ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

တူယှဉ်နွှဲပျော် နာရေးကထိန်ပွဲတော်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
နိုဝင်ဘာ ၂၇၊ ၂၀၁၂
 

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် တစ်နှစ်တာ ကာလပတ်လုံး အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး အစရှိသည့် ကိစ္စရပ်များ ထမ်းဆောင်ပေးဆပ်လျှက်ရှိရာ၌ မြန်မာ့ ရိုးရာ (၁၂) ရာသီပွဲတော်များကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ အသင်းသား/ သူများတို့သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုကာ စည်းလုံးညီညွတ်စွာ အားကြိုးမာန်တက် စီစဉ် ဆောင်ရွက်၍ ပျော်ရွှင်စွာဖြင့် ဆင်နွှဲကြပေသည်။

၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ် (လှည့်လည်)နိုင်ရန် အတွက် ၂၄.၁၁. ၂ဝ၁၂ ရက်နေ့ ညနေပိုင်းမှစတင်ကာ ပဒေသာပင် စီရီခြင်း၊ လှည့်လည်မည့် မော်တော် ယာဉ်များ ပြင်ဆင်မှု၊ ပင့်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ရန်အတွက် ပြင်ဆင်မှုများအပြင် ယင်းနေ့ ည (၇းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ တည်ဆောက်ပြီးစီးတော့မည့် Function Hall (သုခခန်းမ)၌ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဝါသနာရှင် လူငယ်မောင်မယ်များတို့၏ သီဆိုဖျော်ဖြေမှု၊ Gungnam Style အကဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မျိုးဆက်သစ်များတို့၏ ဖျော်ဖြေမှုနှင့် သုခမျိုး ဆက်သစ် ကုသိုလ်တော်အနုပညာအဖွဲ့၏ “သုခကုသိုလ်တော်အငြိမ့်” အစီအစဉ် များတို့ဖြင့် ဖျော်ဖြေခဲ့ကြရာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးသို့ တေးသံရှင် – ပိုပို၊ သက်မှူး ဟေသီ၊ သရုပ်ဆောင် – ပိုင်လေး အစရှိသည့် ဧည့်သည်အဆိုရှင်များ တို့မှလည်း လာရောက်၍ ဂုဏ်ပြုသီဆိုခဲ့ကြသည်။ ပထမပိုင်း အငြိမ့်ဖျော်ဖြေမှုအဖြစ် “သုခကုသိုလ်တော် အငြိမ့်” အကမင်းသား – စိန်သန်းငွေ၊ လူရွှင်တော် – မြေစွတ်၊ ပြောင်ပြောင်၊ မောင်သိန်း(အနိစ္စ)၊ တင်ကိုကိုပြောင်၊ ဝဏ္ဏထွန်း၊ ကျော်ဇောလင်း၊ ဇော်ထူးအောင်၊ ရှေ့ထွက်မင်းသမီး- ခင်ညီညီ (သုခဝတီ) နှင့် မင်းသမီးချော- ခင်ရီရီ (အထူးဧည့်သည်တော်)၊ ခေါင်းဆောင်မင်းသမီး- ငြိမ်းငြိမ်း တို့ဖြစ်ကြပြီး ဒုတိယ ပိုင်း အငြိမ့်ဖျော်ဖြေမှုအဖြစ် “ရွှေညီကိုတို့အဖွဲ့” ကောင်းကျော်၊ ထက်ထက်၊ ချာလီ၊ ကံပွင့် အစရှိသည့် အငြိမ့်ဖျော်ဖြေမှုတို့အား ဂီတမှူး- ဦးညီညီနှင့် မဟာရန်ကုန်သရဖူစိန်ဗိုလ်ဆင့် မင်္ဂလာဆိုင်းအဖွဲ့မှ မေတ္တာ ဖြင့် ကူညီတီးခတ်ကြပြီး ၂၅.၁၁.၂ဝ၁၂ ရက်နေ့ နံနက် (၃း၃ဝ) နာရီအချိန်တွင် ဖျော်ဖြေခြင်းအား စည် ကားသိုက်မြိုက်စွာဖြင့် အများပြည်သူတို့ကို ကပြဖျော်ဖြေခဲ့ခြင်းဖြင့် အောင်မြင်စွာအဆုံးသတ်ခဲ့သည်။

 
 
 

၂၅.၁၁.၂ဝ၁၂ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် ပဒေသာပင်စုစုပေါင်း (၁၅) ပင်တို့အား မော် တော်ယာဉ် (၁၈) စီးတို့ဖြင့် ရန်ကုန်မြို့တွင်း ဆူးလေစေတီတော်မြတ်နှင့် ရွှေတိဂုံစေတီတော်မြတ်တို့အား လှည့်လည်ခဲ့ပြီး နောက် နံနက် (၉း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည် ရောက်ရှိခဲ့သည်။ စုပေါင်းမဟာဘုံကထိန် ကထိန်ညှပ်သင်္ကန်းနှင့် ပဒေသာပင်များအား လှူဒါန်းဆက်ကပ် ရန်အတွက် ဝဋ်ကြွေးတော်ပြေဆရာတော်ကြီး ဘဒ္ဒန္တသီရိပါလနှင့်တကွ တွံတေးဆရာတော် ဘဒ္ဒန္တဣန္ဒက၊ အင်းရဲ မင်္ဂလာမာန်အောင်ကျောင်းတိုက် ဘဒ္ဒန္တနန္ဒ၊ တက္ကသီလာကျောင်းတိုက် ဘဒ္ဒန္တကောဝိဒ၊ ပြည်မြို့၊ ရွှေပေါက်ပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမာစာရ၊ ဧရာဝတီတိုင်း၊ ညောင်တုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကျွန်းဦးခတ္တိယ၊ ဧရာဝတီတိုင်း၊ လပွတ္တလုပ်ကလေး၊ မော်ကျွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလ အရှင်သူမြတ်တို့အား နေ့ဆွမ်ဆပ်ကပ်၍ စုစုပေါင်းတန်ဖိုးငွေ ၄၃၈၃ဝဝဝိ/- (လေးဆယ့် သုံးသိန်းရှစ်သောင်းသုံးထောင်) ကျပ်တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများအား မဲဖောက်လှူဒါန်း ကာ ရေစက်သွန်းချခဲ့ပါသည်။ တွံတေးဆရာတော်နှင့် ရွှေပေါက်ပင်ဆရာတော်တို့သည် ခရီးလွန်နေ၍ ကြွရောက်လာခြင်း မရှိ၍ လှူဖွယ်ပစ္စည်းများအား ကျောင်းတိုက်သို့အရောက် ပို့ဆောင်လှူဒါန်း ပေးခဲ့ပါ သည်။

 
 

ထို့ပြင်နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီး တွင် အင်တိုက်အားတိုက်ဖြင့် လာရောက်၍ ကုသိုလ်ဖြစ် ပံ့ပိုးကူညီ တီးခတ်ကပြ သီဆိုဖျော်ဖြေခဲ့ကြသော ရွှေညီကိုတို့အငြိမ့်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့၊ မဟာရန်ကုန်သရဖူစိန်ဗိုလ်ဆင့် မင်္ဂလာဆိုင်းအဖွဲ့၊ အသံပိုင်း ဆိုင်ရာ ကိုမိုးဇော် (Hifi)၊ မိတ်ကပ်ပိုင်းဆိုင်ရာ ခင်မောင်ချစ် (ခ) အငဲ၊ ဂီတမှူး- ဦးညီညီ၊ ကိုတေဇတို့နှင့် အကနည်းပြဆရာ ဘိုဘို တို့အား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပြန်လည်ချီးမြှင့် ပေးအပ်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ လုပ်အားပေး အသင်းသား/သူများ၊ အလုပ် အမှုဆောင်များတို့သည် နေ့စဉ်နေ့တိုင်း သောကအပူမီးများဖြင့် ကြုံတွေ့နေခဲ့ရ၍ ယခုကဲ့သို့ ဘာသာရေး ပွဲတော်တစ်ခုဖြစ်သော ကထိန်ပွဲတော်နေ့ရက်တွင် ခေတ္တခဏအပူမီးများကို ငြိမ်းသတ်နိုင်ခဲ့ကြကာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မခိုမကပ် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကူညီခဲ့ကြသည့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊ အသင်းသား/သူများတို့နှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြု လိုက်ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts