အင်တာဗျူး

မြန်မာပြည်က ဒီမိုကရေစီအင်အားစုကြီး ၂ ပိုင်း ကွဲသွားပြီလို့ ပြောတဲ့ အမေရိကန်က ကိုအောင်ဒင်နဲ့

မြန်မာပြည်က ဒီမိုကရေစီအင်အားစုကြီး ၂ ပိုင်း ကွဲသွားပြီလို့ ပြောတဲ့ အမေရိကန်က ကိုအောင်ဒင်နဲ့

မြန်မာပြည်က ကုမုဒြာသတင်းဂျာနယ် အင်တာဗျူး

ရက်စွဲ – နိုဝင်ဘာ ၂၀၊ ၂၀၁၂၊ စာမျက်နှာ ၁၈ နှင့် ၁၉ ကောက်နုတ်တင်ပြချက်

(ကိုအောင်ဒင်ရဲ့ ဘလော့ဂ်က ယူပါတယ်)
(၁) လက်ရှိမြန်မာနိုင်ငံရေး အပြောင်းအလဲဟာ ဘယ်လို အခြေအနေမှာရောက်နေတယ်လို့ ဦးအောင်ဒင် သုံးသပ်ချင်ပါသလဲ။

လမ်းဆုံလမ်းခွ တခုမှာ ရောက်နေတယ်လို့ သုံးသပ်ပါတယ်၊ လက်ရှိအစိုးရရဲ့ ရည်ရွယ်ချက်က စစ်တပ်ကို အာဏာအများအပြား အပ်နှင်းပြီး ဥပဒေရဲ့ အထက်ကနေ သီးခြားရပ်တည်ခွင့်ပေးထား တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်ဝင်အောင်၊ နိုင်ငံတကာက အသိအမှတ်ပြုအောင် လောက်ပဲ ဆောင်ရွက်နေတာမို့ လက်ရှိအပြောင်းအလဲ တွေဟာ ဒီထက်ပိုပြီး ရှေ့တိုးလိမ့်မယ် မထင်ပါ၊ ဒါပေမည့် ပြည်တွင်းက တက်ကြွတဲ့ လူထုအခြေပြု အဖွဲ့အစည်းများ၊ ကျောင်းသားများ၊ နိုင်ငံရေးပါတီများ နဲ့ သတင်းမီဒီယာတို့က ညီညီ ညွတ်ညွတ် ကြံ့ကြံ့ခိုင်ခိုင် နဲ့ တဝက်တပျက်ပွင့်နေတဲ့ တံခါး ကို အပြည့်အဝပွင့်အောင် စွမ်းဆောင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်နေပါတယ်၊ နာရီကို နောက်ပြန်လှည့်ချင်သူတွေ နဲ့ ရှေ့တိုးဖို့ တွန့်ဆုတ်တွေဝေနေသူတွေကို စိန်ခေါ်ရဲ၊ ရင်ဆိုင်ရဲရပါမယ်၊

(၂) US Campaign For Burma က နိုဝင်ဘာ ၇ရက်နေ့ ရက်စွဲ နဲ့ သမ္မတ ဘားရက်အိုးဘားမား ကိုရေးတဲ့ စာထဲမှာ  မြန်မာနိုင်ငံ ကိုမလာဖို့ အကြံပြု ထား တာကိုတွေ့ရပါတယ်။ သမ္မတ အိုဘားမား ရဲ့ ခရီးစဉ် က ဘယ်လို အကျိုးသက်ရောက် မှု မျိုးတွေ ဖြစ် လာစေမယ်လို့ ထင်ပါသလဲ။

အိုဘားမား ရဲ့ ခရီးစဉ်က “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုပြီး ဒီမိုကရေစီကို အကန့်အသတ်နဲ့ပဲ ပေးချင်တဲ့ ဦးသိန်းစိန်အစိုးရနဲ့ လူထုကို အကြမ်းဖက် နှိပ်စက်ပြီး တိုင်းပြည်ရဲ့ စီးပွါးရေး ကဏ္ဏကို ချုပ်ကိုင်ထားတဲ့ စစ်ခေါင်းဆောင်များ နဲ့ အလိုတော်ရိစီးပွါးရေးသမား များကိုသာ အကျိုးရှိပါလိမ့်မယ်၊ အိုဘားမား လာလို့ မြေသိမ်းခံ လယ်သမားတွေ သူတို့မြေပြန်ရမှာ မဟုတ်ပါဘူး၊ အလုပ်သမားတွေ အလုပ်ရှင်ထံက ရသင့်တဲ့အခွင့်အရေးတွေ ရမှာ မဟုတ်ပါဘူး၊ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲက လွတ်မှာမဟုတ်ပါဘူး၊ ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်မှာ မဟုတ်ပါဘူး၊ ရခိုင် ပြည်နယ်က ပဋိပက္ခတွေ ငြိမ်းအေးသွားမှာ မဟုတ်ပါဘူး၊ ဒါပေမည့် အမေရိကန် သမ္မတရဲ့ အမြင့်မားဆုံး ထောက်ခံမှုအနေနဲ့ ဦးသိန်းစိန် အတွက် အများကြီး အကျိုးရှိပါလိမ့်မယ်၊ တွေဝေနေ ဆဲဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုတ်နှံသူတွေလဲ ဒီခရီးစဉ်ကို အမေရိကန် သမ္မတရဲ့ အာမခံချက်လို့ ယူဆပြီး အလုအယက်ပြေးဝင်လာပါလိမ့်မယ်၊

(၃) ပြည်ပမှာနေခဲ့တဲ့ နိုင်ငံရေးသမားတွေ မြန်မာပြည်တွင်းကိုပြန်လာကြတယ်။ တချို့တွေလက်ရှိ အစိုးရနဲ့ လက်တွဲဆောင်ရွက် ကြတာတွေရှိတယ်။ဦးအောင်ဒင်ဘယ်လိုမြင်ပါသလဲ။

မှတ်ချက်ပေးစရာ မရှိပါ၊ တဖွဲ့ချင်း၊ တဦးချင်း ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် နဲ့ ရွေးချယ်မှု သာဖြစ်ပါတယ်။

(၄) လက်ရှိအစိုးရနဲ့ ညှိနိုင်းမှု တစ်စုံတစ်ရာ ရှိပါသလား။ လက်ရှိမြန်မာနိုင်ငံရေးမှာ US Campaign For Burma ရဲ့ အခန်း ကဏ္ဍဟာ ဘယ်လိုရှိပါသလဲ။

လက်ရှိအစိုးရနဲ့ ညှိနှိုင်းမှု တစုံတရာ မရှိပါ၊လက်ရှိအခြေအနေမှာ ကျနော်တို့ ရဲ့ တာဝန်တွေက ပိုပြီးများပြားလာပါတယ်၊ တချိန်တုံးက သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကနေ ဒီမိုကရေစီရေး နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအကောင်အထည် ဖော်ဖို့ တညီတညွတ်တည်း တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီ အင်အားစုကြီးက နှစ်ပိုင်းကွဲသွားပါပြီ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ပြည်တွင်း နိုင်ငံရေးပါတီများက လွှတ်တော်ထဲဝင်ပြီး အပြောင်းအလဲတွေ ဖြစ်အောင်ကြိုးစားဖို့၊ လွှတ်တော် ဘောင်ထဲကနေ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ဆိုတဲ့ လမ်းကို ရွေးချယ်လိုက်ကြပါပြီ၊ သူတို့အတွက် အဓိက စိန်ခေါ်မှုက ၂၀၁၅ ရွေးကောက်ပွဲပါ၊ အဲဒီရွေးကောက်ပွဲကနေ လွှတ်တော်ကိုယ်စားလှယ် ၇၅% ရဲ့ အများစုကို ရနိုင်မယ်ဆိုရင် ကျနော်တို့ မျှော်လင့်တဲ့ အပြောင်းအလဲများ အတွက် တစုံတရာမျှော်လင့်ချက်ရှိနေပါတယ်၊

တဖက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက အစိုးရရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အပြည့်အဝ လက်မခံပါဘူး၊ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ က သမ္မတ ဦးသိန်းစိန် ထံပေးပို့တဲ့ စာမှာ အတိအလင်းဖော်ပြထားပါတယ်၊ သူတို့အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို လက်ခံပေမဲ့  ဦးသိန်းစိန် တောင်းဆိုသလို လက်နက်တွေစွန့်၊ ပါတီထောင်၊ ရွေကောက်ပွဲဝင်၊ ဖွဲ့စည်းပုံကို လွှတ်တော်ထဲရောက်မှပြင် ဆိုတာကို လက်မခံနိုင်ပါဘူး၊ ထာဝရခိုင်မြဲမဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲ တွေအရင်လုပ်ပြီး အားလုံးလက်ခံနိုင်တဲ့ အဖြေကိုရှာကြဖို့၊ အဲဒီဆွေးနွေးပွဲရလာဒ်တွေက ပေါ်ထွက်လာမည့် တိုင်းရင်းသားလူမျိုးများရဲ့ အခြေခံရပိုင်ခွင့်တွေကို လက်ရှိလွှတ်တော်က ပြင်ဆင်ပြဌာန်းပေးဖို့၊ အဲဒီတော့မှပဲ သူတို့ တပ်တွေဖျက်သိမ်းပြီး ပါတီနိုင်ငံရေး လုပ်မယ် ဆိုပြီး အကြောင်းကြားထားပါတယ်၊

ဆိုတော့ ကျနော်တို့က နှစ်ဘက်စလုံး ရဲ့ရည်မှန်းချက်တွေအောင်မြင်ရေး ကူညီဖို့ နဲ့ နှစ်ဘက်ရဲ့ လုပ်ငန်းစဉ်တွေကို တနေရာရာမှာ ပေါင်းစုံနိုင်အောင် အားပေးဖို့ ဆောင်ရွက်နေပါတယ်၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆိုချက်က မြေပေါ် နိုင်ငံရေးပါတီများရဲ့ ၂၀၁၅ ရွေးကောက်ပွဲထက်ပိုပြီး နီးကပ် နေချိန်မှာ ဒီတိုင်းရင်းသားခေါင်းဆောင်များရဲ့ အသံ နဲ့ တောင်း ဆိုချက်တွေကို အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရများက သိရှိဖို့၊ နားလည်ဖို့၊ သူတို့တွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ တရားမျှတတဲ့ တောင်းဆိုချက်တွေကို ထောက် ခံအားပေးဖို့ ဆောင်ရွက်နေပါတယ်၊

တခါ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ ရှေ့ကို ဆက်လက် ရွေ့လျားပြီး ကျနော်တို့အားလုံး မျှော်လင့်ရာ ပန်းတိုင်ကိုရောက်ဖို့မှာ ပြည်တွင်းက လူထုအခြေပြုအ ဖွဲ့အစည်းများရဲ့ အခန်းကဏ္ဏဟာ အင်မတန်အရေးကြီးတာမို့ ဒီအဖွဲ့အစည်းများကို တတ်နိုင်သမျှ ထောက်ပံ့ကူညီနေပါတယ်၊

တခါ မြန်မာနိုင်ငံတွင်းမှာ ရင်းနှီး မြှုတ်နှံကြမည့် အမေရိကန်လုပ်ငန်းရှင်တွေကိုလဲ သူတို့ရဲ့ ရင်းနှီးမြှုတ်နှံမှုတွေဟာ အာဏာရှင်တွေ၊ စစ်ခေါင်းဆောင်တွေ၊ အလိုတော်ရိစီးပွါးရေး သမားတွေ ရဲ့ အကျိုးစီးပွါးတွေမဖြစ်စေဖို့ နဲ့ မြန်မာပြည်သူလူထုအပေါ် အမှန်တကယ်အကျိုးရှိစေဖို့ သတိပေးတာ၊ တိုက်တွန်းတာ၊ စောင့်ကြည့် ဝေဘန်တာတွေ လုပ်နေပါတယ်၊

တခါ ကုလသမဂ္ဂမှာ ဆိုရင် မြန်မာနိုင်ငံအခြေအနေဟာ တိုးတက်ကောင်းမွန်နေပြီမို့ နှစ်စဉ် နှစ်တိုင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ဝေဘန်သုံးသပ်တဲ့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေ၊ လူ့အခွင့်အရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက်တွေ မလိုအပ်တော့ဘူး၊ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်၊ လူ့အခွင့်အရေးကောင်စီ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တွေ ဆက်လက်ခန့်အပ်ဖို့ မလိုတော့ဘူး ဆိုပြီး ထိုင်းi အိန္ဒိယ စတဲ့ အာရှနိုင်ငံအစိုးရများက လှုံ့ဆော်ကန့်ကွက်နေတာ ရှိပါတယ်၊ ဒါကို ကျနော်တို့ လက်မခံပါ၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေဟာ စိုးရိမ်နေရဆဲ အခြေအနေမှာ ရှိနေသေးတာ မို့ ကုလသမဂ္ဂ အထွေထွေညီလာခံ နဲ့ လူ့အခွင့်အရေးကောင်စီ ရဲ့ ဆက်လက် စောင့်ကြပ်ကြည့်ရှူမှု လိုအပ်သေးတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်၊ ဒါကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံ နဲ့ လူ့အခွင့်အရေးကောင်စီ ကနေ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေ အနေနဲ့ ပါတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ဆက်လက်ချမှတ်နိုင်ဖို့ ကြိုးစားနေပါတယ်၊

ဒီတော့ မြန်မာနိုင်ငံတွင်းမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်နေပြီမို့ ကျနော်တို့ အဖွဲ့အစည်း ဆက်လက်တည်ရှိဖို့ မလိုတော့ဘူးလို့ တချို့က ထင်ကြပေမည့် လက်တွေ့မှာတော့ ကျနော်တို့မှာ တာဝန်တွေ ပိုတောင်များလာပါတယ်၊

(၅) ဦးအောင်ဒင် အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သတ် တဲ့ အမေရိကန် နိုင်ငံခြားရေးပေါ်လစီ ကိုအခုချိန်မှာ ဘယ်လို ဖြစ်စေချင်ပါသလဲ။အကြံပေးခွင့် ရရင်ဘယ်လို ပေးမလဲ။

ကျနော်တို့က အမေရိကန်အစိုးရကို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ ပါတ်သက်ပြီး တလျှောက်လုံးအကြံပေးနေတာပါ၊ အောင်မြင်တာလဲ ရှိ၊ မအောင်မြင်တာလဲ ရှိတာပေါ့၊ အဓိက အကြံပေးတာကတော့ မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆက်ဆံတာရယ် ဖိအားပေးတာရယ် ကို ပေါင်းစပ်ကျင့်သုံးဖို့ပါ၊ ဖိအားကြီးပဲ ပေးနေလို့လဲ အလုပ်မဖြစ်ပါဘူး၊ ဖိအားမပေးပဲ တဝက်တပြက်အပြောင်းအလဲကို ဆုလာဒ်တွေ ပေးပြီး ချီးမွန်းနေရင်လဲ အလုပ်ဖြစ်မယ် မထင်ပါ။ ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲများကို ဖန်တီးရာ၊ နိုင်ငံရေး ပြဿနာများကို အဖြေရှာရာမှာ တိုင်းရင်းသားလူမျိုးစုများနဲ့ လူထုအခြေပြုအဖွဲ့အစည်းများရဲ့ အရေးပါမှု အခန်းကဏ္ဏကို အသိအမှတ်ပြုဖို့နဲ့ သူတို့ ရဲ့ အသံတွေကို လေးလေးစားစားနားထောင်ပြီး အမေရိကန်အစိုးရရဲ့ မူဝါဒချမှတ်ရာမှာ အလေးအနက် ထည့်သွင်းစဉ်းစားဖို့ပါ၊

တချိန်က အမေရိကန်အစိုးရက ဆီးရီးယား သမ္မတ အာဆဒ် ကို အပြောင်းအလဲလုပ်မဲ့ခေါင်းဆောင်အဖြစ် မျှော်လင့် ယုံကြည်ခဲ့ဘူးပါတယ်၊ အဲဒီလို ထပ်မမှားစေချင်ပါ၊ အမေရိကန်မူဝါဒအမှားမှာ တကယ်ခံစားရမှာက မြန်မာနိုင်ငံက ပြည်သူတွေပါ၊

(၆) ၁၉၈၈ တုန်းက အတူလက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ အခု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ လက်ရှိ အခန်းကဏ္ဍ ကိုဘယ်လိုမြင် ပါသလဲ။ အနာဂတ် မှာ သူတို့ရဲ့ အခန်းကဏ္ဍ နဲ့ပတ်သတ်လို့ ဘယ်လိုမြင်ချင်ပါသလဲ။ တချို့ကသူတို့ကို နိုင်ငံရေး ပါတီတစ်ခု တည်ထောင် စေချင်ကြ ပါတယ်။ ဘယ်လိုမြင်ပါသလဲ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များဟာ တချိန်က ကျနော့်ရဲ့ ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့ပေမည့် အခုတော့ သူတို့ဟာ ကျနော့်ရဲ့ ခေါင်းဆောင်တွေပါ၊ တိုင်းပြည်ရဲ့ အပြောင်းအလဲအတွက် ကျနော် သူတို့ကို အပြည့်အဝ အားကိုးပါတယ်၊ ယုံကြည်ပါတယ်၊ ၂၄ နှစ်အတွင်း သူတို့ရဲ့ လှုပ်ရှားမှု၊ အနစ်နာခံမှု၊ ဖြတ်သန်းမှုတွေက သူတို့ဟာ ပြည်သူလူထုအပေါ် သစ္စာရှိပြီး တိုင်းပြည်ကို ဦးဆောင်နိုင်သူများ ဖြစ်ကြောင်း သက်သေပြနေပါပြီ၊ သူတို့ကို ကျနော်တို့ တိုင်းပြည်ရဲ့ ခေါင်းဆောင်များအဖြစ် မြင်ချင်ပါတယ်၊ ကျနော့် ဆန္ဒကို သူတို့ကိုလဲ ပွင့်ပွင့်လင်းလင်းပြောထားပါတယ်၊

 တချိန်က (၁၉၈၈ က) ကျနော်တို့ ဗကသ များအဖွဲ့ချုပ်က မြေပေါ်တဝက်-မြေအောက်တဝက် ဆက်လက်ရပ်တည်ပြီး မြေပေါ်လှုပ်ရှားမှုအတွက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ထောင်သလိုမျိုးပေါ့၊ အခုလဲ ပေါ်ဦး (မင်းကိုနိုင်) နဲ့ သူ့လိုပဲ လူမှုရေးလုပ်ငန်းစိတ်ဝင်စားသူများက ၈၈ မျိုးဆက်ကျောင်းသားများအဖြစ် ဆက်လက်ရပ်တည်ပြီး ကိုကိုကြီး၊ ဌေးကြွယ် အပါအဝင် နိုင်ငံရေးလှုပ်ရှားမှု စိတ်ဝင်စားသူများက နိုင်ငံရေးပါတီ တခု တည်ထောင်သင့်ပါတယ်၊

ကျနော့်မှာ ခံယူချက်တခု ရှိပါတယ်၊ ၁၉၈၈ လူထုအရေးတော်ပုံကြီးကို ကျနော်တို့ ကျောင်းသားများက စတင်စည်းရုံးအကောင်အထည်ဖော်ခဲ့တာပါ၊ လူထုကြီးကို သန်းနဲ့ချီပြီး မြန်မာနိုင်ငံတဝှမ်းက မြို့တွေရဲ့ လမ်းတွေပေါ် စည်းရုံးခေါ်ဆောင်ပြီး ဒီမိုကရေစီ တောင်းဆိုခဲ့ပေမည့် မအောင်မြင်ခဲ့ပါဘူး၊ အခုထိလဲ မအောင်မြင်သေးပါဘူး၊ ဒါကြောင့် ကျနော်တို့အားလုံးမှာ ကိုယ်စခဲ့တဲ့ ဇာတ်ကို အောင်မြင်အောင် အဆုံးသတ်ပေးနိုင်ဖို့ မပြီးပြတ်သေးတဲ့ တာဝန်တွေရှိနေပါတယ်၊

 ကျနော်ကတော့ အဝေးကနေ ဒီတာဝန်ကို ကျေပြွန်အောင် မဆောင်ရွက်နိုင်ပါဘူး၊ ကျနော့် သူငယ်ချင်းများ၊ ကျနော့်ခေါင်းဆောင်များက ဒီ မပြီးပြတ်သေး တဲ့တာဝန်တွေ အပြီးသတ်ပေးနိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်နေပါတယ်၊

(၇) ဦးအောင်ဒင် အမြင်မှာ သမ္မတဦးသိန်းစိန် အစိုးရ ရဲ့ လုပ်ဆောင်ချက် တွေကို အားသာချက် တွေနဲ့ အားနည်းချက် နှစ်မျိုးစလုံးကို ဝေဖန်ပြပါဦး။

အားသာချက်လို့ ပြောနိုင်တာကတော့ ရိုးသားမှုပေါ့၊ နှစ် ၂၀ ကျော်တိုင်းပြည်ကိုရော ကမ္ဘာကိုရော တိုင်းပြည်ကြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်နေပါတယ်လို့ လိမ်လည်လှည့်ဖျားနေကြ အစဉ်အလာကနေ ဖောက်ထွက်ပြီး တိုင်းပြည်ရဲ့စီးပွါးရေးကြပ်တီးမှု၊ ခတ်နောက်ကျကျန်ခဲ့မှုတွေကို ဝန်ခံတာ၊ ပြည်တွင်းစစ် ရှိကြောင်းဝန်ခံပြီး ပြည်တွင်းငြိမ်းချမ်းရေး မရမချင်း တိုင်းပြည်မတိုးတက်နိုင်ဘူးလို့ အသိအမှတ်ပြုတာ၊ အစိုးရယန္တရားတခုလုံးကို လှိုက်စားနေတဲ့ အကျင့်ပျက်မှု၊ လာဒ်စားမှုတွေ ရှိကြောင်း ဝန်ခံတာ၊ အတိုက်အခံတွေနဲ့ အတိုင်းအတာတခုအထိ လက်တွဲလုပ်ရမယ်လို့ နားလည်တာ တွေက ရိုးသားပွင့်လင်းတယ်လို့ အသိအမှတ်ပြုရမှာပါ၊

အားနည်းချက်ကတော့ ဒီပြဿနာကြီးတွေကို ဖြေရှင်းဖို့ ကြိုးစားရာမှာ တွေဝေတွန့်ဆုတ်တာ၊ မပြတ်သားတာ၊ ရဲရင့်မှု မရှိတာတွေပါပဲ၊

ဆိုပါတော့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်၊ အကုန်မဟုတ်ဘူး၊ ချန်ထားသေးတယ်၊ ပြီးတော့ နိုင်ငံရေးအကျဉ်းသားရှိတယ်လို့ ဘယ်တုန်းကမှ ဝန်မခံဘူး

 မြစ်ဆုံဆည်စီမံကိန်းကို သူ့သက်တမ်းအတွင်းမှာ ရပ်ဆိုင်းတယ်၊ အပြီးတိုင်မဖျက်သိမ်းရဲဘူး၊ မြစ်ဆုံဆည်လိုပဲ အရေးကြီးတဲ့၊ တနိုင်ငံလုံးကအကြီးအကျယ် ကန့်ကွက်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကိုတော့ ဝင်မပါတ်သက်ရဲဘူး၊ ဘာကြောင့်လဲ ဆိုတော့ အဲဒီ စီမံကိန်းက စစ်တပ် ရဲ့ ဦးပိုင် က ဆောင်ရွက်နေတဲ့ လုပ်ငန်းမို့လို့။

 ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ သူ့ရဲ့ ဦးဆောင်မှု ညံ့ဖြင်းမှုကြောင့်ပိုပြီး ကြီးမားလာတယ်လို့ ကျနော် ယူဆတယ်၊ သူ့မှာ အတိုင်ပင်ခံတွေ အများကြီး ခန့်ထားတယ်၊ ဒါပေမည့် အဲဒီ အကြံပေးတွေကို အုပ်စုအမျိုးမျိုးခွဲထားပြီး သူကတော့ နီးစပ်ရာလူ အကြံပေးတာကို လိုက်လုပ်တယ်၊အဲဒီမှာတင် လွဲတာတွေ အများကြီးပဲ၊

အမေရိကန် သမ္မတမှာလဲ အကြံပေးတွေအများကြီးရှိတယ်၊ ဒါပေမည့် အုပ်စုတွေ ကွဲမနေဘူး၊ ခွဲမထားဘူး၊ အကြောင်းအရာတခုကို သမ္မတ နဲ့ သူ့အကြံပေးအားလုံး တပြိုင်တဲ ဆွေးနွေးကြတယ်၊ ညင်းခုန်        ကြတယ်၊ ကိစ္စတခုအပေါ်မှာ ကောင်းတဲ့ ဘက်ကရော၊ ဆိုးတဲ့ ဘက်ကရော တင်ပြတာတွေကို သမ္မတက အကြေအလည် နားထောင်ပြီးမှ အကောင်းဆုံးကို ရွေးချယ် ဆုံးဖြတ်တယ်၊ သမ္မတက ဆုံးဖြတ်ပြီးရင်လဲ လက်အောက်ခံအဖွဲ့အစည်းများက ဆက်လက်အကောင်အထည်ဖော်ဖို့ပဲ၊

အခု မြန်မာ သမ္မတ ဖြစ်နေတာက ဦးသိန်းစိန် စိတ်ဝင်စား တဲ့ ကိစ္စတခု၊ ဖြေရှင်းရမည့်ပြဿနာ တခုရှိရင် အကြံပေးတွေ အများကြီး ရှိတဲ့ အထဲက သူစိတ်ကူးတည့်ရာ နှစ်ယောက်၊ သုံးယောက်ကို ခေါ်တယ်၊ သူတို့ပြောတာနားထောင် တယ်၊ သူ ကြိုက်ရင် အမိန့် ဖြစ်လာတယ်၊ တခါ တခါ အကြံပေး တယောက်မှတောင် မခေါ်ပဲနဲ့ သူ့ရုံးက ညွှန်ကြားရေးမှူးအဆင့်လောက်နဲ့ တိုင်ပင်ဆုံးဖြတ်တယ်၊ဒါပေမည့် သက်ဆိုင်ရာ ဋ္ဌာနများ၊ ပြည်နယ်၊ ဒေသကြီး အစိုးရများကဆက်လက်အကောင်အထည်ဖော်ရာမှာ အတိအကျ လိုက်နာမှူမရှိဘူး၊

(၈) ပြီးခဲ့တဲ့ နှစ် ၂၀ကျော်ကာလ အတွင်း မြန်မာနိုင်ငံရေး အတိုက်အခံအင်အားစု တွေ ရဲ့ တိုက်ပွဲလမ်းကြောင်း ကိုပြန်သုံးသပ်ရင် ဘယ်နေရာ တွေမှာအားနည်း ခဲ့တယ်လို့ ဦးအောင်ဒင် သုံးသပ်မလဲ။

အဲဒီ အကြောင်းတွေကို စာအုပ်တအုပ်ရေးဖို့ ကြိုးစားနေပါတယ်၊ ဒီနေရာမှာတော့ မပြောချင်ပါ၊
(၉) ၂၀၁၅ ခုနှစ်မှာ ဖြစ်နိုင် ချေရှိတဲ့ မြန်မာနိုင်ငံရေး ကိုကြိုတင်သုံးသပ် ပြစေချင်ပါတယ်။

အခုဖြစ်နေတဲ့ အပြောင်းအလဲ တွေဟာ တိုးတက်မှု မရှိရင်တောင် ၂၀၁၃ နဲ့ ၂၀၁၄ အထိ နောက်ပြန်မလှည့်လောက်ပါ၊ ၂၀၁၃ မှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ နဲ့ ကမ္ဘာ့စီးပွါးရေးညီလာခံ ရှိပါတယ်၊ ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ဖို့ရှိပါတယ်၊ ၂၀၁၅ မှာတော့ စိုးရိမ်စရာ ဖြစ်လာပါလိမ့်မယ်၊ အဲဒီအချိန်လောက်မှာ နိုင်ငံတကာ ဖိအားပေးမှု၊ ဆန်ရှင်များအားလုံး အပြီးတိုင် ရုတ်သိမ်းပြီးလောက်ပါပြီ၊ နိုင်ငံတကာ စီးပွါးရေးလုပ်ငန်းများလဲ မြန်မာနိုင်ငံတွင်းမှာ ခိုင်ခိုင်မာမာ အခြေချပြီး ဖြစ်နေလောက်ပါပြီ၊ အဲဒီ အချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲက လာပါပြီ၊

အဲဒီ ရွေးကောက်ပွဲကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလိုပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်လို့မရပါ၊ အဲဒီ ရွေးကောက်ပွဲမှာ အဖွဲ့ချုပ် နဲ့ မဟာမိတ်ပါတီများက လွှတ်တော် နှစ်ရပ်စလုံးမှာ အရွေးချယ်ခံ ကိုယ်စားလှယ် ၇၅ % ရဲ့ အများစုကို အနိုင်ရရင် ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် ရဲ့ ဥက္ကဋ္ဌ နေရာများ၊ပြည်ထောင်စုလွှတ်တော် ရဲ့ နာယက နေရာများရမှာ ဖြစ်တဲ့ အပြင် ဒီမိုကရေစီအင်အားစုများဘက်က သမ္မတလောင်း နှစ်ယောက် တင်သွင်းခွင့်ရမှာပါ၊ တယောက်က သမ္မတ ဖြစ်လာပြီး အစိုးရအဖွဲ့ကို ဦးဆောင်လို့ နောက်တယောက်က ဒုသမ္မတ ဖြစ်လာပါလိမ့်မယ်၊ ဒီလိုအခြေအနေမျိုးကို စစ်တပ် နဲ့ ကြံ့ဖွံ့ က ခွင့်ပြုလိမ့်မယ်မထင်ပါ၊

ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲကနေ ကြံ့ဖွံ့ရဲ့ အာဏာ မထိပါးအောင် အသဲအသန် ကြိုးစားကြမှာပါ၊ အဲဒီလို ကြိုးစားရာမှာ ကောင်းကောင်းမွန်မွန် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါ၊ညစ်ပါတ်တဲ့ နည်းပေါင်းစုံနဲ့ ကြံ့ဖွံ့အနိုင်ရရေး ကြိုးစားပါလိမ့်မယ်၊ စစ်တပ်ကလဲ ရခိုင် ပဋိပက္ခလိုလူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ကိုအကြောင်းပြူပြီး ရွေးကောက်ပွဲကို ဖျက်တာ၊ ဒါမှမဟုတ် ရွေးကောက်ပွဲရလာဒ်ကို ညင်းပယ်တာမျိုး လုပ်နိုင်ပါတယ်၊ ဒါကြောင့် ၂၀၁၅ ဟာ အင်မတန် စိုးရိမ်စရာကောင်းတဲ့ ကာလတခု ဖြစ်လိမ့်မယ်လို့ ထင်ပါ တယ်၊

(၁၀) ဘယ်လို အခြေအနေမျိုး မှာ မြန်မာပြည်တွင်းကို ပြန်လာဖြစ်မယ်လို့ ဆုံးဖြတ်ထားပါသလဲ။

လောလောဆယ်တော့ ပြန်လာဖို့မရှိသေးပါ၊ ပြန်လာနိုင်ဖို့ လုံလောက်တဲ့ အခြေအနေကောင်းများ ရှိလာပါစေလို့ မျှော်လင့်ပါတယ်၊

(ဓာတ်ပုံ – မိုးမခ၊ San Francisco Burmese Community – Save Irrawaddy Forum 2011 ပွဲမှာ တွေ့ရတဲ့ ကိုအောင်ဒင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts