ရေခြားမြေခြား မြန်မာများ နိုင်ငံတကာရေးရာ

ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ စုပေါင်းလှူဒါန်းမည်

ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ စုပေါင်းလှူဒါန်းမည်

မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၂၆၊ ၂၀၁၂

စက်တင်ဘာ ၂၉ ရက်နေ့က ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲအခမ်းအနားကို အခြေပြုပြီး ဒေသခံ အများပြည်သူတို့က မြန်မာပြည်ရှိ ပညာဒါနနှင့် လူမှုရေးလုပ်ငန်းတခုဖြစ်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ရည်စူးလှူဒါန်းမှုများ ပြုလုပ်ရန် အဆိုပါအခမ်းအနားကျင်းပရေးကော်မီတီက နိုးဆော် ဆောင်ရွက်ခဲ့ကြရာ ယခုအခါတွင် အလှူငွေများ စာရင်းပြုစုပြီး လှူဒါန်းရန် အဆင်သင့်ဖြစ်ပြီ ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်ကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် ထူထောင်ထားသော လူမှုရေးဖောင်ဒေးရှင်းတခုဖြစ်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အဆိုပါ ကောက်ခံရရှိသည့် အလှူငွေများကို ရည်စူးလှူဒါန်းမှုများကို ပြုလုပ်ရန် စီစဉ်နေပြီဟု အဆိုပါအလှူငွေများ လွှဲအပ်ရန်အတွက် တာဝန်ယူထားသူတဦးဖြစ်သည့် ကိုတိုးလွင်က မိုးမခကို ပြောကြားသည်။

စက်တင်ဘာ ၂၉  ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်နိုင်ရန်အတွက် ဒေသခံအများပြည်သူတို့က ၀ိုင်းဝန်းမတည် လှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြရာတွင် အဆိုပါ အလှူငွေများကို အခမ်းအနားကော်မီတီက စာရင်းပြုစုလက်ခံခဲ့ပြီး အခမ်းအနားကျင်းပရေးအတွက် သုံးစွဲခဲ့ရာတွင် အခမ်းအနားကို လက်ခံကျင်းပပေးသူ ဆန်ဖရန်စစ္စကိုတက္ကသိုလ်က အခမ်းအနားကုန်ကျစာရိတ်များကို အများဆုံး တာဝန်ယူခဲ့သဖြင့် ကျန်ရှိနေသော အလှူငွေများကို မြန်မာပြည်တွင်းရှိ လူမှုရေးဖောင်ဒေးရှင်းတို့ထံ ရည်စူးလှူဒါန်းမည်ဟု ကော်မီတီ၏အများဆန္ဒ ရယူခဲ့ကြသည်ဟု ဆိုသည်။ ထို့နောက် အဆင့်ဆင့် တိုင်ပင်ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည် ထူထောင်ပေးထားသော မြန်မာပြည်တွင်းရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြဟု သိရသည်။ ထိုကဲ့သို့ စီစဉ်ခဲ့ရာ ယခုနိုဝင်ဘာ လကုန်တွင် စုပေါင်းလှူဒါန်းရန် အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း သိရှိရသည်။ စုဆောင်း ရရှိ လှူဒါန်းသည့် ပမာဏကို မကြာမီထုတ်ပြန်မည်ဟု ဆိုသည်။

(Photo – SUU-SF Event, 29th Sept 2012, San Francisco, USF)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts