ရသဆောင်းပါးစုံ

သံဃာ့ယုံကြည်မူပိုင်ရှင် မစိုးရိမ်ထေရ်အရှင်

စန္ဒောဘာသာစာရ
ဒီဇင်ဘာ ၆၊ ၂၀၁၂

မစိုးရိမ်တိုက်ကြီးမှာ စာပေပရိယတ္တိသင်ခဲ့ကြတဲ့ တပည့်တွေအမြောက် အများ ပြည်တွင်းပြည်ပနိုင်ငံ တွေမှာရှိ နေပါတယ်၊စာသင်တိုက်ကြီးဖြစ် တာကြောင့် တပည့်ထဲမှာလည်း အကောင်းအဆိုးတွေက ဒွန်တွဲ ရှိနေတာပါ၊ ဆိုးတဲ့သားသမီးကို မိဘတွေက စိတ်မချတော့ ပိုပြီးကရုစိုက်လေ ကျန်တဲ့ သားသမီးတွေက အိမ်မှာဆိုးတဲ့သူကို အမေအဖေကပိုပြီးချစ်တယ်လို့ ထင်ကြတယ်၊ဒီလိုပါပဲ စာကလဲ မလုပ်ချင် ဥာဏ်ကလည်းမကောင်း လူက လည်းပျင်း ခိုင်းလိုက်ရင် တလွဲတချော်ချည်း ဖြစ်နေတဲ့တပည့်ကို စိတ်ပူတတ်တဲ့ အထဲမှာ မစိုးရိမ် ဆရာတော်ကြီးလည်း ပါတာပေါ့၊စိတ်မချလို့ အနားမှာ စာခေါ်ကျက်ခိုင်းတယ် တောက်တိုမယ်ရ ဟိုအလုပ် ဒီအလုပ် ဝေယျာဝစ္စခိုင်းရင်း အနေနီးတဲ့ ကိုရင်ငယ်နှင့်ဦးဇင်းငယ်များကို ဆရာတော်ကြီးများက သံယောဇဉ်ပိုပြီး ကြီးကြတာလည်း ပုထုဇဉ်ရဲ့ သဘာဝပင်ဖြစ်ပါတယ်၊

ဆရာတော်နဲ့ နီးစပ်တဲ့ ကိုရင်၊ဦးဇင်းဆိုရင် သံဃာ အားလုံးက အမြင်မကြည်ဘဲ အလကား စာမလုပ် ဘာမလုပ်နဲ့ သူလျိုလုပ်ပြီး ဆရာတော်ကို သတင်းပို့ နေတာဆိုတဲ့ အမြင်မျိုး လူငယ်သဘာဝအရရှိတတ်ပါတယ်၊တကယ်ကတော့ စာကိုမလုပ်နိုင်ဘဲ ဆရာတော်ကြီး များရဲ့ ဝေယျာဝစ္စမျိုးစုံလုပ်ကိုင်တဲ့ သံဃာများကို ကျေးဇူးတင်ရမှာပါ၊ဘာကြောင့်လဲဆိုရင် ဆရာတော်ကြီးများ အတွက် အာရုဏ်ဆွမ်း နေ့ဆွမ်း သင်္ကန်းလျော်ဖွတ် ကုဋီအိမ်သာဆေးတာအစ စာတက်၊စာကျက် တစ်ဖက်နဲ့ လုပ်ပေးရတာမို့ အဲလိုမျိုး လုပ်ပေးမည့်သူမရှိရင် ဆရာတော်ကြီးများ ကျန်းမာစွာနဲ့ စာချနိုင် မည်မဟုတ်ပါဘူး၊ ဆရာတော်ကြီးနား နေတဲ့သူက သကျသီဟဓမ္မာစရိယ မအောင်ပေမဲ့ မစိုးရိမ်တိုက်တွင်းက ငယ်၊လတ်၊ကြီး စာချတန်း စာသင်တန်း စာသင်သားအားလုံး စာသင်စာချများ အဆင်ပြေဖို့ရာ အခြေခံ အုတ်မြစ်အနေနဲ့ ဆရာတော်ကြီးကို ပြုစုစောင့်ရှောက်ပြီး ဆွမ်းနဲ့ဆေးကို အချိန်မှန် ဆက်ကပ်နေတဲ့ ဝေယျဝစ္စကုသိုလ်ကို မုဒိတာပွားနိုင်ရမယ်၊ တကယ်ဆိုရင် တိုက်သစ်တိုက်ဟောင်းဆရာတော်များနှင့် စာသင်သားများအားလုံးကို ကျန်းမာရေး စောင့်ရှောက်မူအတွက် အဖွဲ့အစည်းတရပ်အနေနဲ့ ရှိနိုင်ပြီဖြစ်တဲ့ ခေတ်ပြောင်းစနစ်ပြောင်း အခုချိန်မှာ နာယကတွေစုပေါင်းကာ စီစဉ်ဆောင်ရွက်ဖို့လိုပါတယ်၊၊

တိုက်မှာစီမံအုပ်ချုပ်နိုင်ရေးကို ကူညီဆောင်ရွက်ပေးကြရတဲ့ နာယကဘုန်းကြီးတွေအစ ဆရာတော်ကြီးနားမှာ နေပြီး ရေပူရေအေး ဆက်ကပ်ပြီး ဝေယျာဝစ္စများ လုပ်ပေးနေရတဲ့ သံဃားများရဲ့ ဂုဏ်ကျေးဇူးကို မြင်အောင်ကြည့်ဖို့လိုပါတယ်၊သူ့နေရာနဲ့သူ တန်ဘိုးရှိနေတယ် ဆိုတာမျိုး အမြင်ကျယ်ဖို့လိုပါတယ်၊ ပါဠိစာပေ ဖက်မှာ ထင်ပေါ်ကျော်ကြားသလို လူမူဆက်ဆံရေးနယ်ပယ်၊တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေမှာလည်း လုပ်သင့် တယ်၊ လုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးကိုပါ မစိုးရိမ်က မွေးဖွားပေးခဲ့တယ်၊ စုပေါင်းလုပ်နိုင်ရေး သမဂ္ဂစိတ်နှင့် ပရဟိတစိတ်ကို ပါရမီမြောက်အောင် စေတနာထက်သန်စွာနှင့် ဆရာတော်ကြီးရဲ့တပည့်ဖြစ်တဲ့ ဓမ္မာစရိယ တက္ကသိုလ်တည်ထောင်တဲ့ ဦးသုစိတ္တာဘိဝံသလို့ ဆိုရမှာပါ၊ မစိုးရိမ်ရဲ့ ရှေးမူလည်းမပျက် ခေတ်စနစ်ကလည်း လက်ခံပြီး မစိုးရိမ်ဆရာတော်ကြီးရဲ့ ဆုံးမသြ၀ါဒတိုင်း ဆောင်ရွက်ခဲ့လို့ ခေတ်ပျက်ထဲမှာ ရှစ်ဆယ်ရှစ် ဖြစ်ခဲ့တာတောင်မှ မစိုးရိမ်က ခေတ်သစ်ရဟန်း သာသနာ့အာဇာနည် အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့ တာဟာ ဆရာတော်ကြီးရဲ့ ခိုင်မာတဲ့ယုံကြည်ချက်ကြောင့်ဖြစ်ပါတယ်၊၊

မစိုးရိမ်တိုက်ကြီးထဲမှာ စစ်ဗိုလ်ချုပ်တွေ စစ်ဝတ်စုံနဲ့လာတဲ့အဆင်အလာမရှိသလို၊လာခဲ့ရင်လည်း စာသင်သား အားလုံးက လုံးဝလက်မခံဘူးဆိုတာ မစိုးရိမ်သမိုင်းမှာ အထင်ရှားရှိခဲ့ပါတယ်၊အစိုးရ အာဏာပိုင်တွေနဲ့ ခပ်ကင်းကင်းနေခဲ့တဲ့ မစိုးရိမ်ဟာ စာသင်စာချ အလုပ်ကိုသာ တစိုက်မတ်မတ်လုပ်နေတဲ့ မစိုးရိမ်ဆရာတော်ကြီး နှစ်ပါးကို မတရားပုဒ်မတပ်ပြီး စစ်ထောက်လှန်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်က ထောင်ချခဲ့ပါတယ်၊ စစ်အစိုးရကို သပိတ်မှောက်ရာမှာ ဆရာတော်ကြီးများ ပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ချလိုက်ချိန်မှာ မစိုးရိမ်သံဃာများအားလုံးက စစ်အစိုးရကို လုံးဝမုန်းတီး သွားခဲ့တယ်၊မစိုးရိမ်နာယကဦးကေသရာဘိဝံသ၊ ဦးသုစိတ္တာဘိဝံသအပါဝင် စာချနာယကတွေလည်း ရှောင်တိမ်းနေခဲ့ရပါတယ်၊ဆရာတော်ကြီးများကိုယ်တိုင် နန်းတွင်းထောင်မှာ နေခဲ့ရတဲ့ အတွေ့အကြုံကို နောင်လာ နောက်သားများသိစေဖို့ ဦးကောဝိဒါဘိဝံသ (ဘုန်းကြီးကော)က နယူးယောက်မှာ တရားဟောတိုင်း ငါက ရဟန်းနဲ့ထောင်ဆိုတဲ့ စာအုပ်ရေးနေပြီလို့ မကြာခဏပြောပါတယ်၊ထောင်ကထွက်လာတော့ ရာဇနဲ့ငါနဲ့ အမြင်ချင်းမတူဘူး ငါတို့ထောင်ကျတာဟာ စနစ်မကောင်းလို့ကျတာလို့ ငါကဒီလိုမြင်တာ၊ ရာဇကတော့ တပည့်တွေ မကောင်းလို့ထင်နေတာကွလို့ ၂၀၀၇ခုနှစ် ရွေဝါရောင်အရေးခင်းအပြီးမှာပြောခဲ့ပါတယ်၊မစိုးရိမ်အကြောင်းနှင့် မစိုးရိမ်ဆရာတော်များရဲ့ ပုံရိပ်တွေကိုရေးမယ်ဆိုရင် ဘယ်လိုမှ ခွဲခြားလို့မရတဲ့ တိုက်ဟောင်းက ဦးကောဝိဒါဘိဝံသ၊ တိုက်သစ်က ဦးသိရိန္ဒာဘိဝံသနှင့်ဦးရာဇာဓမ္မာဘိဝံသ၊ဒီဆရာတော်ကြီး(၃)ပါးဟာ မစိုးရိမ်မှာ အဓိကကြသလို မြန်မာနိုင်ငံ သံဃာထုက လေးစားကြည်ညိုကြပါတယ်၊၊

ဆရာတော်ကြီးသုံးပါး စာသင်စာချ  အသက်ထက်ဆုံး မစိုးရိမ် စာသင်တိုက်တည်ထောင်ပြီး ပရိယတ္တိ အလုပ်ကိုယ်သာ အားသန်ခဲ့တယ်၊စစ်အာဏာရှင်တွေနဲ့ မပတ်သက်ချင်တဲ့ ဆရာတော်များကို ပါဝင် ပတ်သက် စေဖို့အကြောင်းကတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို စစ်အစိုးရက သူ့ရဲ့ အာဏာမြဲရေးအတွက် တဖက်လှဲ့နဲ့ ဖွဲ့စည်းခဲ့ပါတယ်၊အဲချိန်မှာ သံဃနာယကအဖွဲ့သည် သံဃာများ အကျိုး၊သာသနာ့အကျိုးအတွက် လုပ်မည့်အဖွဲ့မဟုတ်ဘူးလို့ ယူဆတာကြောင့် ငါတို့နှစ်ပါးက စစ်အစိုးရဖွဲ့ပေးတဲ့ သံဃနာယကအဖွဲ့အထဲကို မ၀င်ခဲ့ဘူး၊ဒါပေမဲ့ ဦးသိရိန္ဒကတော့ မဟနအဖွဲ့ထဲ ရောက်သွားခဲ့တယ်၊သူ့သဘော၊သူဆန္ဒပဲလေ၊ငါကတော့ စစ်အစိုးရကို မယုံဘူး၊ငါထင်ခဲ့သလို အခုကြည့်လေကွာ ပရိတ်ရွတ်တဲ့သံဃာများကို သေနပ်တဲ့ပြစ်နေတာကို သံဃမဟာနာကအဖွဲ့က သံဃာဖက်ကနေရပ်တည်ပြီး ဘာများလုပ်လဲဆိုပြီး ဘုန်းကြီးကောက ပြောခဲ့ ဖူးပါတယ်၊အလွန်ရိုးတဲ့ ဆရာတော် ဦးသိရိန္ဒာဘိဝံသ မဟနဖြစ်သွားခဲ့တဲ့ အကြောင်းထဲမှာ ဆရာတော်ဟာ ရိုးတယ်၊ပါဠိတော်တွေနဲ့သာ အချိန်ကုန်တယ်၊လူတစ်ယောက်ကို ယုံပြီဆိုရင် အကုန်ယုံလေ့ရှိတယ်၊သူ့ရဲ. နားမှာ နေတဲ့ ကိုရင်၊ဦးဇင်းပြောတာပဲ အမှန်၊အခြားကတင်ပြလျှောက်ထားရင် မျက်နှာရှုံ့ပြီး မင်းအတော်ဆိုးတဲ့ သတ္တ၀ါလို့ ဆူတော့တာပါ၊ ပိဋကတ်စာပေ တခုကိုသာဖတ်တယ် လောကရေးရာ ဗဟုသုတစာပေကို မလေ့လာခဲ့ဘူး၊ သံဃနာယကအဖွဲ့မှာ ဒုတိယ ဥက္ကဌဖြစ်ခဲ့ရတာဟာ စစ်အစိုးရ လှည့်စားတာကို ဆရာတော်ဟာ တကယ်မသိရှာလို့ဖြစ်ခဲ့ရတယ်၊ရာထူးကြီးလေ အမှားတွေကို လုပ်ရလေပါဘဲ၊စစ်ဗိုလ် တွေထိုးခိုင်းတဲ့ စာရွက်ဖိုင်တွေအားလုံး မဟနဆရာတော်တိုင်း လက်မှတ်ထိုးခဲ့ရတာမို့ တွေးကြည့်ရင် အလွန်ဝမ်းနည်းဖို့ကောင်းပါတယ်၊၊

ဆရာတော် ကမ္ဘာအေးမှာ လာနေချိန် ကိုယ်ကလည်း သာသနာ့တက္ကသိုလ်ထဲမှာနေတာမို့ တခါတလေ ဆရာတော်အခန်းကို ရောက်သွားပါတယ်၊ထုံးစံတိုင်း ပါဠိတော်နဲ့ အဋ္ဌကထာတွေကိုဘဲ ဖတ်နေတာများပါတယ်၊ နောက်တော့ ကြေးမုံ၊မြန်မာ့အလင်း သတင်းစာကိုဖတ်ပါများတော့ သတင်းစာ ထဲက စစ်အစိုးရ၀ါဒဖြန့်တာကို အမှန်ထင်နေတာ၊ဆရာတော်ကြီးမှာ စစ်အစိုးရ မှိုင်းတိုက်တာကို ခံနေရပြီဆိုတာ သိလိုက်ရလို့ စိတ်မကောင်း ဖြစ်ရပါတယ်၊ ရိုက်ချင်လဲရိုက် ဆူချင်လဲဆူဆိုပြီး ဆရာတော် မန္တလေးပြန်ပြီး စာချတာက ကုသိုလ်သီးသန်.ပါပဲ၊

အခု ကမ္ဘာအေးကတော့ ဆရာတော်လုပ်ရတာက အကုသိုလ်သီးသန့်လို့ တပည့်တော် ခံစားရလို့ပါ၊ ဆရာတော်ကြည့်ပြီး မခံစားနိုင်လို့ပါလို့ လျှောက်ထားတော့ ဆရာတော်က မင်းတော်တော် စကားများတဲ့ ကောင်ပဲဆိုပြီး ဆရာတော်မျက်နှာ တစ်မျိုးဖြစ်သွားတယ်၊မျက်မောင်ကုတ်နဲ့ လူကိုစိုက်ကြည့်ပြီးတော့ ငါက ကမ္ဘာအေးမှာ နေချင်လို့ မဟုတ်ဘူး၊ဒီမှာ ငါမရှိရင် ဒီထက်ဆိုးမယ် အဲဒါရော မင်းသိရဲ့လားတဲ့၊ဆရာတော်နဲ့ ၀န်းကျင် အခြားဆရာတော်များ အခန်းတွေကို ကြည့်လိုက်ရင် လူပေါင်းစုံဝင်ထွက် အကျိုးလိုလို့ ညောင်ပင် ရေလောင်းတဲ့ ဒါနမျိုးတွေနဲ့ ဆရာတော်အသီးသီးကို ချည်းကပ်နေကြတဲ့ လုပ်ရှားမူအစ ရာထူး ဘွဲ့တံဆိပ် ရချင်လို့ ပြေးလွားနေတဲ့ ဒကာဒကာမတွေနှင့်အတူ ဘုန်းကြီးတွေကိုယ်တိုင် ပိုင်ရာဆိုင်ရာ လာတွေ့တဲ့ အခြေအနေများလည်း မြင်တွေခဲ့ရတယ်၊ဘာပဲဖြစ်စေ အဲလိုမျိုး လဒ်ပေးလဒ်ယူ မသမာနဲ့နည်းလမ်းကို မစိုးရိမ်ဆရာတော်က ဘယ်သော်ခါမှမလုပ်ခဲ့ဘူးဆိုတာကတော့ ယုံကြည်တယ်၊ဆရာတော်က အလွန် ၀ိနည်း ဓိုရ်တယ်၊သာမန်ဓိုရ်တာမဟုတ် ဘုရားဟောတိုင်း လှေနံဓားထစ်ပဲ၊ကမ္ဘာအေးသွားတိုင်း ဆရာတော်ခန်းမှာ ဒကာ ဒကာမ တခါမှမတွေ့ခဲ့ရဘူး၊ လူနဲ့ တရင်းတနှီးမနေတာဟာ မစိုးရိမ်ရဲ့ အဆင်အလာလို့ ဆိုရမှာပါ၊၊

အိန္ဒိယနိုင်ငံပညာသင်သွားဖို့ သထပနှင့် သာသနာရေးဦးစီးဌာနမှာ နိုင်ငံကူးလက်မှတ်အတွက် စာရွက်စာတမ်း လုပ်ရပါတယ်၊အဲချိန်မှာ သထပ ရုံးကတာဝန်ရှိသူက အရှင်ဘုရား စာအုပ်အတွက် လက်ရှိတာဝန်ကျတဲ့ မဟန ဆရာတော်ကြီးများကို ၀ထ္ထုငွေနဲ့ စာအိပ်ကပ်လိုက်ရင် စာတွေဘာတွေ ပြန်ခိုင်းတာ ရွက်ပြခိုင်းတာ မလုပ်တော့ဘူးလို့ ပြောပါတယ်၊ဆက်ပြောတာက မစိုးရိမ်ဆရာတော်က စာမေးမှာ သေချာတယ်၊ဟိုတလောက ဟိုကိုယ်တော်အုပ်စုကို ၀ိနည်း၊သဒ္ဒါတွေမေးတယ် မဖြေနိုင်လို့ဆိုပြီး လက်မှတ်ထိုးမပေးဘူး၊အဲလို မဖြစ်ရ အောင် ကြိုပြောတာပါဘုရားလို့ ၀န်ထမ်းကရှင်းပြတယ်၊သူကတော့ မစိုးရိမ် ဆရာတော်ကြီးရဲ့ တပည့်ဆိုတာ မသိလို့ အဲလိုပြောနေတာပေါ့၊ဒါနဲ့ ကိုယ်အပါဝင် နိုင်ငံခြားသွားမည့် ဘုန်းကြီး (၅)ပါး မဟန အဆောင်ကို သ၊ထ၊ပ ၀န်းထမ်းနဲ့အတူ လက်မှတ်ထိုးဖို့သွားကြတယ်၊

ဆရာတော်ဆီ ရောက်တော့ ထုံးစံအတိုင်း ပါဠိတော်တွေဖတ်နေတယ်၊၀န်ထမ်းကတော့ ဖိုင်ကိုင်ပြီး စောင့်နေတာ တံခါးမခေါက်ရဲဘူး၊ကိုယ်က တံခါး တွန်းပြီး ၀င်သွားတယ်၊ကိုယ်ရဲ့ ဆရာတော်မို့ ၀င်ရဲထွက်ရဲနေတာပါ ဒါနဲ့ မင်းက ဘာကိစ္စနဲ့ လာလဲမေးတယ် နာလန္ဒာတက္ကသိုလ် စာသင်သွားမယ်လို.လျောက်တော့ အိန္ဒိယမှာ သက္ကတ သင်ဖို့လားတဲ့ မှန်ပါလို့ ပြောလိုက်ရတယ်၊ကိုယ်စိတ်ထဲ အရှိတိုင်း အင်္ဂလိပ်စာ သွားသင်မယ်ဆိုရင် ဆူခံထိအုန်းမယ်၊ ဆရာတော်က သက္ကတသွားသင်မယ်ထင်တာပါ၊ကျန်တဲ့ကိုယ်တော်(၄)ပါးက ဘယ်ကိုသွားကြ မလို့လဲ မေးတော့ ထိုင်း၊ စင်ကာပူ၊မလေး(၃)နိုင်ငံ အလည်ပတ်ခရီးပါလို့ လျောက်ကြတယ် အဲမှာပဲ ဆရာတော်က လက်ညိုးထိုးကာ ပါတိမောက် ပါရာဇိကလေးပါး သံဃာဒိသေသ(၁၃)ခု အဓိပ္ပါယ်မေးတယ်၊ စာသင်ခဲ့ပေမဲ့ စာနဲ့ဝေးသွားလို့လား တကယ်ပဲ စာမသင်ခဲ့လို့လားမသိ ဟုတ်တိ ပတ်တိမဖြေနိုင်ဘူး၊အဲထဲမှာ ကိုယ်တော် တပါးက ၀န်ကြီးက လက်မှတ်ထိုးပြီးသားတဲ့ ပြောတော့ ၀န်ကြီးက ဘာဝိနည်းစည်းကမ်းမှမရှိဘူး၊ ငါကတော့ မထိုးဘူး ပြန်ယူသွား ဆိုပြီး လက်ခါလိုက်တယ်၊  မဟန လေးပါးအနက် ကျန်သုံးပါးက လက်မှတ် ထိုးခဲ့ပေမဲ့ မစိုးရိမ်ဆရာတော် ကတော့ စာမတတ် ပေမတတ် အလကား နိုင်ငံခြား အလည်သွားမည့် ကိုယ်တော်တွေလို့ ထင်ပုံရပါတယ်၊ အဲလိုပဲ နေပုံ ထိုင်ပုံ ပြောပုံ ဆိုပုံက သမဏအသွင်မဟုတ်ဘဲ ဖိုးတော တောထွက်မျိုးဆိုရင် ဆရာတော်က စာတွေ မေးတော့တာပါ၊လက်မှတ်လာထိုးတဲ့သူတိုင်းကိုတော့ မေးဟန် မတူပါဘူး၊ကမ္ဘာအေးက ၀န်ထမ်းက အရှင်ဘုရားကြတော့ လက်မှတ်ထိုးပေးသား ပဲတဲ့ ထိုးမှာပေါ့ ဦးဇင်းက ဆရာတော်ဆီမှာ စာတက်လာခဲ့တာပဲ၊ ဦဇင်းအကြောင်း ဆရာတော်သိနေပြီးသားမို့ မင်းကောင်းကောင်းနေ မဆိုးနဲ့လို့ ထပ်ပြောတာပေါ့ ဒကာကြီးရာလို့ပြောလိုက်ပါတယ်၊၊

ဆရာတော် ဦးသိရိန္ဒာဘိဝံသ သံဃမဟာနာယကအဖွဲ့မှာ ဒုတိယ ဥက္ကဌတာဝန်ယူသွားချိန်မှာ တပည့်ဖြစ်သူ ထောင်ထဲမှာရောက်နေတဲ့ ဦးဝိစိတ္တာဘိဝံသ(၀ီရသူ) လွတ်ဖို့ရာ အစိုးရအာဏာပိုင်တွေကို လူသိထင်ရှား ပြောဆို တောင်းဆိုသင့်ကြောင်းကို လျှောက်ထားဖူးပါတယ်၊ဆရာတော်က အဲဒီကိစ္စ ငါမေးကြည့်အုန်းမယ်ဆိုတဲ့ အဖြေပဲရခဲ့ပါတယ်၊နယူးယောက်မြို့ကို သီတင်းသုံးနေတဲ့ ဆရာတော် ဦးကောဝိဒါဘိဝံသက မစိုးရိမ်နှစ်တစ်ရာ ပြည့်ပွဲနှင့်ပတ်သက်ပြီး ငါလည်းမန္တလေးပြန်ချင်တယ် အခုရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ မြန်မာပြည်ကို မပြန်နိုင်တော့ဘူးဖြစ်သွားတယ်၊မစိုးရိမ်နှစ်တစ်ရာပြည့်ပွဲမှာ ထောင်ထဲရောက်နေတဲ့ မစိုးရိမ်သံဃာများကို လွတ်ပေးရန် တောင်းဆိုသင့်ကြောင်း ဆရာတော်ကိုမကြံပြုလျှောက်ထားတော့ အဲဒီအကြံကောင်းတယ်၊ရာဇနှင့် တကွ မစိုးရိမ်နာယကတွေဆီကို ငါစာရေးမယ်လို့ ပြန်ပြောပါတယ်၊လက်ရှိဆရာတော်ဘုရားကြီးကတော့ ၀ိစိတ္တ ကိုလွတ်ဖို့ရာ ခင်ညွန့်ကိုပြောထားပြီးသား၊လွတ်ခါနီးမှာ ခင်ညွန့်က ဖယ်ရှားခံရတော့ ၀ိစိတ္တကံဆိုးတာပါလို့ ပြောပြခဲ့ဖူးပါတယ်၊ဆရာတော်ကြီးသုံးပါးရဲ့ ပကတိနှလုံးသားကတော့ ကိုယ်ရဲ့တပည့်တွေအပေါ်မှာ ဒုက္ခမျိုးစုံ ကြရောက်နေတာကို မမြင်ချင်ကြပါဘူး၊အလွန်ဆိုးတဲ့ စစ်အစိုးရစနစ်ကြောင့် အဆင်အလာကြီးတဲ့ မစိုးရိမ်မှာ နာယကတွေအကြားနှင့်ဆရာတပည့်တွေအထဲမှာ သံသယတွေဖြစ်ကြရ၊စစ်ထောက်လှန်းရေး ၀င်နှောက်လို့ ကမောက်ကမဖြစ်သွားခဲ့ရတဲ့ နေ့ရက်ဆိုတာလည်း ရှိသွားခဲ့ပါတယ်၊ဒါတွေကို သင်္ခန်းစာယူပြီး စစ်အာဏာရှင် များနှင့် ခပ်ကင်းကင်းနေခြင်းအစ သံဃမဟာနာယကမလုပ်ခြင်းအဆုံး မစိုးရိမ်ရဲ့ မူဖြစ်တဲ့ လူတွေနဲ့လည်း မရောနှော အာဏာပိုင်ကိုလည်း ဖော်လိုမလိုက်၊ဘုရားအကြိုက်ကိုသာ တသမတ်တည်းလိုက်ခဲ့ကြတဲ့ မစိုးရိမ် ဆရာတော်ကြီးသုံးပါးဟာ နှစ်ပါးကဘ၀နတ်ထံပျံလွန်ခဲ့ပြီ၊အခုဆိုရင် တစ်ပါးတည်းသာကျန်တော့တဲ့ ဆရာတော် ဘုရားကြီးရဲ့ သက်တော်(၈၀)ပြည့် မွေးနေ့ပူဇော်ပွဲအား ကိုယ်တိုင်သွားရောက် ဖူးမျှော်ကန်တော့ ချင်ပေမဲ့ အကြောင်းကြောင်းကြောင့် မသွားနိုင်ခဲ့ဘူး၊၊

တိုက်ပေါက်မှာ စာကပ်တဲ့ မစိုးရိမ်ဓလေ့ဟာ ဒီမိုကရေစီနဲ့ နိဒါန်းပဲလို့ ဆိုရမှာပါ မစိုးရိမ်စာသင်သားများ ဘ၀ပုံရိပ်နဲ့ သံဃဆန္ဒကို လွတ်လပ်စွာ စာရေးပြီး ကပ်လို့ရပါတယ်၊တိုက်ပေါက်က နံရံမှာ ငယ်၊လတ်၊ကြီး၊ ဓမ္မာစရိယ စာချတန်း စာင်တန်း စာအုပ်မျိုးစုံကို ရောင်းမယ်ဆိုရင် ဈေးနုံးနဲ့ ကျောင်းဆောင်ကို စာကပ်ကြသလို မကြေနှပ်ချက်ရှိရင်လဲ ဆန္ဒဖော်ထုတ်တဲ့ စာမျိုးစုံကိုတွေ့နိုင်ပါတယ်၊တိုက်ပေါက်မှာ စာကပ်လိုက်ရင် သံဃာအားလုံး သိကြပါတယ်၊မနက်မိုးလင်းကထဲက သပိတ်ပိုက်ပြီး ဆွမ်းခံသွားရင် တိုက်ပေါက်က စာကို သံဃာတိုင်းဖတ်ကြပါတယ်၊လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ဆိုတာ မစိုးရိမ်တိုက်ပေါက်မှာ ရှိနေခဲ့တာ ကြာခဲ့ပါပြီ၊၀င်ပေါက် ထွက်ပေါက် တစ်ခုတည်းသာရှိတဲ့ မစိုးရိမ်တိုက်သစ်ဟာ စိုးရိမ်စရာမရှိအောင် လွတ်လပ် ပွင့်လင်းပြီး ခိုင်မာတဲ့ ဥပဒေရှိပါတယ်၊၊

မြန်မာ့ရာဇ၀င်မှာ အဖေသေလို့ သားတက်ပြီး ထီးနန်းဆက်ခံတယ်၊အကိုပျံလွန်တော်မူလို့ ညီဖြစ်သူက ကျောင်းထိုင်ဘုန်းကြီး ဆက်လုပ်တဲ့ အနေထားတွေဟာ မြန်မာပြည်အနှံ့မှာ တွေ့နိုင်ပေမဲ့ မစိုးရိမ်မှာက ၀ါးကြီးတိုင်း နာယကဖြစ်တာမဟုတ်သလို သကျသီဟဓမ္မာစရိယ အောင်မြင်မှသာ မစိုးရိမ်နာယကအဖြစ် သတ်မှတ်တာပါ၊ ကျောင်းတဆောင်မှာ တာဝန်ယူကာ မဟာနာယက ဆရာတော်ကြီးများ သြ၀ါဒ အတိုင်း စာတစ်ဝါ အနည်းဆုံးချရပါတယ်၊အသက်ကြီးလို့ လူကြီးဖြစ်တာတို့ ဆွေမျိုးတော်စပ်လို့ ကျောင်းထိုင် ဖြစ်တာတို့ မဟုတ်ဘဲ တော်တဲ့ တတ်တဲ့သူ ပညာတတ်ကို ဦးစားပေးတဲ့စနစ်ကို မစိုးရိမ်ကရေးဆွဲခဲ့ကြတဲ့ ဆရာတော်ကြီးများရဲ့ အမြော်အမြင်ဟာ ကြည်ညိုစရာကောင်းလှပါတယ်၊၊

မစိုးရိမ်ဆရာတော်ရဲ့ တစ်သက်တကျွန်းအမိန့်ဆိုတာရှိတယ်၊ အပြစ်ရှိတဲ့သူကို ဆရာတော်က သူ့နားမှာ ခေါ်ပြီးတော့ နေ့လယ်(၁၂)နာရီကနေ (၁)နာ၇ီအထိ စာကျက်ရတယ်၊ပုံမှန်ဆိုရင် ဆွမ်းစားပြီးရင် အိပ်ချိန် ပေးထားတာပါ၊ ဆရာတော်က နင်ထုတ်တာ နှဲပါတယ်၊ စာကျက်ရတဲ့ ဒဏ်ပေးတာပဲရှိတယ်၊ ဆရာတော် ဦးသိရိန္ဒာဘိဝံသကတော့ ကိုရင်နဲ့ ဦးဇင်း အတူတူ ဆွမ်းစားနေတာ တွေ့ရင် လက်ခါပြီ၊ညနေခင်းပိုင်း ထမင်းချက်တာမိရင်လဲ လက်ခါတာပဲ၊ခွင့်တင်ပြီး နာရေးရှိလို့ ရွာပြန်ရာမှာ တစ်ရက်လောက် နောက်ကြ ရင်လည်း ကျောင်းကထွက်လို့ သဘောနဲ့ လက်ခါလိုက်ပြီဆိုရင် ဆရာတော်ကို နားချရှင်းပြဖို့ရာ အတော် ခက်ပါတယ်၊ဖိုးစိန်တို့ ထိပ်မောက်တို့ လျှောက်ထားပေးလို့ရှိရင်တော့ တခါတလေ ရတတ်ပါတယ်၊ မှတ်မိပါသေးတယ် သူငယ်ချင်းတပါး ည (၉)နာရီကျော်မှ ပြန်ရောက်တယ် သူဒကာကြီးဆုံးလို့သွားတာပါ၊ ခွင့်ပေးတာက(၇)ရက် မနက်မိုးလင်းမှ ပြန်ရောက်ကြောင်း သွားလျောက်ရင် မှတ်ထားတဲ့ စာအုပ်ကို ဖွင့်ပြီး လက်ညိုးရေတွက်မယ် ရက်ကျော်ပြီ ဆိုတာနဲ့ လက်ခါမှာသေချာတယ်၊

အဲတော့ ရက်မကျော်ဘူးဆိုတာ ညတွင်းချင်း ဆရာတော်တံခါး သွားခေါက်ပြီး လျောက်ရတယ်၊ညသန်းခေါင်းဖြစ်ပေစေ ဆရာတော်က စိတ်တော့ မဆိုးဘူး၊ဘွဲ့ပြော အေးအေးဆိုပြီးပြောပါတယ်၊အကျိုးအကြောင်း ရှင်းပြဖို့ အချိန်မပေးဘဲ တခါထဲ လက်ခါလိုက်လို့ တိုက်ကထွက်သွားရတယ်ဆိုရင် လူငယ်ဘ၀အနေနဲ့ အခက်ခဲတွေ အများကြီးရှိကြပါတယ်၊ ဆရာတော် ဦးရာဇဓမ္မာဘိဝံသရဲ့ တသက်တကျွန်း စာကျက်ဒဏ်က သာသနာအတွက်ဖြစ်ပါတယ်၊ ဆရာတော် ဦးသိရိန္ဒာဘိဝံသ လက်ခါတာကတော့ တချက်လွတ် ပြင်းထန်လွန်းတယ်လို့ထင်ပါတယ်၊ ဆရာတော်ကြီး နှစ်ပါးမှာ ဒဏ်ပေးပုံကို ကြည့်ရင် ဆိုးတဲ့ကောင်ကို ဆရာတော်ဦးသိရိန္ဒက နှင်ထုတ်တာကလွဲရင် အခြားဘာမှ မစဉ်းစားခဲ့ပါဘူး၊ဆရာတော် ဦးရာဇဓမ္မာဘိဝံသကတော့ ဆိုးတဲ့သူကို ကောင်းလာအောင်၊ ကောင်းလာရင် စာကြိုးစားလာအောင် အကောင်းဖက်ကိုရောက်ဖို့ တပည့်တွေအပေါ်မှာ အလွန်စေတနာ မေတ္တာဟာ ကြီးမားပါတယ်၊ဒါကြောင့်လည်း တပည့်များကို ဘယ်လိုကိုင်တွယ် ရမယ်ဆိုတာ အဖြေရှာရင်း အလွန်ဆိုးတဲ့ တပည့်များကိုယ်ပါ စာတတ်ပေတတ် ဖြစ်အောင်သင်ပေးခဲ့တယ်၊

အခုဆိုရင် ပြည်ပသာသနာပြုလုပ်ငန်းများကို တချိန်က မစိုးရိမ်မှာ ဆိုးခဲ့ပါတယ်ဆိုတဲ့ အရှင်များက ဆရာ့ကျေးဇူးကို လွမ်းတသသပါပဲ၊နှင်ထုတ်တာနဲ့စာရင် ဘယ်လို ကောင်းအောင်လုပ် ပေးရင်ရနိုင်မလဲဆိုတာ တပည့်တွေအပေါ်မှာ သဘောထားကြီးစွာနဲ့ ထားပေး ခဲ့တာပါ၊သဘောထားကြီးတဲ့ ရလဒ်ဟာ ဆိုးတဲ့သူတောင်မှ ကောင်းလာရင် ကောင်းပြီးသားက ပိုပြီး ကောင်းရုံသာရှိပါတယ်၊ အဲဒါကြောင့်လည်း သံဃာအားလုံးက လေးစားယုံကြည်တယ်၊သံဃာတွေ အပေါ် မှာလည်း ဆရာတော် သြဇာညောင်းတာဟာ ထူးခြားတဲ့ သီလ၊သမာဓိ၊ပညာ ဂုဏ်တွေက အမှန်တကယ် ရှိနေလို့ပါ သံဃာအချင်းချင်း ကြည်ညိုလေးစားမူရဖို.ဆိုတာ အလွန်ခက်ခဲတဲ့ ဂုဏ်တခုဖြစ်ပါတယ်၊ မစိုးရိမ် တိုက်ဟောင်း တိုက်သစ်နှစ်ခုလုံး ဆရာတော်ကြီးအသံကြားလိုက်ရရင် သံဃာတွေအားလုံး အသံကို မထွက်တော့ပါဘူး၊သံဃာများရဲ့ ကြည်ညိုလေးစားမူကို ရရှိထားတဲ့ ဆရာတော်ကြီးဖြစ်ပါတယ်၊၊

မစိုးရိမ်တိုက်ကြီးရဲ့ အထင်ကရ ဆရာတော်ကြီးဖြစ်တဲ့ ဦးကောဝိဒါဘိဝံသက သာသနာ့အန္တရာယ်ကို ကာကွယ်ဖို့သာသနာမောဠိသာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ကိုနယူးယောက် မြို့မှာ ပဏာမ အခြေတည်ပြီး ဖွဲ့စည်းခဲ့တယ်၊၂၀၀၇ ရွေဝါရောင်အပြီး ဆရာတော်ကြီးနဲ့ အမြဲမပြတ် တွေ့ဖြစ်တဲ့အခါမှာ ဥသျှောင်အဖွဲ့ကိစ္စနဲ့ စာကြမ်းရေးကာ ဆရာတော်ကိုပြတဲ့ချိန် မစိုးရိမ်ဆရာတော်လို့ ငါကိုမရေးနဲ့ မစိုးရိမ်မဟာနာယကဆိုတာဘဲရေးပါ၊မစိုးရိမ်မှာ ဆရာတော်မရှိဘူး မဟာနာယကအဖွဲ့ပဲ ရှိတယ် လို့ပြောခဲ့ပါတယ်၊ဒါဟာ ဘာကိုဆိုလိုလဲဆိုရင် အာဏာရှင်စနစ်မဟုတ်ဘူး ဆရာတော်ကြီး တပါးထဲက ဆုံးဖြတ်တာမဟုတ်ဘူး၊မဟာနာယကအဖွဲ့အဆုံးဖြတ်တိုင်း တိုက်ထဲမှာ လုပ်ကြတာဖြစ်တယ် သံဃဆန္ဒနဲ့ အညီ သံဃာအများသဘောတူညီမူနဲ့ လုပ်ဆောင်နေတာမို့ မစိုးရိမ်ဟာ ဒီမိုကရေစီ စနစ်ကိုတည်ဆောက်ခဲ့တာ နှစ်တစ်ရာပြည်ခဲ့ပါပြီ၊၊

မစိုးရိမ်ဆရာတော်ဆိုပြီးတော့ စာတွေဘာတွေထုတ်နေတာကို ကျန်တဲ့ နာယကတွေက တွေ့ရင် ငါက မစိုးရိမ်ဆရာတော်လုပ်နေပြီလို့ အထင်လွဲနေမယ်၊အဲတော့ စာထုတ်တိုင်း မစိုးရိမ်မဟာနာယကပဲ ရေးပါလို့ အလွန်ရိုးဂုဏ်ရှိတဲ့စိတ်ထားနဲ့ ရယ်ရယ်မောမောပြောခဲ့ဘူးပါတယ်၊၊

အမေရိကန်ပြည်ထောင်စုကို ဆရာတော် ဦးရာဇဓမ္မာဘိဝံသ ကြွလာချိန် ကင်တက်ကီပြည်နယ် ဘိုးလင်း ဂရင်းမြို့မှာ ပင့်လျောက်ကာ ပြုစုခွင့်ရလိုက်တယ်၊ကင်တက်ကီပြည်နယ်က ဒကာဒကာမများကို တရား ဟောရင်း ဒီမှာရောက်နေတဲ့ တိုင်းရင်းများရဲ့ လိုအပ်ချက်ရုံးကိစ္စများအပါဝင် ဘာသာစကား အခက်ခဲ ရှိနေသူ များကို ကူညီပေးတာလည်း သာသနာပြုတာပဲတဲ့၊ကလေးသင်တန်းလည်း မပျက်စေနဲ့ ယဉ်ကျေးအောင် ကလေးများကို သင်ကြားပေးဖို့ အထူးတိုက်တွန်း သြ၀ါဒပေးသွားခဲ့ပါတယ်၊အမေရိ ကန်သမ္မတကြီး လင်ကွန်း မွေးရာဒေသမှာ ဗုဒ္ဓေါဝါဒကျောင်း တည်ထောင်ခဲ့တယ်၊ဒါကြောင့်လည်း လင်ကွန်းမွေးကိုခဲ့တဲ့ သစ်လုံး အိမ်လေးကို လိုက်ပြရင်း ဆရာတော်က သစ်လုံးအိမ်ကို ခပ်ပြုံး ပြုံးနဲ့ ကြည့်နေတာကို သတိထားမိပါတယ်၊ ကြုံတောင့်ကြုံခဲ ဆရာတော်ကြီး စိတ်တိုင်းကျ ခေတ္တခဏပြုစုခွင့် ရလိုက်တာရယ် မတွေ့ရတာကြာပြီဖြစ်တဲ့ ဆရာတော်ကိုပြန်တွေ့ရချိန်မှာ စိတ်ထဲမှာ အရမ်းပျော်သွားခဲ့ပါတယ်၊ဆရာတော်အသံကို ကြားရင် ငယ်စဉ် ကလို ကြောက်တဲ့စိတ်ကတော့ အမေရိကန် ရောက်သည်ထိ ရှိနေသေးပါလားဆိုတာကို ကိုယ်စိတ်ကို သိလိုက် ရပါတယ်၊ဆရာတော်အပေါ်ရှိနေတဲ့ ယုံကြည်မူနှင့် ကြည်ညိုတဲ့မိမိရဲ့စိတ်တွေက ဘယ်တော့အခါမှ ပျောက်ပျက်မည်မဟုတ်ပါဘူး၊ဆရာတော်ကြီးကလည်း မစိုးရိမ်က တပည့်တွေအားလုံးအပေါ်မှာ မေတ္တာတရား အလွန်ကြီးပါတယ်၊ပြည်တွင်း ပြည်ပသွားလေရာမှာ တပည့်တွေက လက်ညိုးထိုးမလွဲမို့ တပည့်တွေကို ဘယ်နေရာမှာပဲ ဆုံပါစေ.. တပည့်တွေအပေါ်မှာ သံယောဇဉ်ကြီးတော့ မစိုးရိမ်ဆရာတော်ဟာ ခပ်ပြတ်ပြတ် တိုတိုလိုရင်းကို ဆုံးမသြ၀ါဒပေးလေ့ရှိပါတယ်၊

ဗုဒ္ဓသာသာနာတော်မှာ သာသနာပြုရမည့် မစိုးရိမ်တပည့်များအား စိုးရိမ် စရာမရှိအောင် မစိုးရိမ်ဆရာတော်က သင်ကြားပေးခဲ့ပါလားဆိုတာ ပြည်ပရောက်မှပိုပြီး သိလာပါတယ်၊ အမေရိကန်နိုင်ငံတွင်း သာသနာပြုရာမှာ ဒုက္ခမျိုးစုံ၊ပြဿနာအဖုံဖုံ၊ အလွာမျိုးစုံနှင့်ဆက်ဆံရ စိတ်ခေါ်မူမျိုးစုံကို ကျော်လွှားနိုင်ဖို့ ဆရာတော်ရဲ့ သြ၀ါဒ တွေက အင်အားဖြစ်ခဲ့ပါတယ်၊ဆရာတော်ဘုရားကြီးနှင့်တကွ မစိုးရိမ် နာယကဆရာတော်များ၊စာသင်သားအားလုံးရဲ့ ပရိယတ္တိစွမ်းအားကို လေးစားကြည်ညိုလျက်……….၊၊

ဆရာတော်ကြီးအား လက်ဆယ်ဖြာထိပ်မှာမိုး ရှိခိုးလျှက်

တပည့်
စန္ဒောဘာသာစာရ
ဗုဒ္ဓေါဝါဒကျောင်း
ဘိုးလင်းဂရင်းမြို့ ကင်တက်ကီပြည်နယ် အမေရိကန်ပြည်ထောင်စု
shwebofive@gmail.com   ဖုံး  001 270 303 5423


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts