သန်းဝင်းလှိုင်

သမိုင်းတကွေ့ မှ ဦးမေအောင်

သန်းဝင်းလှိုင်
နိုဝင်ဘာ ၂၅၊ ၂၀၁၂
 မော်လမြိုင်မြို့ ရှင်မဟာဗုဒ္ဓဃောသကျောင်း ကျောင်းအုပ်ဆရာကြီး၊ မြန်မာနိုင်ငံသုတေသနအသင်း စတင်တည် ထောင်သူ၊ ဧချင်း(၁၂)စောင်ကို တည်းဖြတ်ထုတ်ဝေသူ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ၊ Burman အင်္ဂလိပ်သ တင်းစာ အယ်ဒီတာ၊ ဥပဒေပြုအဖွဲ့အတွင်းရေးမှူး၊ အစိုးရရှေ့နေ၊ တက္ကသိုလ်ကောင်စီနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး၊ ပြည်ထဲရေးဝန်ကြီးချုပ် စသည့် တာဝန်အမျိုးမျိုးကို ထမ်းရွက်ခဲ့သော စွယ်စုံထူးချွန်သူဦးမေအောင်ကို ၁၈၈၀ ပြည်နှစ် ဇန်န ဝါရီလ ၆ ရက်နေ့တွင် စစ်တွမြို့၌ ရခိုင်အမျိုးသားဖြစ်သော အဖဦးသာဒိုးဖြူ၊ အမိဒေါ်နှောင်းဒွေးတို့မှ ဖွားမြင်ခဲ့သည်။ ငယ် စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်၍ ဦးလေးတော်သူ ငွေစာရင်းမင်းကြီး ဦးလှအောင်က တာဝန်ယူစောင့်ရှောက်ခဲ့ရသည်။ ဦးလှအောင် ထိုစဉ်က အိန္ဒိယနိုင်ငံ ကလကတ္တား (ယခု ကိုးလ်ကတား)မြို့တွင် ငွေစာရင်းမင်းကြီးလုပ်နေသည်။

ထို့ကြောင့် ဦးမေအောင်သည် ကာလကတ္တားမြို့တွင် စတင်ပညာသင်ကြားခဲ့ရသည်။ တက္ကသိုလ်ဝင်စာမေးပွဲကိုမူ ရန်ကုန်အစိုးရ အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ပညာရည်ထူးချွန်သူဖြစ်သဖြင့် “ရနောင်းဆု” (ကာနယ်ရနောင်း ကို အစွဲပြု၍ မှည့်ခေါ်ထားသော ကော့သောင်းမြို့အနီးရှိ ရနောင်းမြို့ဝန်ဆု)ကို ရရှိခဲ့သည်။ ရန်ကုန်ကောလိပ် F.A (ဥပစာ တန်း)တွင်လည်း ထူးချွန်စွာအောင်မြင်၍ “ဂျာဒင်းဆု” (Jardine Prize)ကို ရရှိခဲ့သည်။ ဂျာဒင်းဆုမှာ မြန်မာနိုင်ငံ တရားရေး ရာ ဝန်ရှင်တော်မင်းကြီးဖြစ်ခဲ့သော ဂျာဒင်းကို အစွဲပြု၍ ဂုဏ်ပြုချီးမြှင့်သောဆု ဖြစ်သည်။ ဦးမေအောင်သည် ဘီအေနောက် ဆုံးနှစ်ကို ၁၈၉၈ ခုနှစ်တွင် စာမေးပွဲဖြေဆိုခါနီး ကျန်းမာရေးမကောင်းသောကြောင့် မဖြေလိုက်ရပေ။

ယင်းနောက် မြိတ်မြို့ အစိုးရအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ထို့နောက် မော်လမြိုင်မြို့ ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာကြီးအဖြစ် ပြောင်းရွှေ့လုပ်ကိုင် သည်။ ၁၈၉၉ ခုနှစ်တွင် မော်လမြိုင်မြို့ ရမ္မာပူရစာပုံနှိပ်တိုက်ပိုင်ရှင် ဦးလွန်းဖြူ၊ ဒေါ်မေမေတို့၏သမီး ဒေါ်သိန်းမြင့်နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ဒေါ်သိန်းမြင့်သည် နာမည်ကျော် မွန်အမျိုးသား စစ်ကဲကြီး ဦးထော်လေး၏ မြေးတော်သူဖြစ် သည်။

၁၉၀၀ ပြည့်နှစ်တွင် ဦးမေအောင် ကျောင်းအုပ်အဖြစ်မှ နှုတ်ထွက်၍ ရန်ကုန်မြို့သို့ အလုံရပ်ရှိ ဦးရွှေအို၏ သစ်နှင့် စပါး ကိုယ်စားလှယ်အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ၁၉၀၂ ခုနှစ်တွင် ဒုတိယရှေ့နေစာမေးပွဲ အောင်မြင်သည်။ မော်လ မြိုင်တွင် ၂ နှစ်ခန့် ရှေ့နေလိုက်သည်။ ထို့နောက် အင်္ဂလန်ပြည် ကိန်းဘရစ် တက္ကသိုလ်သို့ သွားရောက်ပညာသင်ကြားခဲ့ သည်။ ကိန်းဘရစ်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (M.A)နှင့် ဝတ်လုံတော်ဘွဲ့ကို ရရှိခဲ့သည်။ ပညာထူးချွန်ခဲ့သောကြောင့် ဘီဂန်းဒက်ရွှေတံဆိပ် ရရှိခဲ့သည်။ ၁၉၀၇ တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။

ဦးမေအောင်သည် အင်္ဂလန်ပြည်၌ ပညာသင်ကြားနေစဉ် အိန္ဒိယအမျိုးသား နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ ဆုံခဲ့သည်။ ယင်းတို့၏ အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှု၊ အမြင်ကျယ်မှုများကို များစွာအားကျခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရေး လောကကို စတင်မျက်စိဖွင့်ပေးသော ဆရာတော်ဦးဥတ္တမထံ၌လည်း နိုင်ငံရေးသြဝါဒ ခံယူခဲ့သည်။

ဦးမေအောင်သည် ရန်ကုန်သို့ပြန်လည်ရောက်ရှိလာသောအခါ မြန်မာနိုင်ငံတို့ နိုင်ငံရေးနိုးကြားစပြုလာသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအချိန်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A) စတင်တည်ထောင်ခါစလည်း ဖြစ်သည်။ ဦးမေအောင်သည် ဝိုင်အမ်ဘီအေတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ သူရိယဦးဘဘေ (ဘကြီးဘဘေ)နှင့်အတူ အနယ်နယ်အရပ်ရပ်သို့ လှည့်လည်၍ ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်ခဲ့သည်။ မြို့နယ်အသင်းခွဲပေါင်း ၄၀ ကျော်အထိ ဝိုင်အမ်ဘီအေအသင်းကြီးသည် တိုးတက်လာခဲ့သည်။ ဦးမေအောင်အား ၁၉၁၆ တွင် ဗုဒ္ဓကလျာဏယုဝအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။

၁၉၁၇ ခုနှစ် နိုဝင်ဘာလတွင် ဦးမေအောင်သည် ဝိုင်အမ်ဘီအေအသင်းကြီး ကိုယ်စားလှယ်အဖြစ် အိန္ဒိယပြည် ဆိုင်ရာ အတွင်းဝန်မွန်တေဂူ၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည် ကာလကတ္တားမြို့သို့ သွားရောက်ခဲ့သည်။ အဖွဲ့ဝင်မျာအ ဖြစ် ဦးဘဘေ၊ မင်းတိုင်ပင်အမတ် ဦးဖေနှင့် မန္တလေးမှ ဝတ်လုံဦးစုတို့ ပါဝင်ကြသည်။

ထိုစဉ်က မြန်မာနိုင်ငံသည် အိန္ဒိုယပြည်၏ ပြည်နယ်တစ်ခုအဖြစ် နယ်ချဲ့တို့က အတင်းအဓမ္မ သွတ်သွင်းထား သည့်အချိန် ဖြစ်သည်။ ထို့ကြောင့် ဦးမေအောင်တို့အဖွဲ့သည် မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထွက်၍ အုပ်ချုပ်ရေးအဆင့်အတန်း တိုးမြှင့်ပေးရန် အရေးဆိုကြလေသည်။

၁၉၂၂ တွင် အင်္ဂလိန်ပြည် ကိန်းဘရစ်တက္ကသိုလ်မှ “မြန်မာဗုဒ္ဓဘာသာဝင်ဥပဒေ” (မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ) စာတမ်းဖြင့် ဥပဒေမဟာဝိဇ္ဇာ (L.L.M)ဘွဲ့ ရရှိခဲ့သည်။

ဦးမေအောင်သည် ခေတ်ပညာတစ်ခုတည်းကိုသာ လေ့လာလိုက်စားသူ မဟုတ်ပေ။ ဘာသာတရားကို လေးစား ကိုင်းရှိုင်းသည်။ သူ အင်္ဂလန်ပြည်မှ အမ်အေ(M.A)ဘွဲ့ရပြီး ပြန်လာသောအခါ ဆရားကြီးဦးဖေမောင်တင်သည် ဘီအေပင် မအောင်သေးပေ။ ဦးဖေမောင်တင် ရန်ကုန်ကောလိပ်တွင် ပါဠိပါမောက္ခဖြစ်လာသောအခါ မြန်မာလူမျိုးတစ်ယောက်အနေ ဖြင့် ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရသည်။ ဦးမေအောင်၏အဒေါ် မင်းကြီးကတော် ဒေါ်မြမေက “ဆရာတင်ကို ဘိလပ်လွှတ်ပြီး ဗုဒ္ဓဘာ သာတရားတွေ ပြောခိုင်းရမယ်ကွယ်”ဟု မကြာခဏ ပြောလေ့ရှိသည်။

ထိုအခါ ဦးမေအောင်က “ကျုပ်တို့ ဆရာတင်ဟာ ဗမာလည်းဖြစ်တယ်။ ပါဠိကျမ်းတွေလည်း ဒါလောက်တောင် တတ်ကျွမ်းထူးချွန်လျက်ကနဲ့ ယေရှုခရစ်ဘာသာဝင်ဖြစ်နေတာ နာသဗျာ”ဟု မချင့်မရဲ ပြောခဲ့လေသည်။

ဦးမေအောင်သည် ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးသော ဥပဒေပါမောက္ခဖြစ်သည်။ ဥပဒေအကြံပြုအဖွဲ့ အတွင်းရေးမှူး၊ အစိုးရရှေ့နေ၊ တက္ကသိုလ်ကောင်စီနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး၊ တရားလွှတ်တော်တရားသူကြီး စသည့် ရာထူးအဆင့်ဆင့် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ ထို့အပြင် ဦးမေအောင်သည် “ဘားမင်း”(The Burman) အင်္ဂလိပ် စာသတင်းကို ဦးစီးထုတ်ဝေခဲ့သည်။

မြန်မာနိုင်ငံ သုတေသနအသင်းကိုလည်း စတင်တည်ထောင်သူများ၌ တစ်ဦးအပါအဝင်ဖြစ်သည်။ လူငယ်များ၏ အားကစားလုပ်ငန်းများတွင်လည်း အားပေးကူညီခဲ့လေသည်။ မြန်မာနိုင်ငံ သုတေသနအသင်း၏ဂျာနယ်တွင်လည်း ပညာ ရပ်ဆိုင်ရာ စာတမ်း၊ ဝေဖန်ချက်၊ ဆွေးနွေးချက်များ ရေးသားခဲ့သည်။

၁၉၁၂ တွင် ဧချင်းဟောင်း (၁၂)စောင်တွဲကို ဆရာလွန်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)၏ အကူအညီဖြင့် တည်းဖြတ်ပုံနှိပ်ထုတ်ဝေခဲ့သည်။

၁၉၁၄-၁၉တွင် အင်္ဂလိပ်ဘာသာဖြင့် A Selection of Leading Cases on Buddish Law (ဗုဒ္ဓဥပဒေသ) စာအုပ် သုံးတွဲကို ရေးသားထုတ်ဝေခဲ့သည်။ ထို့အပြင် Twenty Century Impression of Burma “Burmese Manners and Customs” (၁၉၁၀)ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။

၁၉၂၄ ခုနှစ်တွင် ဒိုင်အာခီခေတ် ပထမဆုံး ပြည်ထဲရေးဝန်ကြီး ဆာမောင်ခင် ကွယ်လွန်သောအခါ ဦးမေအောင် သည် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည်။

ဦးမေအောင်သည် ဒေါ်သိန်းမြနှင့် သားသမီးသုံးယောက် ထွန်းကားခဲ့သည်။ သားကြီးသာဒိုးအောင်၊ သားလတ် ထွန်းလှအောင် (ရဲဗိုလ်ချုပ်(၁၉၀၂-၁၉၆၀)၊ သမီးမမြစိန် [M.A., B.Litt (Oxford)] တို့ဖြစ်သည်။ သားကြီး သတိုးအောင်မှာ ဉာဏ်ပညာထက်မြက်သော်လည်း ဘီအေနောက်ဆုံးနှစ်တွင် ကွယ်လွန်ခဲ့သည်။ သားလတ်ထွန်းလှအောင်သည် စီအိုင်ဒီရဲ စုံထောက်မင်းကြီး၊ ရဲဗိုလ်ချုပ်(ယခု ရဲချုပ်) စသည်ဖြင့် မြန်မာနိုင်ငံအုပ်ချုပ်ရေး ရဲဝန်ထမ်းနယ်ပယ်၌ ထင်ရှားခဲ့သူဖြစ်သည်။ သမီးငယ်မမြစိန်မှာနောင်တွင်သမိုင်းပညာရှင်အဖြစ်ထင်ရှားခဲ့သောရန်ကုန်တက္ကသိုလ်သမိုင်းကထိကဒေါ်မြစိန်ဖြစ်သည်။

ဦးမေအောင်သည်၁၉၂၆ဇွန်လ၂၅ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ရုတ်တရက် ကွယ်လွန်သွားခဲ့လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts