတို့ မြန်မာနိုင်ငံမှာ အခုလို ရက်ရက် စက်စက် ကြမ်းကြမ်းတမ်းတမ်း မညှာမတာ ဖြေရှင်းခဲ့ မှုကြီး ပေါ်ပေါက်လာတာဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ကျဆင်းစေပါတယ်။ ကမ္ဘာ့သမိုင်း မှာ အမည်းစက်ကြီး စွန်းထင်းသွားခဲ့ပြီ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရတော့ဘူး” ဟု မိန့်ကြားခဲ့ပြီး ယင်းကို သင်ခန်းစာယူ၍ အသစ်ပြုပြင်ပါက ကောင်းမွန်သော် လည်း ဖြစ်ခဲ့သည့် အဖြစ်အပျက်အပေါ် မည်သို့ မျှဖျောက်ဖျက်၍ ရနိုင်မည်မဟုတ် ကြောင်း၊ မြန်မာလူမျိုးများသည် မေတ္တာ၊ ကရုဏာကြီးမားသည်ဟု ကမ္ဘာပေါ်တွင် နာမည်ကြီးကြောင်း၊ ထိုသို့ နာမည်ကျော်ကြားသော မြန် မာလူမျိုးများက ယင်းတို့အထွတ်အ မြတ်ထားသည့် ရဟန်းသံဃာများ ကို ယခုကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခြင်း သည် မသင့်တော်ကြောင်းနှင့် ရှက် စရာကောင်းသည့် အပြုအမူဖြစ်ပြီး ဂုဏ်သိက္ခာကျဖွယ်ကောင်းသည့် အပြုအမူဖြစ်ကြောင်း ဆက်လက်မိန့် ကြားသည်။

လက်ပံတောင်းတောင်အရေး ကိစ္စတွင် သံဃာတော်များ ထိခိုက် ဒဏ်ရာရရှိခဲ့ရခြင်းကြောင့် ပြည်သူ လူထုက စိတ်မချမ်းမသာဖြစ်ခဲ့ရ သည်။ ထိုသို့ စိတ်မချမ်း မသာဖြစ် နေသည့် ပြည်သူလူထုများအနေဖြင့် ယခုကဲ့သို့ဖြစ်သွားပြီးသည့် အပေါ် တွင်မိမိတို့ကူညီနိုင်သည့် ကိစ္စရပ် များကိုကူညီပေးကြရန် ဆရာတော် ကမိန့်ကြား ခဲ့ပြီး မေတ္တာတရား အရေးကြီးကြောင်း ဆက်လက်မိန့် ကြား ခဲ့ရာ

 “မာတစ် နှလုံးသား ကနေ မေတ္တာ နှလုံးသားဖြစ်အောင် ပြောင်းလဲဖို့ လိုပါတယ်။ အရပ်ထဲမှာ မေတ္တာ ကို မြစ်တာလို့ ထွက်ကြတယ်။ တကယ့် အသံထွက် အမှန်ကတော့ ပါဠိအတိုင်း မစ်တာလို့ပဲ ထွက်ရမယ်။ မေတ္တာကို ပြောင်းပြန် လှန်လိုက်တော့ မာတစ် ဖြစ်သွားတယ်။ မာတစ် နှလုံးသားကနေ မေတ္တာနှလုံးသားဖြစ်အောင် အုပ်ချုပ်သူရော အုပ်ချုပ်ခံပါ ပြောင်းလဲကြရမယ်။ တိုင်းသူပြည်သား အားလုံး ပြောင်းလဲသွားကြရမယ်။ မာတစ်ဆိုတာ မာနေတာ တစ်နေ တာပါ။ မာတယ်ဆိုတာ ဒေါသတွေ မာနတွေ ဝိသမလောဘတွေ ကိုယ် ကျိုးလွန်အတ္တတွေနဲ့ လွမ်းခြုံနေတဲ့ နှလုံးသားက မာတစ်နှလုံးသားပါ။

“မာကျောနေတဲ့ နှလုံးသား ဟာ ကောင်းကျိုးချမ်းသာတွေ ဝင်မ လာအောင်၊ တစ်ဆို့အောင် လုပ်တဲ့ နှလုံးသားဖြစ် သွားတယ်။ ကောင်း ကျိုးချမ်းသာတွေ ဝင်လာမယ့် ဝင် ပေါက်တွေ အားလုံး တစ်ဆို့ကုန် တယ်။ အခုလိုပြဿ နာဖြစ်လိုက်တဲ့ အတွက် ကောင်းကျိုးတွေ အားလုံး တစ်ဆို့ကုန်တယ်။ အဲဒီတော့ မာနေ တစ်နေတဲ့ နှလုံးသား ကနေ မေတ္တာနှလုံးသား ကို ပြောင်းလဲလိုက်ကြပါ။ အားလုံးက မေတ္တာပိုင်ရှင်တွေဖြစ်အောင် ကြိုး စားကြရမယ်”

ဟု ဆရာတော်က မိန့်သည်။ ထို့နောက် မေတ္တာတရားနှင့် ပတ်သက်၍ မိန့်ကြားရာတွင်

“မေတ္တာသဘောတရားတွေ အများကြီး ရှိပေမယ့်လိုရင်းကတော့ နှစ်ချက်ပဲ။ ကိုယ့်ကြောင့် သူတစ်ပါး ဆင်းရဲဒုက္ခ မရောက်စေရဘူး။ ကိုယ့်ကြောင့် သူတစ်ပါး ကောင်းကျိုးချမ်းသာ ဖြစ်စေရမယ်။ ကိုယ့်ကြောင့် သူ တစ်ပါး ဒုက္ခမရောက်စေတဲ့စိတ်၊ ကိုယ့်ကြောင့် သူတစ်ပါးကောင်း ကျိုးချမ်းသာရောက်စေ တဲ့ စိတ်ကိုပဲ မေတ္တာ နှလုံးသား လို့ ပြောတာပါ” ဟု မိန့်ကြားသည်။

ထို့အပြင် အုပ်ချုပ်သူ များထံတွင် မေတ္တာနှလုံးသား ပိုမိုရှိသင့်ကြောင်း မိန့်ကြားခဲ့သည်။ ထိုသို့မိန့် ကြားရာတွင်

 “အများနဲ့ ပတ်သက်တဲ့ နေရာမှာ တာဝန်ယူရလေ အဲဒီ နှလုံးသားဟာ မေတ္တာနှလုံးသားဖြစ်ဖို့ လိုအပ်လေပဲ။ လူတိုင်းက မေတ္တာနှလုံးသား ဖြစ်ဖို့ ကြိုးစားရ မယ်။ သမ္မတကလည်း မေတ္တာ သမ္မတဖြစ်ရမယ်။ တိုင်းဒေသ အသီးသီး၊ ပြည်နယ် အသီးသီးမှာရှိတဲ့ ဝန်ကြီးချုပ်တွေကလည်း မေတ္တာဝန်ကြီးချုပ်တွေ ဖြစ်ရမယ်။ တစ်နိုင်ငံ လုံးရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးကအစ အားလုံးကလည်း မေတ္တာအုပ် ချုပ်ရေးမှူးတွေ ဖြစ်ရမယ်” ဟု မိန့်ကြားသည်။

ထို့အပြင် လက်ပံတောင်းတောင် ကြေးနီစံမံကိန်းကြောင့် အခက်အခဲ တွေ့နေရသည့်ဒေသခံများနှင့် ပတ် သက်၍ လျှောက်ထား မေးမြန်းရာတွင် ဆရာတော် က ဒေသခံများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး

 “ရပ်ဆိုင်း သည်ဖြစ်စေ၊ မရပ်ဆိုင်းသည် ဖြစ်စေ၊ ရွာပြောင်းထားတဲ့၊ ဒေသပြောင်းထားတဲ့ ရွာသူရွာသား တွေက ဆင်းရဲဒုက္ခ ရောက်နေတာကတော့ အမှန်ပဲ။ ရွေ့ပြောင်းထားတဲ့ တောင်သူ လယ်သမားတွေရဲ့ ဘဝကိုတော့ မြင့်မားအောင် လုပ်ပေးသင့်တယ် ။ ပြောင်းရွှေ့ တဲ့ နေရာဒေသတွေမှာ စီးပွားရေး အခွင့်အလမ်းအရရော၊ နေထိုင်မှု အဆင့်အတန်းအရရော၊ နဂိုမူလ ကျေးရွာတွေထက်ကို မြင့်မားအောင် လုပ်ပေးသင့်တယ်”ဟု မိန့်ကြားခဲ့သည်။

ထို့အပြင် ဒေသခံများအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် သက်ဆိုင်ရာများ က လုပ်ကိုင် ပေးသင့်သည်များနှင့် အများပြည်သူက ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်သည်များကို မိန့်ကြား ခဲ့သည်။ ထိုသို့ မိန့်ကြား ရာတွင် ဆရာတော်ကိုယ်တိုင်က ပါဝင်မည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လည်း တိုက်တွန်း မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနှင့် ပတ်သက်၍

“လုပ်ပေးတဲ့နေရာမှာ ကြေးနီစီမံကိန်းနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ဟိုဘက်ဒီဘက် ကုမ္ပဏီ ပိုင်ရှင်တွေက၊ အစိုးရက လုပ်ပေးနိုင်သလောက် လုပ်ပေးပါ။

“သူတို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာကတော့ ဒါပဲ။ ဒကာမကြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင် ပြီးတော့ တိုင်းသူပြည် သားတွေ၊ ပြည်တွင်းပြည်ပ အလှူရှင်တွေ က ရွှေ့ပြောင်းမိသားစုတွေအတွက်၊ ရွှေ့ပြောင်း ရွာသူ ရွာသား တွေအတွက် အိမ်ကောင်းကောင်း ဆောက်ပေးတာတွေ၊ ရေမီးပြည့်စုံအောင် လုပ်ပေးတာတွေ၊ စီးပွားရေး အခွင့်အလမ်း ဖန်တီးပေး တာတွေ စသည်အားဖြင့် ကိုယ့်ဆန္ဒရှိသလိုလုပ်ပေးနိုင်အောင် ခွင့်ပြုမယ် ဆိုရင်တော့ အကောင်းဆုံး ပါ။ အဲဒီလိုသာ တရားဝင်ခွင့်ပြု မယ်ဆိုရင် ဦးဇင်းတို့လည်း စွမ်းနိုင် သမျှပါဝင်ပံ့ပိုးပြီး ကူညီဖို့ ရည်ရွယ်ချက် ရှိပါတယ်”

ဟု မိန့်ကြားသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲခြင်းကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် သံဃာတော် များနှင့် လူပုဂ္ဂိုလ်များကို ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) က ဒီဇင်ဘာ ၄ ရက်တွင် မုံရွာမြို့သို့ လည်းကောင်း၊ ဒီဇင်ဘာ ၅ ရက် တွင် မန္တလေးဆေးရုံကြီးသို့လည်း ကောင်း သွားရောက်၍ သံဃာ တစ် ပါးချင်းနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့ ကို လိုက်လံအားပေး၍ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မုံရွာမြို့၊ ဇောတိကာရာမ ကျောင်းတိုက်ဆရာတော်ကြီး၏ ရှေ့မှောက်၌ ဒဏ်ရာရ ရဟန်း ရှင်လူ များ၏ ဆေးဝါးကုသမှု အတွက် ကျပ်သိန်း(၅ဝ)ကို လှူဒါန်းခဲ့ကြောင်း၊ သာမန်ဒဏ်ရာရ သည့် သံဃာတော် များအတွက် တစ်ပါးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် လည်း ကောင်း၊ ပြင်းထန်ဒဏ်ရာရသည့် သံဃာတော် များအတွက် တစ်ပါးလျှင် ကျပ်(၃)သိန်းနှုန်းဖြင့် လည်းကောင်း အသီးသီး လှူဒါန်းခဲ့ပြီး ဒဏ်ရာရ လူပုဂ္ဂိုလ်များကို တစ်ဦးလျှင် ကျပ်သုံးသိန်းစီ လှူဒါန်းခဲ့ ကြောင်း သိရသည်။

မြန်မာအင်ဒီပဲန့်ဒင့်

Downmanhon


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts