ဒီဇင်ဘာ ၁၃၊ ၂၀၁၂
ရွာသူကြီးက အမှုစစ်နေရသည်။
မကြာသေးမီ လပြည့်ညက ခက်သေးရွာတွင် တခြားရွာမှ ဝေါင်ပမ် ဆိုသည့်သူဋ္ဌေးပိုင် ဂိုထောင်နား ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ရွှာသားများ မီးလောင် ဒါဏ်ရာရသွားကြသည် မဟုတ်ပါလား။ ဦးဇင်းများသာမက ကျောင်းထိုင်ဘုန်းကြီးတောင် အဆစ်ပါသွားပြီး ဒါဏ်ရာအကြီးအကျယ် ရထားကြရှာသည်။
ဘုန်းကြီးအမှု ရွာပတ် ဆိုရိုးရှိသော်ငြားလည်း ခက်သေးရွာတွင်တော့ ရွာအမှု ဘုန်းကြီးပတ်တော့သည်။ ဆိုးသည်မှာကား ဘုန်းကြီးကို မီးဖြင့်ပတ်ခြင်းသာတည်း။
ဆွမ်းခံရင်း ငှက်သင့်သည်က ဖြေသာသေးကြောင်း ယခုကိစ္စတွင်မူ မေတ္တာသုတ်ရွတ်ရင်း မီးသင့်ရသည်မှာ မဖြေသာကြောင်း ခက်သေး တစ်ရွာလုံး တစုတ်သပ်သပ် ဖြစ်ရသည်။
ရွာသူကြီးက ကုမ္ဗဏီပိုင်ရှင် သူဋ္ဌေး ဝေါင်ပမ် ကို ဆင့်ခေါ်သည်။
“ကဲ သူဋ္ဌေး ဘာပြောချင်သလည်း”
သူဋ္ဌေးက မှေးနေသောမျက်စေ့ ကို ပေကလပ်ပေကလပ် လုပ်ရင်း မချိပြုံးပြုံးကာ
“ဝက စိတတ်ပါတယ်”
စိတ်တိုကာ တင်းသွားသော ရွာသူကြီးက
“ဘာကွ” ဟုပြောရင်း သူဋ္ဌေး၏ တပည့်ကျော် မန်နေရျာ မိုင်ပေါင်ကို ဘုကြည့် ကြည့်လိုက်သည်။
မိုင်ပေါင်က မျက်နှာငယ်လေးဖြင့်
“သူကြီးမင်းခင်ဗျား၊ သူက သိတတ်တယ် ပြောတာပါ” ဟု လေပြေထိုးကလေးနှင့် လျောက်ထားလေ၏။
ဝေါင်ပမ်ကဆက်ပြီး
“လု ကြီးတွေကိုလည်း ဝ ကောင်းကောင်းကျွေးခဲ့တယ်”
“လု လတ်တွေကိုလည်း ဝ ကောင်းကောင်းကျွေးခဲ့တယ်”
“လု ငယ်တွေကိုလည်း ဝ ကောင်းကောင်းကျွေးခဲ့တယ်”
သူကြီးက စိတ်မရှည်တော့ပဲ
“ဟေ့ ဝေါင်ပမ်၊ မင်းပြောတဲ့ လု စားခဲ့တာတွေ တစ်ရွာလုံး သိတယ်”
“ မိုင်ပေါင်နဲ့ မဲရောင် မင်းတို့တောင် စားခဲ့သေးတယ် မဟုတ်လား”
“ တော်ပြီ၊ လု စားတာတွေ၊ ဝ စားတာတွေ မကြားချင်တော့ဘူး”
မိုင်ပေါင်နှင့် မဲရောင်တို့ ခေါင်းငိုက်စိုက်ဖြင့် ချိုကုပ်ကာ နေကြရရှာသည်။
သူတို့နှစ်ယောက် နောက်ဆုတ်၊ နောက်ဆုတ် လုပ်နေသည်ကိုမြင်သော် သူကြီးက
“ဟေ့ကောင်တွေ အခုမှ နောက်ဆုတ်၊ နောက်ဆုတ် လုပ်မနေကြနဲ့တော့”
သူကြီးကဆက်ပြီး
“ကဲ သူဋ္ဌေး၊ ရှင်းရှင်းပဲမေးမယ်။ မီးလောင်တဲ့ကိစ္စ ဘာပြောချင်သလည်း”
ဝေါင်ပမ်က ဂိုထောင်စောင့် မဲရောင်ဘက် လက်ညှိုးထိုးပြီး
“သူ့ကို ဝ ပြောတယ်”
“ဝ လည်း လု ခံရမှာ ကြောက်တာပေါ့”
“မီးရီယိုဗုံးတွေ ထုတ်ပီးလို်က်ပါ၊ လို့ပြောတယ်။”
တပည့်ကျော် မိုင်ပေါင်က အားတက်သရော ဝင်ပြီးထောက်ခံသည်။
“ဟုတ်ပါတယ်၊ သူက မျက်ရည်ယိုဗုံးတွေ ထုတ်ခိုင်းတာပါ။”
မျက်နှာက ဆီးစေ့လောက်သာ ရှိတော့သည့် မဲရောင်က တုန်ရီစွာဖြင့်
“သူ့ကို ကျွန်တော် မေးပါသေးတယ်၊”
“မသေချာလို့ မီးယိုဗုံးသုံးရမှာလား ဆိုပြီး ထပ်မေးတော့ သူက၊ အီးအီး (အေးအေး) လို့ပြောပါတယ်”
မဲရောင်က နောင်မှတသော နောင်တရ လေသံပျော့ဖြင့် ဆက်ပြီး
“အဲဒါနဲ့ ကျွန်တော် ထုတ်သုံးမိလိုက်တာပါ။”
“ပြီးတော့ သူက လူစုထဲမှာ “ဗုံးကြီးတွေ၊ ဗုံးကြီးတွေ” လို့ အော်တော့ ကျွန်တော်တို့လည်း ကြောက်လန့်တကြားနဲ့ နောက်ပြန်ဆုတ်ဖို့ လုပ်တာပါ”
သူကြီးက ကိုယ့်နဖူးကိုယ် လက်ဖြင့်ရိုက်ကာ
“သေလိုက်ပါတော့ကွာ၊ “ဘုန်းကြီးတွေ၊ ဘုန်းကြီးတွေ” လို့ပြောတာကိုများ မင်းတို့က အကြောက်လွန်ပြီးတော့ အရေးဆိုရင် မင်းတို့ နှစ်ကောင်က နောက်ပြန်ဆုတ်ဖို့ပဲ ချောင်းနေတာကိုး”
ဝေါင်ပမ်က နှမြောသောမျက်နှာပေးဖြင့် ဝင်ပြီး
“ဝတော့ ဖုတက်ပြီ”
“အိမ်ပေါ် ဖုတက်ရင် မွဲတတ်တယ်မဟုတ်လား”
သူကြီးက ဒေါဖေါင်းကာ မျက်မှောင်ကုပ်လျှက်
“ဖွတ်တက်ရင် မွဲတာ၊ ပြောတာ မဟုတ်လား၊ မင်းက ဖွတ်နဲ့ပေါင်းတာကိုး”
“ဝေါင်ပမ်လည်း အန္တရာယ် ဖြစ်မဲ့အရာတွေ နောက်မထားနဲ့၊ ဒီတစ်ခါတော့ အိမ်နီးနားချင်းမို့လို့ ခွင့်လွှတ်လိုက်မယ်၊ နောက်ကို အရမ်း လု မစားနဲ့တော့၊ အရင်က လု စားခဲ့တာတွေတော့ ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး”
“ဟိုကောင် မိုင်ပေါင်လည်း ကိုယ့်ရွာသားတွေကို ကိုယ် စောင့်ရှောက်ဦး၊”
“မဲရောင်လည်း မရှင်းမရှင်း မလုပ်နဲ့တော့”
“နောက်ဆိုရင် မင်းတို့နှစ်ကောင် နောက်ဆုတ်နောက်ဆုတ် လုပ်မနေကြနဲ့တော့”
“ဆရာတော်တွေကိုလည်း ဝင်ကန်တော့ပြီး တောင်းပန်သွားကြဦး၊”
“အတော်ရှုပ်တဲ့ကောင်တွေ အကုန်သွားကြစမ်း၊”
ဝေါင်ပမ်၊ မိုင်ပေါင်တို့နှင့်အတူ မဲရောင်လည်း ဝမ်းသာအားရ
“ဟုတ်ကဲ့ပါ၊ မှန်လှပါ သူကြီး” ဟု စိတ်သက်သာရာရသွားသော လေသံဖြင့် သုံးယောက်သားပြိုင်တူ ဖြေလိုက်ကြလေသည်။
သူတို့အားလုံး သူကြီးစိတ်ကြည်သလို ဖြစ်ခိုက်တွင် အခွင့်ကောင်းယူကာ ခက်သေးရွာ အပြင်ဘက်သို့ မီးမလာသေးသော ဆားမီးမလာသေးမြို့စပ် လကွယ်ည ခပ်မှောင်မှောင်တွင် ကုပ်ကုပ်၊ကုပ်ကုပ်နှင့် အသာလေး နောက်ဆုတ်သလို မဆုတ်သလိုဖြင့် လစ်ထွက်ခဲ့ကြလေတော့ သတည်း။ ။
ဆရာတော်များနှင့် ခက်သေးရွာသားများ ကျန်းမာကြပါစေ….
သဗ္ဗေသတ္တာ ကမ္မသကာ
(မှတ်ရန် ဝေါင်ပမ်= ဝမ်ပေါင်
မိုင်ပေါင်= မောင်ပိုင်
မဲရောင်= မောင်ရဲ)
သရုပ်ဖော်ကာတွန်း – ဘိရုမာ
ဂွတ်သဗျ