မျက်မှောက်ရေးရာ သူတို့အာဘော်

ကျနော့်မျက်ဝန်းကို ထိမှန်ခဲ့သော မျက်ရည်ယိုဗုံး – article by Nai Kyaw

နိုင်ကျော်
နိုဝင်ဘာ ၂၉၊ ၂၀၁၂

“ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမဲ့နေ့ မတိုင်ခင် နာရီပိုင်းအလို တန်ဆောင်မုန်းလပြည့်ည သန်းကောင်ကျော်မှာ အရေးပေါ် အင်အားသုံး ဖြိုခွဲခဲ့မှုတွေ ဖြစ်ပေါ်ခဲ့တာပါပဲ”


တန်ဆောင်မုန်းလပြည့်ညဟာ ဘုရားရှင်ဟာအဇာတသတ်မင်းကို သာမည ဖလ (ရဟန်းပြုခြင်းအကျိုး) သုတ္တန် ဒေသနာတော် ဟောကြားတော်မူခဲ့သောနေ့ဖြစ်ပါတယ်။

မာဂဓတိုင်းဘုရင် အဇာတသတ်ဟာ သူယုတ်မာ ဒေ၀ဒတ်စကားကို လိုက်နာပြီး သောတပန်အရိယာဖြစ်တဲ့ ခမည်းတော် ဗိမ္မိသာရမင်းကြီးကို ခြေဖ၀ါးဓားနဲ့ ခွဲ၊ ဆားနှင့်သိပ်ပြီး မသေသေအောင် သတ်ခဲ့တဲ့ သူတယောက်ပါ။ တန်ဆောင်မုန်းလပြည့်ညဟာ ဒေ၀ဒတ်မင်းဟာ သာမညဖလ တရားတော်ကို နာယူပြီးတဲ့နောက် သူ့ရဲ့ ကျူးလွန်ခဲ့တဲ့ အမှားကို နောင်တ ဖြစ်ပြီး သတိတရားရလာတဲ့ ညတညပါပဲ…

သို့ပေမယ့် ကျနော်တို့နိုင်ငံရဲ့ အုပ်စိုးသူ ဗုဒ္ဓဘာသာ ၀င်များကတော့ အကျွတ်တရားမရနိုင်သေးပါလား၊ ဒေ၀ဒတ်လို လူတွေကို ဆရာတင် ပေါင်းသင်းပြီး အမိုက်ဇတ် ဆက်ခင်းနေတုန်းပါလား…

ဒီတန်ဆောင်းမုန်းလပြည့်ည ညသန်းကောင်ကျော်အချိန်မှာပဲ သံဃာတော်များကို မီးသတ်ပိုက်နဲ့ ထိုး၊ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ဖမ်းဆီး ခဲ့ကြတယ်။ မီးလောင်ဗုံးတွေနဲ့ ပစ်ပြီး မီးလောင်တိုက်သွင်းခဲ့တယ်။

သံဃာတော်တွေ အပါး ၄၀ လောက်အပါအ၀င် လူ ၁၀၀ လောက် မီးလောင်ဒဏ်ရာရခဲ့တယ်။ ပျောက်ဆုံးနေသူများလည်း ရှိနေသေးပါတယ်။

အခြေခံက လူယုတ်မာတွေနဲ့ပေါင်းပြီး ကိုယ့်ပြည်သူအကျိုးကို လျစ်လျူပြုခဲ့တာက စတာဖြစ်ပါတယ်။

ဝမ်ပေါင်နဲ့ ဦးပိုင် ကုမ္ပဏီတို့က စီမံကိန်းမစမီကတည်းက ဒေသခံတွေကို အသိမပေးမှု၊ ညှိနှိုင်းမှု လုံးဝမရှိတာက စခဲ့တာလို့ ပြောရမှာပါ။ အကျိုးသက်ရောက်မှုတွေကိုလည်း ပြည်သူတွေကို ချပြတာတွေ မလုပ်ခဲ့တာတွေဟာ ဒေသခံတွေအတွက် ခံပြင်းစရာဖြစ်လာစေခဲ့တယ်။

ဒါ့အပြင် မလိမ့်တပတ် ပြုလုပ်မှုများလည်း ရှိခဲ့တာပါ။ အစမှာ လယ်ယာမြေများအပေါ် စမ်းသပ်ခြင်း၊ ယာဉ်များဖြတ်သွားခြင်းတို့အတွက် တနှစ်သီးနှံထွက်ရှိနှုန်း ၃ နှစ်စာလျှော်ပေးတာလို့ ပြောခဲ့ပေမယ့် အခုအခါမှာတော့ ဒါဟာ နှစ်ပေါင်း (၆၀) အတွက် လျှော်ကြေးဖြစ်နေပါတယ်။
ဒီနည်းအတိုင်း ၂၆ ရွာမှ လယ်မြေဧကပေါင်း ၇၈၀၀ ကိုသိမ်းဆည်းခဲ့တာပါ။ သားစဉ်မြေးဆက်လုပ်စားလာခဲ့တဲ့ မြေယာတွေကို ၃ နှစ်စာပေးပြီး သိမ်းယူလိုက်တာဟာ သူတို့ရဲ့ ဘ၀တွေကို ပျက်သွားရမယ့် သဘောလို့ သိလာကြတယ်။

လက်ပံတောင်းတောင်စီမံကိန်းဟာ လုပ်ကွက် မြေဧရိယာမှာ ၁၅၀၀ ဆိုသော်လည်း သက်ရောက်ဧရိယာက အဆပေါင်းများစွာရှိခဲ့ပါတယ်။ ဒါ့အပြင် ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းတွေရဲ့ သက်ရောက်မှု၊ ဓာတုပစ္စည်းတွေ သုံးစွဲတာတွေရဲ့ သက်ရောက်မှုတွေ များစွာရှိတာပါ။ ဒေသခံတွေဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာနေတာကို တဖြေးဖြေးသိလာကြပါတယ်။
ဥပမာ လက်ရှိအခြေအနေမှာ ရေတွင်းများခန်းခြောက်ခြင်း၊ သောက်ရေပျက်စီးခြင်း တို့ဟာ လက်တွေ့ကြုံတွေ့ရတဲ့ ဒုက္ခတွေပါ။

နောက် သာသနာ့နယ်မြေတွေ ဆုံးရှုံးခံရမှာကို စိုးရိမ်ကြတာလည်း အရေးကြီးတဲ့ ကိစ္စတခုပါ။

ဒီအခြေအနေ သုံးခုကို အခြေခံပြီး ဆန္ဒထုတ်ဖေါ်မှုတွေ ဖြစ်ပေါ်လာခဲ့တာပါပဲ။ အစိုးရဖက်က ညှိနှိုင်းမှုတွေ မပြုလုပ်တာကြောင့် သပိတ်အဖြစ်ပြောင်းလဲပြီး ကြီးမားလာတာဖြစ်ပါတယ်။

ဒါကို အစိုးရအနေနဲ့ ပြေလည်စွာရှင်းပေးဖို့လိုပါတယ်။ လွှတ်တော်ထဲထိရောက်လာတဲ့အခါမှာတော့ တာဝန်ရှိသူများက တဖက်သတ်ရှင်းလင်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ သို့သော်လည်း ဒီအခြေအနေတွေကို လေ့လာဖို့ ကော်မတီဖွဲ့ရေးကို လက်ခံသဘောတူလိုက်ရတယ်။ ဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာမယ်ဆိုတာဖြစ်လာတော့တာပါပဲ။
ဒီအတွင်းမှာပဲ ဆင်သေကို ဆိတ်သရေနဲ့ဖုံးဖို့အတွက် သစ်ပင်တွေ သယ်လာပြီး စိုက်ပေးထားတာတွေလုပ်ခဲ့ပေမယ့်လည်း ဟန်ပြသက်သက်သာဖြစ်တယ်ဆိုတာကို လူထုက သိထားပြီးဖြစ်လို့ အရာမထင်ခဲ့ပါဘူး။

နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမဲ့နေ့မတိုင်ခင် နာရီပိုင်းအလို တန်ဆောင်မုန်းလပြည့်ည သန်းကောင်ကျော်မှာ အရေးပေါ် အင်အားသုံး ဖြိုခွဲခဲ့မှုတွေ ဖြစ်ပေါ်ခဲ့တာပါပဲ။ ဒီလိုအကြမ်းဖက်တိုက်ခိုက်ရာမှာ အာဏာပိုင်တွေဟာ အဓိက အင်အားလို့ ယူဆတဲ့ သံဃာတော်တွေ ရှိတဲ့ သပိတ်စခန်း ၃ ခုကို ပစ်မှတ်ထား တိုက်ခိုက်တော့ကြတယ်။

အခုတော့ သံဃာတော်တွေမှာ မျက်ရည်ယိုဗုံးနဲ့ပစ်ခံရ၊ မီးသတ်ပိုက်နဲ့ ထိုးခွဲခံရ၊ မီးလောင်ဗုံးနဲ့ ထုခံရ၊ မီးလောင်ဒဏ်ခံရ၊ နံပါတ်ဒုတ်စာမိသူမိနဲ့ ခေါင်းပေါက်သူပေါက်၊ ဆေးရုံရောက်သူရောက်၊ ပျောက်သူပျောက် နဲ့ အဇာတသတ်များရဲ့ ကမ်းကုန်အောင် ရမ်းကားမှုတွေကို ခံနေတာ အတော်ကို စိတ်မချမ်းမြေ့စရာပါပဲ…

ဆက်တိုက်ဆက်တိုက် ၀င်လာနေတဲ့ သတင်းတွေကို ရင်ဘတ်နဲ့ မခံစားနိုင်လောက်အောင် လျှံထွက်လာခဲ့တယ်..

ရက်စက်လွန်းတဲ့၊ စာနာစိတ်ကင်းမဲ့လွန်းတဲ့၊ ကောက်ကျစ်လွန်းတဲ့ အဇာတသတ်များရဲ့ ပစ်လွှတ်လိုက်တဲ့ မျက်ရည်ယို ဗုံးစတွေဟာ သံဃာတော်များသာမက ဒေသခံတွေရဲ့.. ပြည်သူတွေရဲ့.. မျက်ဝန်းကို ထိမှန်ခဲ့ပါပြီ..

ကျနော့်မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့…

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

3 thoughts on “ကျနော့်မျက်ဝန်းကို ထိမှန်ခဲ့သော မျက်ရည်ယိုဗုံး – article by Nai Kyaw
  1. ဗြောင်လိမ်၊ ကလိန်ကကျစ်၊ ဘာသာမရှိ သူတို့ကိုယ်ကျိုးစီးပွားအတွက်ဆိုရင် ပြည်သူကို နှိပ်စက်ဖို့လည်း ၀န်မလေး၊ သံဃာကို မီးလောင်တိုက်သွင်းဖို့လည်း လက်မရွံ့တဲ့ အဇာတသတ်ထက် မိုက်တဲ့လူမိုက်များကြီးစိုးတဲ့ နိုင်ငံမှာ လူဖြစ်ရတာ တကယ်ကို လူဖြစ်ရှုံးလွန်းပါတယ်

  2. ဖေဖေ တယုတ်ကြီး ကို မထိနဲ့ ။ မီးပွင့်သွားမယ် ။

  3. ကိုယ်ပြည်တွင်းရေးကို စည်းလုံးအောင်တည်ဆောက်နိင်တဲ့ အရည်အချင်းမရှိ။ဗိုလ်ချူပ်အောင်ဆန်း ပြောသလို ဟိုလူ
    မျက်နာချိုသွေးရ ဒီလူသွေးရနင့် မြန်မာပြည်လည်း တရုတ်ပြည်ဖြစ် ဖာတစ်ပိုင်းဖြစ်နင့် အခုလည်း အသိမရှိ အောက်
    တန်းကျသော လုပ်ရပ်များဖြင့် ပြည်သူတွေကို အကြမ်းဖက်နေပြန်ပြီ။ဘင်လာဒင်နင့် ဘာထူးလဲ။

Comments are closed.