ကဗျာ

ပျောက်ကျသွားသော နွေဦးအိပ်မက်

ဇော်ထက် (ပျဉ်းမနား)
ဒီဇင်ဘာ ၄၊ ၂၀၁၂
နွေမရယ်
တကယ်ကိုလှပ
လေညာအရပ်ကတမ်းချင်း
ပန်းခင်းကြီးမှာလေ
ပန်းမျိုးတွေကစုံလို့
ပန်းတို့က ကခုန်လို့
မွှေးရနံ့တွေလည်းသင်းထုံလို့
လိပ်ပြာတွေလည်း အရောင်စုံလို့
လိပ်ပြာတွေလည်း အတောင်စုံသမို့
ဖူးတံစို့စို့ကလည်း
ရိုးတံကြဲကြဲမှာ
မျှော်လင့်ဆဲ
မျှော်ဆဲ……………..။

ဗြုန်းကနဲ ဆိုကာလေ
အညာနွေဦးရဲ့ 
မြန်မာနွေဦး ဇာတ်လမ်းက
ညသန်းခေါင်ယံအဆုံးမှာ
လတန်ဆောင်မုန်း
ရှောင်ပုံးလို့မရ
မျက်နှာဖုံးအတင်းစွပ်ထားတဲ့
တော်သလင်းဖွတ်ကျားလည်း
ဘီလူးရုပ်ကဘွားကနဲ
ဘူးပေါ်သလိုပေါ်သွားခဲ့ပေါ့။

“ဘယ်ခွေးမှ လူမထင်ဘူး
ဘယ်သံဃာမှ လူမထင်ဘူး”
အရူးပါးပါး
အမူးသမားကညံ
သံသေးသံကြောင်
ခွေးဟောင်သံတွေနဲ့
အတွေးကြောင်ကာ
ငါနိုးလာခဲ့ရ
ပြန်အိပ်မရတော့
ဒေါသလျော့လည်း
နှမျောရပေါ့လေ
အညာနွေဦးအလှ
မြန်မာနွေဦးညရဲ့ 
အိပ်မက်လှလှများ
ပျောက်ကျသွားခဲ့ရပေါ့။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts