ကဗျာ

ကွယ်လွန်သူနှင်းများ… (Thit Kaung Eain)

ကွယ်လွန်သူနှင်းများ…

သစ်ကောင်းအိမ်၊ ဒီဇင်ဘာ ၂၊ ၂၀၁၂

လူ့အဖြစ်ဆိုတာ

တရက်တရက် ကိုယ်သေတွင်းကိုယ်နက်အောင်

တူးနေရတဲ့

ရက်စွဲတွေပေါ့…

ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ဖို့ကြွေးကြော်ရင်း

ရန်သူဖြစ်သွားတဲ့မိတ်ဆွေတွေကိုပဲ

မနက်လင်းတိုင်း

ဆေးလိပ်မီးခိုးတွေကြား

ဟာသ တခုလို

ငါကောက်ရ …

အဝီစိအထိဘရိတ်ပေါက်နေတဲ့

ကားတစင်းပေါ်မှာ

အဲဒီနေ့က

နေသာပုံမကြိုက်လို့

ပြတင်းပေါက်ပိတ်ထားလိုက်တာနဲ့ …

ယမမင်းရဲ့ဆုံလည်ကုလားထိုင်ပေါ်မှာ

ပြတင်းပေါက်ပိတ်လိုက်တိုင်း

အပြင်မှာ

မိုးတွေတိတ်မသွားခဲ့တာနဲ့ …

သံသရာဆိုတဲ့ ဘာဘီကျူးမီးပုံပေါ်မှာ

ယမ်းနံ့မကင်းတဲ့နှင်းတွေကို

သီချင်းလုပ်ဆိုရဦးတော့မယ့် ဒီဇင်ဘာ…။

 

သစ်ကောင်းအိမ်

၁၊ ၁၂၊ ၂၀၁၂

(ပုံ – ဦးသန္တာဘလော့ဂ်က ယူသုံးတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts